ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၆၉၄) ကျောင်းနှင့် သီလရှင်ကျောင်း (၃၇၇) ကျောင်းကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် အလှူရှင်များ ရှာဖွေလျက်ရှိကြောင်း ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် (၁၀) နာရီကနေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော်တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးဝင်းတင့်၏ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတိုက်နှင့် သီလရှင်ကျောင်းတိုက် အဆောက်အအုံများကို နိုင်ငံတော်အစိုးရက ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြေားကြားခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီ ၃၇ ဆူအနက် ဝါးချက်ကျေးရွာရှိ ဆင်မဝပ်စေတီ၊ လောကထွဋ်တင် ရန်အောင်မြင်ဘုရား၊ မင်းလှစေတီ၊ ပုဂံရပ်ရှိ ရှင်ပင်အံ့ဆင်းစေတီနှင့် ရွှေမင်းဝံရပ်ကွက်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတို့ အပါအဝင် စေတီငါးဆူကို ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

ထို့ပြင် ရှေးဟောင်းဘုရားစေတီ (၁၁၈) ဆူအနက် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် (၁၉) ဆူကို ပြုပြင်ပြီးစီးခဲ့ပြီး (၁၇) ဆူကို ပြုပြင်လျက်ရှိကာ (၈၂) ဆူမှာ ပြုပြင်ရန် ကျန်ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ပြောသည်။
ရှေးဟောင်းဘုရားများဖြစ်သည့် ပျူကံစေတီအုပ်စုမှ ဘုရားခုနစ်ဆူ၊ လောကမှန်ကင်းလိုဏ်ဂူနှင့် မိပေါက်ကြီးစေတီတို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက လျာထားပြီးဖြစ်ကြောင်း ် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
တစ်ဖက်တွင် ငလျင်ဒဏ်သင့်ကျောင်းတိုက်များ ပြန်လည်ပြုပြင်ပြီးစီးသည်အထိ ရဟန်း၊ သာမဏေနှင့် သီလရှင်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated House အလုံး (၂၂၀) ကို စီစဉ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီအဆောက်အအုံများကို သာသနာရေးဝန်ကြီးဌာန၏ စီမံမှုဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက (၂၀၂၆) ခုနှစ် မေ (၂၁) ရက်မှစတင်၍ ဘုန်းတော်ကြီးကျောင်း (၁၁၀) ကျောင်းနှင့် သီလရှင်ကျောင်း (၉၇) ကျောင်းသို့ ပို့ဆောင်တပ်ဆင်ပေးခဲ့ပြီး ဇူလိုင် (၂၄) ရက်တွင် တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း အဆောက်အအုံများကို အစိုးရက တိုက်ရိုက်ပြုပြင်ပေးနိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာကျောင်းတိုက်များအတွက် အလှူရှင်များ ပေါ်ပေါက်လှူဒါန်းလာမှသာ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
RELATED POSTS
20 Oct 2026 | ဘာသာရေး,ပြည်တွင်း
13 Oct 2026 | ဘာသာရေး,ပြည်တွင်း
