မလေးရှားကျောင်းတွေမှာ (၆) လအတွင်း အနိုင်ကျင့်မှုဖြစ်စဉ် (၄,၀၀၀) ကျော် မှတ်တမ်းတင်ခဲ့
ရောင်နီ (NSS) - အောက်တိုဘာ ၁၆
မလေးရှားနိုင်ငံရှိ ကျောင်းတွေနဲ့ ဘော်ဒါဆောင်တွေမှာ ၂၀၂၆ ခုနှစ် မတ်လမှ ဩဂုတ်လအတွင်း ကျောင်းသားအချင်းချင်း အနိုင်ကျင့်မှုဖြစ်စဉ် ၄,၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ မလေးရှား ပညာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
အဆိုပါဖြစ်စဉ်တွေမှာ ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှု (၂,၄၈၀) မှု၊ နှုတ်နဲ့ အနိုင်ကျင့်မှု (၁,၃၈၆) မှု၊ အမူအရာနဲ့ အနိုင်ကျင့်မှု (၂၄၃) မှုနဲ့ အွန်လိုင်းမှတစ်ဆင့် အနိုင်ကျင့်မှု (၁၈၀) မှု ပါဝင်တယ်လို့ အောက်တိုဘာ (၁၄) ရက်က လွှတ်တော်ကို တင်ပြခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အနိုင်ကျင့်မှုဖြစ်စဉ်တွေကိုတားဆီးဖို့ ပညာရေး ဝန်ကြီးဌာနက ဘော်ဒါဆောင်တွေမှာ CCTV ကင်မရာ တပ်ဆင်ခြင်း၊ ကြီးကြပ်ရေးဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားခြင်းနဲ့ လုံခြုံရေးစစ်ဆေးမှုတွေပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်းဘော်ဒါဆောင် ၂၀၀ မှာ CCTV ကင်မရာတွေ တပ်ဆင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ဘော်ဒါဆောင် (၃၃၃) ခု CCTV တွေ ထပ်မံတပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၇ ခုနှစ်မှာလည်း ကျောင်း (၁,၀၀၀) မှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ မလေးရှား ရင်းဂစ် (၁၅) သန်း အသုံးပြုသွားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒါအပြင် ဘော်ဒါဆောင်တွေမှာ လက်ရှိကြီးကြပ်ရေးမှူးတွေကို ကူညီဖို့ ကြီးကြပ်ရေးလက်ထောက် အယောက် ၃၀၀ ခန့်ထားပြီး ကျောင်းသားတွေရဲ့လုံခြုံရေးနဲ့နေထိုင်မှုအခြေအနေတွေကို အထူးသဖြင့် ညပိုင်းမှာ စောင့်ကြည့်ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကျောင်းသားတွေနဲ့ မျက်မြင်သက်သေတွေအနေနဲ့ အနိုင်ကျင့်မှုဖြစ်စဉ်တွေကို လုံခြုံစွာ တိုင်ကြားနိုင်ဖို့ အမည်မဖော်ဘဲ တိုင်ကြားနိုင်တဲ့စနစ်ကိုလည်း ထည့်သွင်းထားကာ တိုင်ကြားချက်တွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုပြုလုပ်သွားမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အနိုင်ကျင့်မှုကို လျှော့ချဖို့ လုံခြုံရေး အစီအမံတွေသာမက ကျောင်းသားတွေအကြား အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှုနဲ့ကောင်းမွန်တဲ့အပြုအမူတွေ တိုးတက်လာစေဖို့လည်း လိုအပ်တယ်လို့ ဝန်ကြီးဌာနက ထောက်ပြခဲ့ပါတယ်။ အဲဒီအတွက် SAFE အစီအစဉ်နဲ့ Generasi Madani အစီအစဉ်တွေကို အကောင်အထည်ဖော်နေပြီး ၂၀၂၇ ခုနှစ် ကျောင်းသင်ရိုးညွှန်းတမ်းမှာလည်း ကိုယ်ကျင့်တရား၊ ရိုးသားဖြောင့်မတ်မှုနဲ့ အခြားသူတွေရဲ့ခံစားချက်ကို နားလည်စာနာမှုတို့ကို ပိုမိုအလေးထားသင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကျောင်းခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံး
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
