တပ်မတော်သားအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေကြေးလိမ်လည်သူ (၃) ဦး ဖမ်းဆီးရမိ
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁၀
လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းကို အကြောင်းပြ၍ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့သူ (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ တိုးလှိုင်ဝင်း၊ စိုးသူရအောင်နှင့် နိုင်လင်းဦးတို့ဖြစ်ပြီး ၎င်းတို့သည် TikTok လူမှုကွန်ရက်တွင် ဗိုလ်ကြီး သူရဇော်၊ ဗိုလ်ကြီး၊ မင်းကိုကိုနှင့် ဗိုလ်ကြီး ထက်ကောင်းနိုင် အမည်ရှိ အကောင့်အတုများကို အသုံးပြုကာ ငွေကြေးလိမ်လည်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေကြေးလိမ်လည်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက်က ဗိုလ်ကြီး သူရဇော် နှင့် ဗိုလ်ကြီး TikTok အကောင့်များဖြင့် လိမ်လည်သူ တိုးလှိုင်ဝင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ (၁၇) ရက်က မင်းကိုကို TikTok အကောင့်ဖြင့် လိမ်လည်သူ စိုးသူရအောင်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၆) ရက်က ဗိုလ်ကြီး ထက်ကောင်းနိုင် TikTok အကောင့်ဖြင့် လိမ်လည်သူ နိုင်လင်းဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ (၃) ဦးသည် လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိရသော တပ်မတော်အရာရှိများ၏ ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို အသုံးပြု၍ တပ်မတော်သားများကဲ့သို့ အယောင်ဆောင်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းများအား ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြကာ ဆက်သွယ်လာသူများကို ယုံကြည်အောင် ပြောဆို၍ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ (၃) ဦးကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အလားတူ ငွေကြေးလိမ်လည်မှုများ ကျူးလွန်နေသူများကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းနှင့် ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ သတ်မှတ်ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
