အမေရိကန်က ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ရှင်၏ သမီးဖြစ်သူကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေး
ALynn (NSS) - အောက်တိုဘာ ၁၀
တပ်မတော်ကို ကူညီပံ့ပိုးပေးနေကြောင်း စွပ်စွဲခံထားရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သူအား အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု အမည်မည်းစာရင်းမှ ဖယ်ရှားပေးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
၎င်းသည် ပိတ်ဆို့ဒဏ်ခတ်မှုမှ ဖယ်ရှားပေးရန် တရားစွဲဆို လျှောက်ထားခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပိတ်ဆို့မှုရုပ်သိမ်းလိုက်ခြင်းသည် (၂၀၂၁) ခုနှစ်နောက်ပိုင်း ဆက်ဆံရေး လျှော့ချထားသည့် အမေရိကန်၏ မူဝါဒကိုပြောင်းလဲကာ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ စတင်နေပြီဆိုသည့် သတင်းများ ထွက်ပေါ်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော် မသိမ့်ဝင်းထက်အား အထူးသီးသန့် ပိတ်ဆို့ခံထားရသူများစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် ဆုံးဖြတ်ချက်သည် အဆိုပါဆွေးနွေးမှုများ၏ ရလဒ်ကြောင့်ဟုတ်မဟုတ်ကိုမူ တိကျစွာ မသိရသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
(၂၀၂၁) ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်နှင့် ဆက်နွှယ်နေသည့်ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
(၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရွှေဗျိုင်းဖြူ ကုမ္ပဏီများအုပ်စုတည်ထောင်သူ ဦးသိန်းဝင်းဇော်နှင့် ၎င်း၏ မိသားစုဝင်များကို တပ်မတော်အတွက် လောင်စာဆီ တင်သွင်းဖြန့်ဖြူးပေးနေခြင်း၊ တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီ အနည်းဆုံး (၂၀) ကို ပိုင်ဆိုင်ထားခြင်းတို့ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သည်။
ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်သည် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားပေးရန် ဘိုင်ဒင်အစိုးရကို တရားစွဲဆိုခဲ့သော်လည်း (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်း၏အမှုကို တရားရုံးက ပယ်ချခဲ့သည်။
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် ပစ်မှတ်ထားခံရသူများ၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း ၎င်းတို့နှင့် စီးပွားရေးအရ ဆက်ဆံဆောင်ရွက်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။

ယင်းနောက် မသိမ့်ဝင်းထက်သည် ယခုနှစ် ဇူလိုင်လတွင် အမှုသစ် ထပ်မံလျှောက်ထားခဲ့ရာ၌ ၎င်းအနေဖြင့် ဖခင်ဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိကြောင်းနှင့် နယူးယောက်တက္ကသိုလ် (NYU) မှ ဘွဲ့ရရှိထားပြီး ကိုလံဘီယာတက္ကသိုလ်တွင် မဟာဘွဲ့ တက်ရောက်နေသည့် ၎င်း၏ ပညာသင်ကြားရေးအပေါ် ပိတ်ဆို့မှုများကြောင့် ထိခိုက်ခဲ့ရကြောင်း လျှောက်ထားခဲ့သည်။
“အမေရိကန် ခရက်ဒစ်ကတ်တွေ ပိတ်ခံခဲ့ရတယ်။ နောက်ပြီး ပြည်ပဘဏ်အကောင့်တွေ ကန့်သတ် ခံရတာ၊ ပိတ်သိမ်းခံရတာ၊ ငြင်းပယ်ခံရတာတွေ ကြုံခဲ့ရသလို အမေရိကန်မှာ တက္ကသိုလ်ပညာသင်ကြားမှုလည်း မပြီးမြောက်နိုင်ခဲ့ပါဘူး” ဟု လက်ရှိတွင် မိခင်ဖြစ်သူနှင့်အတူ ဘန်ကောက်၌ နေထိုင်နေသည့် မသိမ့်ဝင်းထက်၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။
၎င်း၏ မိခင်မှာမူ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဆက်လက် ပါဝင်နေဆဲဖြစ်သည်။
အဆိုပါ ပိတ်ဆို့မှု ရုပ်သိမ်းပေးလိုက်ခြင်းအပေါ် အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်မှာ စိတ်ပျက်ဖွယ်ကောင်းကြောင်း Justice For Myanmar အဖွဲ့က ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့ဝင် (၁၀) ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
RELATED POSTS
09 Nov 2026 | စီးပွားရေး,ပြည်တွင်း
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
