သမီးရင်းနှင့်သွေးသားရင်းမဟုတ်သည့်သမီး (၄)ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့သည့် စင်ကာပူအမျိုးသား ထောင်ဒဏ်နှင့်ကြိမ်ဒဏ်ချမှတ်ခံရ
Pika (NSS) - အောက်တိုဘာ ၁ဝ
စင်ကာပူနိုင်ငံတွင် သမီးအရင်း(၅)ဦးအနက် (၄)ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများလုပ်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ်(၁၆)နှစ်ခွဲနှင့် ကြိမ်ဒဏ်(၂၂)ချက်ခံယူရန် စီရင်ချက်ချမှတ်ခဲ့ကြောင်းသိရသည်။(၂၀၀၈)ခုနှစ်တွင် ပထမဆုံးအကြိမ်လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသည့်သမီးဖြစ်သူမှာ မိခင်ဖြစ်သူက ၎င်း၏စကားကို မယုံကြည်ခဲ့သည့်အပြင် ရဲတပ်ဖွဲ့ကလည်း ယုံကြည်မည်မဟုတ်ဟု စိုးရိမ်ပူပန်ခဲ့ခြင်းကြောင့် ရဲစခန်းကိုတိုင်ကြားခြင်းမျိုး မလုပ်ဆောင်ခဲ့ကြောင်းသိရသည်။အဆိုပါအမျိုးသားကို (၂၀၂၄)ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အသက်(၈)နှစ်မှ(၉)နှစ်ကြားအရွယ်ရှိ သမီးတစ်ဦးကို နောက်ဆုံးအကြိမ်လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပြီးနောက် အချိန်တစ်နှစ်အကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။အမည်ထုတ်ဖော်ပြောဆိုထားခြင်းမျိုးမရှိသော အသက်(၄၄)နှစ်အရွယ် စင်ကာပူနိုင်ငံသားသည် ဥပဒေအရ ပြင်းပြင်းထန်ထန်တားမြစ်ထားသည့် အသက်မပြည့်သေးသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့သည်ဆိုသောစွဲချက်တစ်ခုနှင့် ပြင်းထန်သောလိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုစွဲချက်နှစ်ခုတို့တွင် အပြစ်ရှိကြောင်းဝန်ခံခဲ့သည်။
ထို့ပြင် အလားတူစွဲချက်(၇)ခုကိုလည်း တရားစီရင်ချက်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားမှုများလုပ်ဆောင်ထားကြောင်းသိရသည်။တရားရုံးအချက်အလက်များအရ အဆိုပါအမျိုးသားသည် အိမ်ထောင်ဆက်(၃)ဆက်ရှိခဲ့ပြီး သွေးသားရင်းနှင့် ဇနီးဖြစ်သူတို့ထံမှပါလာခဲ့သောကလေးများအပါအဝင် ကလေးစုစုပေါင်း(၈)ယောက်ရှိခဲ့ကာ ၎င်းတို့အနက်(၅)ဦးမှာ မိန်းကလေးများဖြစ်ကြောင်းသိရသည်။ယင်းအမျိုးသား၏ ပထမဆုံးသားကောင်(၁)မှာ ပထမအိမ်ထောင်တွင် ဇနီးဖြစ်သူနှင့်အတူပါလာခဲ့သော သွေးသားရင်းမဟုတ်သည့်သမီးဖြစ်ပြီး (၂၀၀၈)ခုနှစ်တွင် ဒုတိယမြောက်ဇနီးနှင့်အိမ်ထောင်ကျချိန်မှာ ပထမအိမ်ထောင်မှ အသက်(၁၃)နှစ်အရွယ် သွေးသားရင်းမဟုတ်သည့်သမီးဖြစ်သူ ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။နောက်ထပ်ဖြစ်ရပ်တစ်ခုတွင် အဆိုပါအမျိုးသားက ပထမအိမ်ထောင်တွင်ရခဲ့သော သမီးအရင်းဖြစ်သူ သားကောင်(၂)ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းဖြစ်ပြီး (၂၀၂၀)ခုနှစ် သမီးဖြစ်သူအသက်(၁၇)နှစ်အရွယ်တွင် စော်ကားမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယင်းအမျိုးသားသည် အသက်(၁၀)လအရွယ် သမီးငယ်ကို သားကောင်(၂)၏ကျောပေါ်တွင်တင်ထားပြီးနောက် သားကောင်(၂)ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။သားကောင်(၂)မှာ ယင်းဖြစ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသော်လည်း မိသားစုဝင်များက ရဲကိုမတိုင်ကြားစေခြင်းကြောင့် တိုင်ကြားခြင်းမျိုးမလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ဖခင်ဖြစ်သူ၏လုပ်ရပ်ကို တိုင်ကြားလိုက်ခြင်းက မိသားစုဆန္ဒကိုဆန့်ကျင်ခြင်းမျိုးဖြစ်ပြီး မိသားစုဝင်အဖြစ်မှစွန့်ပယ်ခံရမည် သို့မဟုတ် အိမ်မှနှင်ထုတ်ခံရမည် စိုးရိမ်သောကြောင့် မတိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။အဆိုပါအမျိုးသားသည် ဒုတိယမြောက်ဇနီးသည်မှမွေးဖွားသော သမီးအရင်းဖြစ်သူ သားကောင်(၃)ကိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုများလုပ်ဆောင်ခဲ့သည်။

(၂၀၁၆)ခုနှစ်မေလတွင် သားကောင်(၃)၏ မိခင်နှင့်ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းတွင်လည်း ယင်းအမျိုးသားက သားကောင်(၃)နှင့် အဆက်အသွယ်ဆက်လက်ရှိနေခဲ့ပြီး ကျောင်းပိတ်ရက်များတွင် ဖခင်ဖြစ်သူ၏ တိုက်ခန်းတွင် သွားရောက်အိပ်စက်လေ့ရှိကြောင်းသိရသည်။ (၂၀၂၁)ခုနှစ် နိုဝင်ဘာလတွင် သားကောင်(၃)မှာ အသက်(၁၃)နှစ်အရွယ်သာရှိသေးသော်လည်း ဖခင်ဖြစ်သူဘက်မှ အဘိုးအဘွားများကိုတွေ့ဆုံရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖခင်ဖြစ်သူ၏တိုက်ခန်းတွင် လာရောက်အိပ်စက်ခဲ့ချိန်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ခံခဲ့ရခြင်းဖြစ်သည်။အစပိုင်းတွင် သားကောင်(၃)က ကြောက်ရွံ့မှုကြောင့် ရဲစခန်းတွင်တိုင်ကြားမှုများမလုပ်ဆောင်ခဲ့သော်လည်း (၂၀၂၂)ခုနှစ် ဇန်နဝါရီလ(၁)ရက်တွင် တိုင်ကြားမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ရဲစခန်းတွင်တိုင်ကြားခံထားရသော်လည်း အဆိုပါအမျိုးသားသည် တတိယမြောက်အိမ်ထောင်တွင်ပါလာခဲ့သော သွေးသားရင်းမဟုတ်သည့်သမီးဖြစ်သူ သားကောင်(၄)ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ဆက်လက်ကျူးလွန်ခဲ့သည်။
(၂၀၂၀)ခုနှစ် သို့မဟုတ်(၂၀၂၁)ခုနှစ်တွင် သားကောင်(၄)မှာ အသက်(၅)နှစ်မှ (၇)နှစ်အရွယ်ကြားသာရှိသေးပြီး အဆိုပါအချိန်တွင်ပထွေးဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုများကို ခံခဲ့ရခြင်းဖြစ်သည်။ထို့ပြင် သားကောင်(၄)က အသက်(၈)နှစ်မှ(၉)နှစ်ကြားအရွယ် (၂၀၂၃)ခုနှစ်တွင်လည်း ပထွေးဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရကြောင်းသိရသည်။(၂၀၂၄)ခုနှစ် နိုဝင်ဘာလ(၁၄)ရက်တွင် သားကောင်(၄)က အခန်းထဲတွင် ဖုန်းဖြင့် TikTokဗီဒီယိုများကို ကြည့်ရှုနေစဉ်အချိန်အတွင်း ပထွေးဖြစ်သူက တံခါးကြားမှ၎င်းကိုချောင်းကြည့်ကာ မဖွယ်မရာကိစ္စများလုပ်နေသည်ကို တွေ့မြင်ခဲ့သည်။ထို့နောက် သားကောင်(၄)က ပထွေးဖြစ်သူ၏အပြုအမူကို ဖုန်းဖြင့်ရိုက်ကူးထားကာ သူငယ်ချင်းတစ်ဦးကို TikTokမှတစ်ဆင့် ပြသခဲ့သည်။သားကောင်(၄)၏ သူငယ်ချင်းက ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ဆရာမတစ်ဦးအားပြောပြခဲ့သလို လူမှုရေးနှင့်မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကိုလည်း အကြောင်းကြားခဲ့သည်။ကလေးသူငယ်စောင့်ရှောက်ရေးအရာရှိတစ်ဦးက (၂၀၂၄)ခုနှစ် နိုဝင်ဘာလ(၁၅)ရက်တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားစာတင်သွင်းခဲ့ပြီး အဆိုပါနေ့နှောင်းပိုင်းတွင်ပင် ယင်းအမျိုးသားမှာ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။ဖမ်းဆီးပြီးနောက် အဆိုပါအမျိုးသားကို စိတ်ကျန်းမာရေးဌာနတွင် စစ်ဆေးအကဲဖြတ်မှုများလုပ်ဆောင်ခဲ့ပြီး စိတ်ရောဂါဝေဒနာခံစားရခြင်းမျိုးမရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်း၏လုပ်ရပ်အားလုံးနှင့်ပတ်သက်ပြီး တရားစွဲဆိုမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီ၌ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၄) ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား (၂၂) ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
