ခရီးသည် (၁၇၀) ကျော်၏ အသက်ကို ကယ်တင်ခဲ့သည့် အိန္ဒိယလေယာဥ်မှူးအား အိန္ဒိယဝန်ကြီးချုပ် ချီးကျူး
ဂျန်ဇက်(NSS)- အောက်တိုဘာ ၂
ကောင်းကင်ယံ တွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို ဟန့်တား၍ ခရီးသည် ၁၇၀ ကျော်၏ အသက်ကို ကယ်တင်ခဲ့သည့် အိန္ဒိယ လေယာဉ်မှူးကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ချီးကျူးစကားဆိုလိုက် ကြောင်းသိရသည်။ အိန္ဒိယဝန်ကြီးချုပ်က လေယာဥ်မှူး စမစ်မက်ချာသည် သူရဲကောင်းဖြစ်ကြောင်း ၄င်းသည်ဆိုးရွားပြင်းထန်သည့် ဒဏ်ရာများ ရရှိနေသာ်လည်း ရဲရင့်မှုကို ပြသပြီး ခရီးသည်များကို ကယ်တင်ခဲ့ကြောင်း အိန္ဒိယအတွက် ဂုဏ်ယူစရာ အကောင်းဆုံး ဖြစ်စေခဲ့ ကြောင်း ပြောဆိုခဲ့သည်။
ဒူဘိုင်းမှ အစ္စရေးနိုင်ငံ တဲလ်အဲဗစ် သို့ ပျံသန်းသည့် FlyDubai လေကြောင်းလိုင်းမှ (Boeing 737 MAX 8) လေယာဉ်သည် ဆော်ဒီအာရေးဗီးယား လေပိုင်နက်အထက်၌ အရေးပေါ် အကြမ်းဖက်မှု တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိုမန်နိုင်ငံသား ဒုတိယလေယာဉ်မှူး (Co-pilot) က လေယာဉ်ကို ဖျက်စီးမှုနှင့်အတူပျက်ကျစေရန် ကြိုးပမ်းသည့်အနေဖြင့်အဓိက ပင်မလေယာဉ်မှူးအား ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ် အိန္ဒိယအမျိုးသား အဓိကလေယာဉ်မှူး စမစ် မက်ချာ သည် ခေါင်းနှင့် လက်တို့တွင် ဓားဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း အသက်အန္တရာယ်ကြားမှ တိုက်ခိုက်သူအား ပြန်လည်ခုခံနိုင်ခဲ့ကြောင်း သိရသည်။
၎င်းသည် သွေးထွက်လွန်နေသည့် ကြားမှ လေယာဉ်ထိန်းချုပ်မှုစနစ် လုံးဝပျက်စီးမသွားစေရန် ထိန်းသိမ်းကာ Cockpit တံခါးကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် အပြင်ဘက်မှ ကူညီသူများ ဝင်ရောက်နိုင်ခဲ့သည်။ လေထဲတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနေချိန်အတွင်း လေယာဉ်သည် ပေ ၃၄,၀၀၀ အမြင့်မှ ပေ ၁၆,၀၀၀ ခန့်အထိ ၁ မိနစ်မှ ၂ မိနစ်အတွင်း ရုတ်တရက် ထိုးဆင်းသွားခဲ့ပြီး အရေးပေါ် သင်္ကေတ (Code 7700 နှင့် Code 7500) များ ထုတ်လွှင့်ခဲ့ရသည်။ ခရီးသည်အဖြစ် လိုက်ပါလာသည့် စီဗီလီယန်ဝတ်စုံဝတ် အခြား FlyDubai လေယာဉ်မှူးများနှင့် ရဲရင့်သော ခရီးသည်များက Cockpitအတွင်း သို့ ဝင်ရောက်ကာ တိုက်ခိုက်သူအား လုံးထွေးချုပ်နှောင်နိုင်ခဲ့ကြောင်းသိရသည်။
လေယာဉ်ပေါ်ပါ လိုက်ပါလာသည့် အစ္စရေး သွားဆရာဝန် Dr. Shota Musayev က ဒဏ်ရာရ လေယာဉ်မှူး Smit Machchhar အား အရေးပေါ် သွေးတားစောင့်ရှောက်မှု ပေးခဲ့သည်။
ခရီးသည်အဖြစ် ပါလာသည့် အခြားလေယာဉ်မှူးများက လေယာဉ်ထိန်းချုပ်မှုကို ရယူကာ ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ တာဘွတ် လေဆိပ်သို့ ဘေးကင်းစွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ကြောင်းသိရသည်။အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟုက အိန္ဒိယ လေယာဉ်မှူးနှင့် ခရီးသည်များ၏ ရဲရင့်မှုကို စူပါဟီးရိုးဆန်သော စေတနာဟု ထုတ်ဖော်ချီးကျူးခဲ့သည်။ အိန္ဒိယ သံရုံး၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရ လေယာဉ်မှူးသည်ဆော်ဒီအာရေးဗီးယားတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် လက်ရှိတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိပြီး၊ ဆော်ဒီအာရေဗျအာဏာပိုင်များက တိုက်ခိုက်သူ ဒုတိယလေယာဉ်မှူးအား ဖမ်းဆီးစစ်ဆေးလျက် ရှိနေ ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေတပ်စခန်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဗြိတိန်က အမှားလုပ်နေဟု အီရန်ဝေဖန်
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
