စစ်ပွဲတစ်ပွဲတွင် အင်အားအနည်းအများနှင့် လက်နက်အင်အားသာလွန်ခြင်းထက် တိုက်ပွဲဝင်လိုစိတ်ပြင်းပြင်မှုကသာ အောင်မြင်မှုဟု တပ်ချုပ်ပြော
သန့်ဇင် (NSS) - အောက်တိုဘာ ၃
စစ်ပွဲတစ်ပွဲတွင် အင်အားအနည်းအများနှင့် လက်နက်အင်အားသာလွန်ခြင်းထက် တိုက်ပွဲဝင်လိုစိတ်ပြင်းပြင်မှုကသာ အောင်မြင်မှုဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယမန်နေ့ (အောက်တိုဘာ ၂ ရက်) ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
အသင်းအုပ်ချုပ်သူများ၊ နည်းပြအဖွဲ့ဝင်များအနေဖြင့်လည်း အားကစားသမားရွေးချယ်ခြင်းကိစ္စရပ်များတွင် အမှန်တကယ်ခြေစွမ်းခြေစရှိသူများကို ရွေးထုတ်ပေးကြရန်လိုပြီး အားကစားနှင့်မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးများကတစ်ဆင့် ရွေးချယ်ခြင်းမပြုကြရန်နှင့် အသင်းတာဝန်ရှိသူများ၏ သစ္စာတရားကို ပြသကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆိုသည်။
ထို့ပြင် စစ်ပွဲတစ်ပွဲတွင် အင်အားနည်းခြင်း/များခြင်း၊ လက်နက်အင်အားသာလွန်ခြင်းများထက် တိုက်ပွဲဝင်လိုစိတ်ပြင်းပြမှုနှင့် အနိုင်မခံအရှုံးမပေး စိတ်များကသာ ခေတ်အဆက်ဆက်တွင် ထိရောက်အောင်မြင်မှုရနေဆဲဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားခဲ့သည်။
မကြာခင်က ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် အင်အားကြီး နာမည်ကျော်အသင်းကြီးများကို အကြောက်အရွံ့ကင်းမဲ့စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မျက်နှာသစ်ပြိုင်ပွဲဝင် နိုင်ငံငယ်အသင်းများကို တွေ့ရှိခဲ့ရကြောင်းလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆိုသည်။

မိမိတို့ထက် အစစသာလွန်သည့် အသင်းကြီးဖြစ်သော်လည်း အကြောက်တရားမထားဘဲ ဗျူဟာမြောက်ကစားကွက်များနှင့် တုံ့ပြန်ကစားခဲ့သဖြင့် အသင်းကြီးအချို့ ရလဒ်မကောင်းခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်းနှင့် ၎င်းသည် အားကစားသမားများ၏ နိုင်ချင်စိတ်၊ အောင်မြင်ချင်စိတ်ရှိခြင်းကြောင့်ဟုလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားခဲ့သည်။
အားကစားပြိုင်ပွဲတွင် မိမိသာလျှင် “တော်သည်၊ တတ်သည်၊ ကောင်းသည်၊ မှန်သည်” ဆိုသည့် အစွဲသည် အသင်းအဖွဲ့တစ်ခုကို ထိခိုက်ပျက်စီးစေခြင်း၏ အစဖြစ်ကြောင်းကို အားလုံးသတိပြုကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆိုသည်။
အသင်းလိုက်ကစားရသည့် ပြိုင်ပွဲများတွင် တစ်ဦးတစ်ယောက်အပေါ် လွန်ကဲစွာမှီခိုခြင်း မပြုသင့်ကြောင်း အသိတရားတစ်ခုကို အားကစားပွဲများကတစ်ဆင့်ရရှိစေပြီး အသင်းသားတိုင်း ညီညွတ်စုစည်းကြမှသာ အောင်မြင်မှုရရှိမည်ဆိုသည်ကိုလည်း သင်ခန်းစာရရှိစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြေကြားခဲ့သည်။
အဆိုပါ သင်ခန်းစာများကို အားလုံးနားလည်သိရှိပြီး လိုက်နာကျင့်သုံးမည်ဆိုပါက အားကစားတွင်သာမက ဘဝလမ်းကြောင်းများတွင် အောင်မြင်မှုများ ရရှိကြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆိုသည်။
မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ အသီးသီးတွင် ယနေ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားသမားများသည် သမိုင်းကြောင်းလှပခဲ့သည့် တပ်မတော်အားကစားပုံရိပ် ပြန်လည်မြင့်မားစေရေး အစွမ်းကုန်ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာတွင် ငွေကျပ်(၂)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
