ကမ္ဘာ့မြေပုံပေါ်ကနေ ပထမဆုံး ပျောက်ကွယ်သွားနိုင်တဲ့ တူဗားလူ
Pika (NSS) - အောက်တိုဘာ ၂
တူဗားလူနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Oceania ဒေသခွဲဖြစ်သော Polynesia (ပိုလီနီး ရှား) တွင်တည်ရှိသည့် ကျွန်းစုနိုင်ငံငယ်လေးဖြစ်ပြီး ဟာဝိုင်အီကျွန်းနှင့်ဩစတြေးလျနိုင်ငံတို့၏ကြား တွင်ရှိကာ ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက်နည်းပြီး အထီးကျန်ဆန်ဆုံးကျွန်းစုနိုင်ငံငယ်လေး အဖြစ်သတ်မှတ်ခံထားရသည်။
တူဗားလူနိုင်ငံသည် Santa Cruz ကျွန်းများ၏ အရှေ့-အရှေ့မြောက်ဘက်၊ Vanuatu နိုင်ငံ၏ အရှေ့မြောက်ဘက်၊ နော် ရူးနိုင်ငံ၏ အရှေ့တောင်ဘက်၊ ကီရာဘာတီနိုင်ငံ၏ တောင်ဘက်၊ Tokelau နယ်မြေ၏ အနောက်ဘက်၊ ဆာမိုအာနိုင်ငံနှင့် Wallis and Futuna နယ်မြေ၏ အနောက်မြောက်ဘက်နှင့် ဖီဂျီနိုင်ငံ၏ မြောက်ဘက် တွင်တည်ရှိသည်။ တူဗားလူနိုင်ငံကို reef Islands (သန္တာကျောက်တန်း)သုံးကျွန်း၊ လက်စွပ်ပုံစံကျွန်း (၆)ကျွန်းတို့ဖြင့်ဖွဲ့စည်းထားပြီး ယင်းကျွန်းများသည် တောင်လတ္တီကျု(၅)ဒီဂရီနှင့်(၁၀)ဒီဂရီကြားနှင့် အရှေ့လောင်ဂျီကျု(၁၇၆)ဒီဂရီနှင့် (၁၈၀)ဒီဂရီ ကြားတွင် ပျံ့နှံ့စွာ တည်ရှိလျက်ရှိသည်။ အဆိုပါ ကျွန်းများသည် နိုင်ငံတကာရက်စွဲမျဉ်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိကြပြီး တူဗားလူနိုင်ငံတွင် နေထိုင်သည့် စုစုပေါင်းလူဦးရေမှာ (၁၀၆၄၃)ဦးသာ ရှိကာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအနက် လူဦးရေ အများဆုံးအရ (၁၉၄)ခုမြောက်နိုင်ငံဖြစ်သလို လူဦးရေအနည်းဆုံးအရ ဒုတိယမြောက်နိုင်ငံလည်း ဖြစ်သည်။ တူဗားလူနိုင်ငံ၏ စုစုပေါင်းဧရိယာအ ကျယ်အဝန်းမှာ (၂၅ ဒသမ ၁၄) စတုရန်းကီလိုမီ တာသာရှိကာ မိုနာကို၊ နော်ရူးနှင့် ဗာတီကန်စီးတီးတို့ ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အသေးငယ် ဆုံးနိုင်ငံလည်းဖြစ်သည်။ ထို့ပြင် တူဗားလူနိုင်ငံသည် ပင်လယ်ရေ မျက်နှာ ပြင်အထက် ပျမ်းမျှ(၂)မီတာ သာမြင့်သောကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ဝင်ရိုးစွန်းဒေသမှ ရေခဲ များအရည်ပျော်ကျပြီး ပင် လယ်ရေမျက်နှာပြင်မြင့်တက်လာပါက ကမ္ဘာပေါ်တွင် ပထမဦးဆုံး နစ်မြုပ် ပျောက်ကွယ်သွားနိုင်ခြေရှိသည့်အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
သမိုင်းကြောင်း
တူဗားလူတွင် ပထမဆုံးနေထိုင်ခဲ့သူများမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၃)ထောင်ခန့်က ပစိဖိတ် ဒေသ တွင်းသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု၏ တစ် စိတ်တစ်ပိုင်းအဖြစ်ရောက်ရှိလာခဲ့ကြသော ပိုလီနီးရှား လူ မျိုးများဖြစ်သည်။ ပညာရှင်များ၏အဆိုအရ ပိုလီနီးရှားလူမျိုးများသည် ဆာမိုအာနှင့် တွန်ဂါတို့မှ တစ် ဆင့် တူဗားလူကျွန်းစုများဆီသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး မေလနီးရှားဒေသနှင့် မိုက်ခရို နီးရှား နိုင်ငံတို့သို့ ပိုလီနီးရှားလူမျိုးများ ထပ်မံပြောင်းရွှေ့အခြေချနေထိုင်ရန်အတွက် အဓိကအခြေခံစခန်း တစ် ခုလိုမျိုးဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ (၁၅၆၈)ခုနှစ်တွင် စပိန်လူမျိုး စူးစမ်းလေ့လာသူ Álvaro de Mendaña က Terra Australis (တောင်ဘက်ကုန်းမြေကြီး)ကိုရှာဖွေသည့်ခရီးစဉ် အတွင်း Nui ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းကျွန်းစုကို ရေကြောင်းခရီးဖြင့်ဖြတ်သန်းသွားလာခဲ့သည့် ပထမဆုံး ဥရောပ တိုက် သားဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ လက်ရှိအချိန်တွင် တူဗားလူနိုင်ငံ၏မြို့ တော်အဖြစ်တည်ရှိနေ သော ဖူနာဖူတီကျွန်းသည် (၁၈၁၉)ခုနှစ်တွင် အဲလစ်ကျွန်းဟုအမည်ပေးခံခဲ့ရပြီး နောက်ပိုင်းတွင် ကျွန်း အားလုံးကိုစုပေါင်းပြီး အဲလစ် ကျွန်းစုများအဖြစ် ခေါ်စမှတ်ပြုခဲ့ကြသည်။ (၁၈၉၂)ခုနှစ်တွင် အဲလစ်ကျွန်း များနှင့် အနီးအအနားရှိ ဂီလ် ဘာ့တ်ကျွန်းစုများကို ဗြိတိသျှ၏ အကာအကွယ်ခံနယ်မြေအဖြစ် ထုတ်ပြန် ကြေညာခဲ့သော်လည်း (၁၉၁၆)ခုနှစ်တွင် ၎င်းတို့အားလုံးကို ဂီလ်ဘာ့တ်နှင့် အဲလစ် ကျွန်းစုများ ကိုလိုနီ အဖြစ် ပေါင်းစည်းခဲ့ကြောင်း သိရသည်။
(၁၉၇၄)ခုနှစ်တွင် ဂီလ်ဘာ့တ်ကျွန်းစုများနှင့် အဲလစ်ကျွန်းစုများတွင် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့် စနစ်ရှိသင့်/မရှိသင့်ကို ဆုံးဖြတ်ရန်အတွက် လူထု ဆန္ဒခံယူပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် ဂီလ် ဘာ့တ်နှင့်အဲလစ်ကျွန်းစုများကိုလိုနီသည် (၁၉၇၅)ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် တရားဝင် ပျက်ပြယ်သွားခဲ့ကြောင်းသိရသည်။ (၁၉၇၆)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ယခင်အုပ်ချုပ်ရေးစနစ် ကို တရားဝင်ခွဲထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ကီရာဘာတီနှင့်တူဗားလူဆိုသည့် ဗြိတိသျှ ကိုလိုနီနယ်မြေနှစ်ခု ထွက်ပေါ်လာခဲ့သည်။ (၁၉၇၈)ခုနှစ် အောက်တိုဘာလ(၁)ရက်တွင် တူဗားလူသည် ဓနသဟာယအဖွဲ့ အတွင်းရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် အပြည့်အဝလွတ်လပ်ရေးရရှိခဲ့ပြီး ဗြိတိန်ဘုရင် Charles III ကို နိုင်ငံ၏ဘုရင်အဖြစ် တင်မြှောက် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင်စနစ် ဖြင့်လည်ပတ်လျက်ရှိကြောင်းသိရသည်။ (၂၀ဝဝ)ပြည့်နှစ် စက်တင်ဘာလ (၅)ရက်တွင် တူဗားလူနိုင်ငံ သည် ကုလသမဂ္ဂ၏ (၁၈၉)ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။

တူဗားလူနိုင်ငံတွင်းတွင် အေတီအမ်စက်များလည်းမရှိသကဲ့သို့ အကြွေးဝယ်ကတ်များကိုလည်း အသုံးပြု၍မရသောကြောင့် ဩစတြေးလျဒေါ်လာကိုသာ အဓိကထားသုံးစွဲကြကြောင်းလည်းသိရသည်။ တူဗားလူနိုင်ငံတွင် မြစ်ချောင်းများလည်းမရှိသဖြင့် မိုးရေကိုသာ အဓိကအားထားသောက်သုံးကြပြီး အဓိ က အစားအစာများမှာ ပီလောပီနံ၊ ငါးနှင့်အုန်းသီးတို့ဖြစ်ကြောင်းလည်းသိရသည်။ တူဗားလူနိုင်ငံတွင် မြေဆီလွှာပေါများစွာမရှိသဖြင့် အစားအစာအတွက် ပြည်ပမှတင်သွင်းမှုများနှင့် ငါးဖမ်းလုပ်ငန်းအပေါ် အဓိကအားထားရသည်။ ထို့ပြင် နိုင်ငံတကာကုမ္ပဏီများကို ငါးဖမ်းခွင့်လိုင်စင်များထုတ်ပေးခြင်း၊ ထောက်ပံ့ကြေးနှင့် အကူအညီပေးရေးစီမံကိန်းများ၊ ကုန်တင်သင်္ဘောများတွင် အလုပ်လုပ်ကိုင်နေကြ သော တူဗားလူ နိုင်ငံသား ရေကြောင်းဝန်ထမ်းများက ၎င်းတို့၏ မိသားစုများထံ ပြန်လည်ပေးပို့သော ငွေ ကြေးများမှာ နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသောအစိတ်အပိုင်းများလည်းဖြစ်သည်။ တူဗားလူ နိုင်ငံ သည် မြေမျက်နှာပြင်အနိမ့်တွင်တည်ရှိသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်သည့်အတွက် ရာသီဥတုပြောင်းလဲမှု ကြောင့်ဖြစ် ပေါ်လာနိုင်သော ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အကျိုးသက်ရောက်မှုများကို အဆိုးရွား ဆုံး ခံစားရမည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ လက်ရှိအချိန်တွင် တူဗားလူနိုင်ငံသည် ကျွန်းနိုင်ငံငယ် များ မဟာမိတ်အ ဖွဲ့ (Alliance of Small Island States) ၏ အ စိတ်အပိုင်းတစ်ခုအနေဖြင့် နိုင်ငံတကာ ရာသီဥတုဆိုင် ရာဆွေးနွေးညှိနှိုင်းပွဲများတွင် တက်ကြွစွာပါဝင်ဆောင် ရွက်လျက်ရှိကြောင်းလည်းသိရ သည်။
အကာအကွယ်ပေးမည့် သဘောတူစာချုပ်များ
ရာသီဥတုပြောင်းလဲမှုများကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့်အတူ (၂၀၂၂)ခုနှစ် နိုဝင်ဘာလ(၁၅)ရက်တွင် တူဗားလူနိုင်ငံက ၎င်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားရန်အ တွက် Metaverse (မီတာဗာ့စ်)နယ်ပယ်တွင် နိုင်ငံ၏ ဒီဂျစ်တယ်ပုံတူတစ်ခုကို တည်ဆောက်မည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံအဖြစ် အစီအစဉ်များကို ထုတ်ပြန်ကြေ ညာခဲ့သည်။ (၂၀၂၃)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်တွင် တူဗားလူနိုင်ငံက ဩစတြေးလျနိုင်ငံနှင့် Falepili Union စာချုပ်ကိုချုပ်ဆိုခဲ့ပြီး တူဗားလူဘာသာစကားအရ Falepili ဆိုသည်မှာ အိမ်နီးချင်းကောင်းပီသခြင်း၊ ဂရုစိုက်စောင့်ရှောက်ခြင်းနှင့် အပြန်အလှန်လေးစားခြင်းဆိုင်ရာ ရိုးရာတန်ဖိုးများကို ဖော်ညွှန်းခြင်းမျိုး ဖြစ်သည်။ အဆိုပါစာချုပ်သည် ရာသီဥတုပြောင်းလဲမှုနှင့် လုံခြုံရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကြီးများအပါအဝင် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ၊ ကူးစက်ရောဂါကပ်ဘေးများနှင့် ရိုးရာလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းပေးမည့်စာချုပ်တစ်ခုလည်းဖြစ်သည်။ စာချုပ်ကို အ ကောင်အထည်ဖော်ရာတွင် ဩစတြေးလျနိုင်ငံအနေဖြင့် Tuvalu Trust Fund (တူဗားလူ ယုံကြည်မှု ရန်ပုံငွေ)နှင့် Tuvalu Coastal Adaptation Project (တူဗားလူကမ်းရိုးတန်းဒေသ လိုက် လျောညီထွေဖြစ်စေရေးစီမံကိန်း)တို့အတွက် ゞင်း ၏ထည့်ဝင်ငွေပမာဏကို တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် ရာသီဥတုပြောင်း လဲမှုများကြောင့် ရွှေ့ပြောင်းနေထိုင်လိုသော တူ ဗားလူနိုင်ငံသားများအတွက် ဩစတြေးလျနိုင်ငံသို့ နှစ်စဉ် လူဦးရေ(၂၈၀)ခန့် ပြောင်းရွှေ့နေထိုင်နိုင် မည့် အစီအစဉ်တစ်ခုကိုလည်း ဩစတြေးလျ ဘက်က ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
(၂၀၂၅)ခုနှစ် ဇွန်လတွင် တူဗားလူနိုင်ငံက ၎င်း၏ပိုင်နက်အတွင်းရှိ ရေနေသတ္တဝါများကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်ချက်ဖြင့် High Seas Treaty (ပင်လယ်ပြင်ဆိုင်ရာစာချုပ်) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။

ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေး
တူဗားလူနိုင်ငံတွင် စစ်တလပ်မရှိသလို စစ်ဘက်ဆိုင်ရာအတွက်လည်း ငွေကြေးသုံးစွဲမှုမရှိ ကြောင်းသိရသည်။ ဖူနာဖူတီကျွန်းတွင် အခြေစိုက်သော တူဗားလူအမျိုးသားရဲတပ်ဖွဲ့တွင် ရေကြောင်း စောင့်ကြည့်ရေးတပ်ဖွဲ့၊ အကောက်ခွန်၊ အကျဉ်းထောင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ပါဝင်ကာ ရဲအရာရှိများက ဗြိတိန်ပုံစံယူနီဖောင်းများကို ဝတ်ဆင်ကြကြောင်းသိရသည်။ ထို့ပြင် တူဗားလူရဲ တပ်ဖွဲ့ က နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း တရားမဝင်၊ အစီရင်မခံထားခြင်းနှင့် စည်း မျဉ်းစည်းကမ်းသတ်မှတ်ချက်မရှိသော (IUU) ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်နေသည့် ငါးဖမ်းသင်္ဘော များပေါ်သို့ တက်ရောက်စစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများကို လုပ်ပိုင်ခွင့်ရှိကြောင်းလည်းသိရသည်။
တူဗားလူနိုင်ငံတွင် အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုကို တရားမဝင်လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိရောက်ပြီးကောင်းမွန်မှုရှိသော ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးစနစ်၊ ကျွန်းတစ် ကျွန်းစီရှိ သက်ကြီးဝါကြီးများပါဝင်သော ရိုးရာ အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုနှင့် တူဗားလူလူ့အဖွဲ့အ စည်းအတွင်း ဘာသာရေးအဖွဲ့အစည်းများ၏ အဓိကကျသောအခန်းကဏ္ဍများကြောင့် နိုင်ငံတွင်း တွင် ရာဇဝတ်မှုများဖြစ်ပွားခြင်းမှာ အလွန်နည်းပါးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှ ပြန်လည်ခေါ်ယူသူ (၅ဝဝဝ) ဆိုတာ
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
