ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကျောင်းခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံး
ရောင်နီ (NSS) - အောက်တိုဘာ ၁၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှဝါမြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်းက ကျောင်းခေါင်မိုးပြိုကျခဲ့ရာ ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ပြီး လူ (၃၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောကြားပါတယ်။
ပီရှဝါမြို့ရှိ Lady Reading ဆေးရုံမှပြောရေးဆိုခွင့်ရှိသူ အာဆင်ခန်းရဲ့ပြောကြားချက်အရ ဒဏ်ရာရရှိသူတွေထဲက ခြောက်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

အပေါ်ထပ်ခေါင်မိုးတစ်ခု အောက်ထပ်စာသင်ခန်းပေါ် ပြိုကျခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေ ရောက်ရှိချိန်မှာ အဆောက်အအုံ အစိတ်အပိုင်းတွေ ပျက်စီးကာ ကျောင်းသားတွေ အပျက်အစီးတွေအောက် ပိတ်မိနေခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘီလာလ် အာမက် ဖိုင်ဇီက ပြောကြားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာကိုလူနာတင်ယာဉ် (၁၆) စီး၊ သဘာဝဘေးတုံ့ပြန်ရေးယာဉ် နှစ်စီးနဲ့ ကယ်ဆယ်ရေးဝန်ထမ်း (၆၀) ကျော် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အကြောင်းရင်းဟာ အဆောက်အအုံဆောက်လုပ်ရာမှာ အရည်အသွေးမမီတဲ့ပစ္စည်းတွေ အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုခဲ့ပြီး တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှဟ်ဘတ် ရှရစ်ဖ် ကလည်း လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကာ သေဆုံးသူတွေရဲ့မိသားစုဝင်တွေကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ ကလည်း အခုဖြစ်ရပ်ကို အလွန်ဝမ်းနည်းဖွယ်ဖြစ်ရပ်အဖြစ် ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အဆောက်အအုံနဲ့ခေါင်မိုးပြိုကျမှုတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိပြီး အဆောက်အအုံဘေးကင်းလုံခြုံရေးစံနှုန်း အားနည်းခြင်းနဲ့ အရည်အသွေးမမီတဲ့ဆောက်လုပ်ရေးပစ္စည်းတွေ အသုံးပြုခြင်းတို့ဟာ အဓိကအကြောင်းရင်းတွေအဖြစ် ရှုမြင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်တွင် ငွေကျပ်(၈)ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
