မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
သုတကျော် (NSS) - အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနီးတွင် တည်ရှိသော မမြရေလှောင်တမံ တွင် တာဘောင်အိကျမှုဖြစ်ပွားခဲ့ရာ အရေးပေါ်ရေပိုလွှဲလမ်းကြောင်းတစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြောကြားထားသည်။
မမြရေလှောင်တမံတွင် ဖြစ်ပေါ်နေသော တမံထိပ်ပြင်အက်ကြောင်းကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် တမံဆင်ခြေလျောအောက်ဘက်ခြမ်းမှ တာခြေထောက်ခြင်းလုပ်ငန်းကိုဆောင်ရွက်နေစဉ် တမံထိပ်ပြင်တွင် ဖြစ်ပေါ်နေသော အက်ကြောင်းမှာ ပိုမိုကြီးမားလာခဲ့ပြီး တမံအောက်ဘက်ခြမ်းတွင် ထိပ်ပြင်နိမ့်ကျမှု ဖြစ်ပေါ်ခဲ့ရာ ယနေ့ (အောက်တိုဘာလ ၁၀) ရက်၊ နံနက် (၄) နာရီ အချိန်တွင် အမြင့် (၂၅) ပေခန့်အထိ နိမ့်ကျခဲ့ပြီး တမံအောက်ဘက် ဆင်ခြေလျောတွင်လည်း နိမ့်လျောကျမှုဆက်လက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရေထုတ်ပြွန်မှ ထုတ်လွှတ်ခြင်းနှင့် အရေးပေါ်ရေပိုလွှဲအား စက်ယန္တရားဖြင့်ဖောက်ထုတ်၍ လျှော့ချခြင်းတို့ကြောင့် ယနေ့ နေ့လယ်ပိုင်း (၃) နာရီ အချိန်တွင် ရေအမှတ်မှာ (၃၁၄.၅၀) ပေသို့လျော့ကျခဲ့ပြီး ရေလှောင်ပမာဏမှာ (၇၀၇၄၈) ဧကပေ ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။
လတ်တလော ရေလှောင်တမံတွင် သိုလှောင်ထားသောရေကို လျှော့ချနိုင်ရေး ဒေသအာဏာပိုင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ အနီးကပ်ကြီးကြပ် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရေးပေါ်ရေလျှော့ချကာ ထိန်းညှိထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့်အပြင် တမံကြံ့ခိုင်မှုရှိစေရေးအတွက် တမံအခြေထောက်ခြင်းလုပ်ငန်းများ ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မမြရေလှောင်တမံတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရေးဆွဲထားရှိသော ရေဘေး အန္တရာယ် ကင်းလွတ်နေရာပြမြေပုံ (Flood Hazard Map) အရ မမြတမံမှ အောက်ဘက် (၄၇) ကီလို မီတာကျော် အကွာအဝေးအထိ ရေရောက်ရှိမည်ဖြစ်ပြီး (၁) နာရီအတွင်း ရေရောက်ရှိမည့် ကျေးရွာ (၅) ရွာဖြစ်ကာ ရေအနက် (၁) မီတာမှ (၅) မီတာခန့်အထိ ရေဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
စုစုပေါင်း ရေလွှမ်းနိုင်မည့် ကျေးရွာ (၁၉) ရွာ ရှိပြီး ပုသိမ်-မုံရွာကားလမ်းနှင့် ထူးကြီးကားလမ်း အထက်အောက်တို့ ထိခိုက်နိုင်မည်ဖြစ်ကာ စုစုပေါင်း ရေလွှမ်းနိုင်သော ဧရိယာမှာ (၉၉.၃၆) စတုရန်းကီလိုမီတာခန့် ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

ထို့ကြောင့် အထက်ပါ ကျေးရွာ (၁၉) ရွာ အပါအဝင်ရေလှောင်တမ်အောက်ဘက်ရှိ ရေဝင် ရောက်နိုင်သော ကျေးရွာအုပ်စု (၁၁) အုပ်စု၊ ကျေးရွာ (၈၉) ရွာကို အောက်တိုဘာလ (၉) ရက်ကပင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများနှင့်အတူ အသိပေး နှိုးဆော်ထားပြီး ရေကင်းလွတ်မည့် သတ်မှတ်ထား သော ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းစီစဉ်ကာ အမြန်ဆုံးပြောင်းရွှေ့လျက်ရှိပါကြောင်း၊ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာ (၆) ရွာကိုလည်း ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေပိုင်း (၃) နာရီအထိ တမံရေမှတ်မှာ နံနက် (၆)နာရီရေမှတ်နှင့် နှိုင်းယှဉ်ပါက (၆) လက်မခန့် လျော့နည်းကျဆင်းလာပြီး တမံလျောအိကျမှုအခြေအနေမှာ လည်း ထပ်မံ၍ သိသာစွာ ပြောင်းလဲလာခြင်း မရှိပါကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
ဆက်လက်၍ တမံအတွင်းရှိ သိုလှောင် ရေပမာဏကို လျော့ချခြင်း၊ တမံအခြေထောက်ခြင်း လုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင် သွားမည်ဖြစ်ပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံမှုရှိစေရန် ဌာနတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
