လေပေါ်ပျံနိုင်သည့်ကားကို Tesla ကုမ္ပဏီ စတင်မိတ်ဆက်
Pika (NSS) - အောက်တိုဘာ ၁၆
ဆယ်စုနှစ်တစ်ခုနီးပါး ကြန့်ကြာခဲ့ပြီးနောက် တွန်းကန်အားပေးစနစ်တပ်ဆင်ထားသည့် Roadster ကားသစ်ကို Tesla ကုမ္ပဏီက စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။အဆိုပါကားကို (၂၀၂၈)ခုနှစ်တွင် စတင်ဖြန့်ချိရောင်းချရန်စီစဉ်ထားကြောင်း Tesla ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အီလွန်မတ် က ပြောကြားခဲ့သည်။
အီလွန်မတ်သည် ဟူစတန်မြို့အနောက်မြောက်ဘက် မိုင်(၂၀၀)အကွာ တက္ကဆက်ပြည်နယ် မက်ဂရီဂေါ်မြို့ရှိ SpaceX စက်ရုံတွင် အဆိုပါ လေပေါ်ပျံနိုင်သည့်ကားကို စတင်မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါပွဲကို Tesla ကားစိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့အထဲတွင် ကားထွက်လာပါက ပိုင်ဆိုင်ခွင့်ရရန်အတွက် လွန်ခဲ့သည့်အချိန်(၉)နှစ်တည်းက အမေရိကန်ဒေါ်လာ(၂၅၀၀၀၀)စရန်ငွေပေးသွင်းထားသူများလည်းပါဝင်ကြောင်း သိရသည်။
မျက်မြင်သက်သေများ၏ အဆိုအရ Roadster ကားသည် ဇောက်ထိုးမောင်းနှင်ပြခြင်း၊ဘေးချင်းယှဉ်ရပ်ထားသည့် Tesla ကား(၅)စီးကို ကျော်ဖြတ်ခုန်ကူးခြင်း နှင့် SpaceX တွန်းကန်အားပေးစနစ်များကို အသုံးပြု၍ လေထဲတွင် ကိုယ်ထည်တစ်ခုလုံးကို လည်ပတ်လှည့်ပတ်ပြခြင်းတို့ကဲ့သို့ ထူးခြားသောလှုပ်ရှားမှုများကို ပြသခဲ့ကြောင်းသိရသည်။

သို့သော်လည်း အဆိုပါလေပေါ်ပျံနိုင်သည့်ကားကို အများပြည်သူလမ်းမကြီးပေါ်တွင် မောင်းနှင်ရန် ဥပဒေအရ ခွင့်ပြုချက်ရရှိနိုင်မလားဆိုသည့်အချက်မှာ မေးခွန်းတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။
အီလွန်မတ်က "ဒါက လမ်းမကြီးတွေပေါ်မှာ တကယ်မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီကားကတကယ်ကိုအသုံးပြုနိုင်မယ့် ကားတစ်စီးဖြစ်လာမှာပါ။ နေရာဒေသတိုင်းရဲ့ ဥပဒေတွေအရ တရားဝင်ဖြစ်မလားဆိုတာတော့ သေချာမပြောနိုင်ပေမယ့် ဒီကားက လူတစ်ယောက်ပိုင်ဆိုင်နိုင်မယ့် ကားမျိုးတော့ဖြစ်လာမှာပါ” ဟု ပြောခဲ့သည်။

Tesla ကုမ္ပဏီ၏ ပြောကြားချက်အရ Roadster ကားသည် တွန်းကန်အားပေးစနစ်များကို အသုံးပြုပါက အချိန်တစ်စက္ကန့်အတွင်း အမြန်နှုန်း သုညမှ တစ်နာရီလျှင်မိုင်(၆၀)အထိ အရှိန်မြှင့်တင်နိုင်ပြီး အမြန်ဆုံးအမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် မိုင်ပေါင်း(၂၃၀)အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရှိ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ သေဆုံး
RELATED POSTS
08 Nov 2026 | နည်းပညာ,နိုင်ငံတကာ
06 Nov 2026 | နည်းပညာ,နိုင်ငံတကာ
03 Nov 2026 | နည်းပညာ,နိုင်ငံတကာ
