ကမ္ဘာ့စွမ်းအင် စီးဆင်းမှုကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ ဟူသီအဖွဲ့ကို ဘယ်သူကတားဆီးနိုင်မှာလဲ
တင်ဇာ (NSS) - အောက်တိုဘာ ၂
အမေရိကန်သမ္မတထရမ့်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အရှေ့အလယ်ပိုင်းက စစ်ပွဲ အကြောင်းကို မေ့ထားချင်ပါလိမ့်မယ်။ ဒါပေမဲ့ စစ်ပွဲကတော့ သူ့ကို မေ့မသွားပါဘူး။ ပိုဆိုးလာတာက ယီမင်နဲ့ ပင်လယ်နီဒေသတွေမှာ ဟူသီလက်နက်ကိုင် အဖွဲ့တွေ စစ်နယ်ပိုချဲ့လာတာဟာ အီရန်စစ်ပွဲရဲ့ ရိုက်ခတ်မှုကို ဟော်မုဇ်ရေလက်ကြားအလွန်အထိ အခြေအနေ ပိုမိုတင်းမာလာစေပါတယ်။ အခုဆို အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ အီရန်စစ်ပွဲအပြင် ဆော်ဒီအာရေးဗျ ဟူသီတို့ကြားတိုက်ပွဲတွေပါ ပေါင်း လိုက်တော့ စစ်မီးက ပိုပြီးတောက်လောင်လာခဲ့ပါတယ်။ အခုတင်းမာမှုက ဘယ်လောက်အထိ အခြေ အနေဆိုးသလဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းကတင် ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေးဗျရဲ့မြို့ တော် ရိယာ့ဒ်ဆီ တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့တာကြောင့် ကြားဖြတ်ဟန့်တားခဲ့ရတာမျိုး တွေအထိ ရှိခဲ့ပါတယ်။
ဆော်ဒီနဲ့ဟူသီတွေကြားပဋိပက္ခက ခုမှစတာမဟုတ်ပါဘူး။ (၂၀၁၅)ခုနှစ်ကတည်းက ဆော်ဒီ ဦး ဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ ယီမင်စစ်ပွဲမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့ပြီးတဲ့နောက် ခုလို ပဋိပက္ခတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ခု (၂၀၂၆)မှာ ပြန်လည်စတင်လာတဲ့တင်းမာမှုတွေကတော့ ဆော်ဒီ ဦးဆောင်တဲ့မဟာမိတ်အဖွဲ့က (၂၀၂၂)ခုနှစ် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကနေ စတင်လာတယ် လို့ဆိုနိုင်ပါတယ်။ တုံ့ပြန်မှုအနေနဲ့ ဟူသီအဖွဲ့က ဇူလိုင်လ (၁၃)ရက်တုန်းက ဆော်ဒီအာရေးဗျတောင် ပိုင်းကို တိုက်ချင်းပစ်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆော်ဒီလေကြောင်းရန်ကာကွယ်ရေးတပ်က ကြားဖြတ်ဖျက်ဆီးခဲ့ရပါတယ်။ ဇူလိုင် (၂၅)ရက်မှာတော့ ဟူသီတွေပစ်ခတ်လိုက်တဲ့ဒုံးကျည်နဲ့ ဒရုန်းတွေ ဟာ ဂျီဇန်မြို့မှာရှိတဲ့ ဆော်ဒီအာရမ်ကိုရေနံချက်စက်ရုံကို ထိမှန်သွားခဲ့ပါတယ်။ စက်တင်ဘာလ (၈)ရက် မှာလည်း ဟူသီတွေက ဆော်ဒီအာရေးဗျနိုင်ငံထဲက နေရာအတော်များများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ တာ ကြောင့် လူ (၇၀)ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီအာရေးဗျဘက်က စက် တင်ဘာလ (၁၀)ရက်မှာ ယီမင်နိုင်ငံထဲကို လေကြောင်းတိုက်ခိုက်မှု အကြိမ်(၅၀)ကျော်အထိ ဆက် တိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ယီမင်ပြည်တွင်းစစ်မီးကနေ ကမ္ဘာက စောင့် ကြည့်ရတဲ့ စစ်မီးအဆင့်ကို ကူးပြောင်းသွားပါတယ်။
ဘတ်အယ်လ်မန်ဒတ်ရေလက်ကြားကို သိမ်းပိုက်ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေးကို
ခြိမ်းခြောက်လိုက်တဲ့ ဟူသီ
အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ရဲ့ နောက်ဆုံး စစ်ရေးတိုးတက်မှုတွေထဲမှာ ပင်လယ်နီထဲက အရေးပါတဲ့ မေယွန်ကျွန်းကို သိမ်း ပိုက်လိုက်တာလည်း ပါဝင်ပါတယ်။ ဒါဟာ အမေရိ ကန်နဲ့အီရန်ကြားစစ်ပွဲကြောင့် အလူးအလဲခံနေရတဲ့ ရေနံနဲ့ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ပိုပြီးဆိုး ရွားသွားစေခဲ့ပါတယ်။ ယီမင်သူပုန်အဖွဲ့ဟာ အလွန်အရေးပါတဲ့ ဘတ်အယ်လ်မန်ဒတ်ရေလက်ကြားကို အပြီးသတ်ထိန်းချုပ်ဖို့ ရှေ့တိုးလာနေတယ်ဆိုတာကို အမေရိကန်တာဝန်ရှိသူတွေ သိမြင်နေကြပေမယ့် ထရမ့်အစိုးရအဖွဲ့ကတော့ အမေရိကန်စစ်တပ်ကိုသုံးပြီး သူတို့ကိုတားဆီးဖို့ သိပ်ပြီးစိတ်အားထက်သန်မှု ရှိမနေပါဘူး။
ဘတ်အယ်လ်မန်ဒတ်ရေလက်ကြားဟာ မိုင် (၂၀)ပဲကျယ်တာပါ။ မိုင် (၂၀)ဆိုတဲ့ ရေပြင်ကျဉ်း ကျဉ်းလေးက ယီမင်နဲ့ဂျီဘူတီ၊ အာဖရိကတိုက်နဲ့ အာရေးဘီးယန်းကျွန်းဆွယ်၊ ပြီးတော့ ကမ္ဘာ့ကုန်သွယ် ရေးရဲ့ (၁၂)ရာခိုင်နှုန်းကိုထိန်းထားပေးတဲ့နေရာဖြစ်ပါတယ်။ အခုတော့ ဟူသီအဖွဲ့က ဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါပြီ။ ဟူသီအဖွဲ့ရဲ့ ဒုတိယ ပြန်ကြားရေးဝန်ကြီး မိုဟာမက်မန်ဆူးရ်က ရေလက်ကြားကိုပိတ်ပစ်ဖို့ဆိုတာ လုပ်လို့ရတဲ့ နည်း လမ်းတစ်ခုဖြစ်ပြီး ဒါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကိုတော့ အမေရိကန်နဲ့အစ္စရေးကျူးကျော်သူတွေပဲ ခံရလိမ့်မယ်လို့ဆိုပါတယ်။ အဲဒါကတော့ “အီရန်ကို အမေရိကန်ကတိုက်ခိုက်တဲ့အထဲမှာသာ မင်းတို့ပါဝင်ခဲ့ရင် ပင်လယ်နီဟာ ဘယ်သူမှဖြတ်သွားလို့ မရတဲ့ နယ်မြေဖြစ်သွားမယ်” လို့ ၎င်းက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီသတင်းစကားဟာ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက် ရိုက်ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။
အာရှနဲ့ဥရောပကြား စူးအက်တူးမြောင်းဆီ သွားလာနေတဲ့ ကွန်တိန်နာသင်္ဘောတိုင်းဟာ ဘတ် အယ်လ်မန်ဒတ်ရေလက်ကြားကို ဖြတ်သန်းသွားရ တာပါ။ ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ အမြောက်အ မြားဟာလည်း ဒီလမ်းကြောင်းကနေပဲ သွားရတာ ဖြစ်ပါတယ်။ ထိခိုက်မှုတွေ ဆက်တိုက်ဖြစ်အောင်လုပ် ပြီး ဟူသီတွေက ဒီရေလက်ကြားရဲ့တစ်စိတ်တစ်ပိုင်း ကိုပဲဖြစ်ဖြစ် ပိတ်ပစ်လိုက်မယ်ဆိုရင် ကမ္ဘာ့ စီးပွား ရေးအပေါ် ရိုက်ခတ်မှုတွေဟာ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာမှာပါ။ အခုအချိန်မှာတင် ဒီရေလက်ကြား ကိုဖြတ် သန်းတဲ့သင်္ဘောသွားလာမှုဟာ သိသိသာသာ လျော့ကျသွားခဲ့ပါပြီ။ တိုက်ပွဲတွေဖြစ်နေတုန်းက လည်း အဓိက သင်္ဘောလိုင်းကြီးတွေဟာ အာဖရိကတောင်ဘက်စွန်းကနေ ပတ်သွားခဲ့ရတာကြောင့် ခရီးစဉ် ရက်သတ္တ ပတ်ပေါင်းများစွာ ပိုကြာခဲ့သလို ကုန်စည်ပို့ဆောင်ခ ဒေါ်လာဘီလျံပေါင်းများစွာ ပိုကုန်ကျခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး နောက်ထပ် ထပ်ဖြစ်လာမှာကိုသင်္ဘောလိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။
ဟောမုဇ်ရေလက်ကြားနဲ့ ဘတ်အယ်လ်မန် ဒတ်ရေလက်ကြားနှစ်ခုလုံးသာ တစ်ပြိုင်နက်တည်း အပိတ်ခံလိုက်ရရင် ကမ္ဘာ့ကွန်တိန်နာသင်္ဘော သွားလာမှုရဲ့ (၃၀)ရာခိုင်နှုန်းလောက်ပိတ်ဆို့သွားနိုင်တယ် လို့ လေ့လာသူတွေက တွက်ချက်ထားကြပါတယ်။ ဒါကြောင့် ဒီရိုက်ခတ်မှုဟာ ခုကြုံတွေ့နေရတဲ့အကျပ် အတည်းတွေကို နှစ်ဆနီးပါးအထိ ထပ်တိုးသွားစေ နိုင်ပါတယ်။ ဒီအခြေအနေဟာ သီအိုရီတွက်ချက်မှု သက်သက်မဟုတ်တော့ပါဘူး။ အီရန်ဟာ သူ့ရဲ့စစ်ရေ ယာဉ်တပ်ဖွဲ့ကနေတစ်ဆင့် ဟောမုဇ်ရေလက် ကြားကိုထိန်းချုပ်ထားပြီး ဟူသီအဖွဲ့ကနေတစ်ဆင့် ဘတ် အယ်လ်မန်ဒတ်ရေလက်ကြားပေါ်မှာ လွှမ်းမိုး ထိန်းချုပ်ထားနိုင်ပါတယ်။

AI သုံး စစ်နည်းပညာအထိတိုးတက်လာတဲ့ ဟူသီအဖွဲ့
ဟူသီအဖွဲ့ရဲ့ စစ်ရေးနည်းပညာတိုးတက်လာမှုဟာ အရင်လို ပစ်ကပ်ကားတွေနဲ့သွားလာနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ြွကားဝါမှုသက်သက် မဟုတ်တော့ပါဘူး။ ဟူသီတွေဟာ လွန်ခဲ့တဲ့ (၂)နှစ် တာအတွင်း အီရန်ကထောက်ပံ့ထားပြီး လေ့ကျင့်ပေးထားတဲ့ တိကျတဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေကိုသုံးပြီး သင်္ဘောတွေကို တိတိကျကျတိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ သူတို့ဟာ အဓိက သင်္ဘောလိုင်းကြီးတွေကို ပင်လယ်နီထဲကနေရှောင်ထွက်သွားအောင် လုပ်ပြခဲ့ပြီးပါပြီ။ အခုလည်း ဒီထက် မက ပိုပြီးအန္တရာယ်များတဲ့စိန်ခေါ်မှုနဲ့အတူ နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ ရေလက်ကြားတစ်ခုကို ပိတ်ဆို့ဖို့ ခြိမ်းခြောက်နေကြတာပါ။
ခုချိန်မှာ ဟူသီတွေဟာ အီရန်ဆီက အကူ အညီရယူရုံတင်မကတော့ဘဲ သူတို့ဘာသာ သုတေ သနလုပ်ပြီး လက်နက်တိုက်နဲ့ တိုက်ခိုက်ရေးနည်းဗျူ ဟာတွေကို အတော်လေး အဆင့်မြှင့်တင်လာနေ တာ တွေ့ရပါတယ်။ အဓိကကတော့ အီရန်အပေါ် မှီခိုနေ ရတာကိုလျှော့ချဖို့အတွက် Claude Code လို AI မော်ဒယ်တွေကိုသုံးပြီး ဒုံးကျည်လမ်းညွှန်စနစ်နဲ့ ပျံ သန်းမှုထိန်းချုပ်ရေးဆော့ဖ်ဝဲလ်တွေ ရေးခိုင်းတာ၊ offline simulation tool တည်ဆောက်တာနဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေ တီထွင်ဖို့အထိ ကြိုးစား လာကြတာပါ။ ဒါ့ပြင် Conflict Armament Research(CAR) ရဲ့အဆိုအရ ကမ္ဘာပေါ်က ဘယ်လက် နက် ကိုင်အဖွဲ့မှာမှမတွေ့ဖူးသေးတဲ့ ကင်းလှည့်တော် ပီဒိုတွေအတွက် လမ်းကြောင်းပြတွေကိုပါ စမ်းသပ် ထုတ်လုပ်နေကြပါတယ်။ တာဝေးပစ်ဒုံးကျည်တွေ အပြင် လေထဲပတ်ဝဲပြီးတိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေ၊ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ရေကြောင်းပစ်မှတ်ဖျက် လက်နက်မျိုးစုံကို သုံးစွဲနေကြသလို၊ ထောက် လှမ်းရေး ဒရုန်းပျံသန်းပြီးတာနဲ့ အချိန်တိုအတွင်း ဒုံးကျည် ပစ်ခတ်နိုင်တဲ့အထိ စစ်ရေးအရ နည်းပညာ ပိုင်း ပိုပြီး အရှိန်အဟုန်နဲ့ မြင့်မားလာနေတာဖြစ်ပါတယ်။ ဒါ ကြောင့် ဟူသီလက်နက်ကိုင်တွေရဲ့ လက် နက်စွမ်းရည်ဟာ အီရန်နိုင်ငံအပေါ်ကိုပဲ အလုံးစုံမှီခိုနေရတဲ့ အဆင့်ကနေ လွန်မြောက်သွားပြီလို့ ဆိုနိုင်ပါ တယ်။
ဟူသီကို ဘယ်သူက တားဆီးနိုင်မလဲ
ခုချိန်ထိ အမေရိကန်ရော သူ့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေးဗျမှာပါ ဟူသီအဖွဲ့ကို ပြန်တိုက်ဖို့ ရေရာတဲ့အစီအစဉ် မရှိသေးပါဘူး။ ဒါ ကြောင့် ဒီဒေသမှာရှိတဲ့လူအများစုက ဒီစစ်ပွဲကို ဘယ် သူကများ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်မှာလဲဆို ပြီး မေးခွန်းထုတ်နေကြပါတယ်။ ဆော်ဒီအာရေးဗျအနေနဲ့ ကလည်း အမေရိကန်ရဲ့သတင်းအချက်အလက်နဲ့ ပစ်မှတ်ရှာဖွေရေးကူညီပေးမှုတွေ ရရှိထားတာတောင် မှ ယီမင်ရဲ့ အဓိကကမ်းရိုးတန်းမြို့တွေ သိမ်း ပိုက်ခံနေတာကို ထိရောက်စွာ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါဟာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်တာဝန်ရှိသူတွေကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီ တစ် နိုင်ငံတည်းနဲ့တော့ ဟူသီတွေကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်ဟာ ဘတ်အယ်လ်မန်ဒတ် ရေလက်ကြားရဲ့ တခြားတစ်ဖက် ဂျီဘူတီမှာရှိတဲ့ Camp Lemonnier စစ်အခြေစိုက်စခန်းကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ ဒါပေမဲ့ သမ္မတထရမ့် က အဲဒီ စခန်းကိုအသုံးပြုဖို့ သိပ်ပြီး စိတ်မဝင်စားဘူးဆိုတာ (၂၀၂၅) တုန်းက အမေရိကန်ရေတပ်နဲ့ ဟူသီတွေ ကြားဖြစ်ပွားခဲ့တဲ့တင်းမာမှုတွေကိုကြည့်ရင် မြင်သာပါတယ်။ ဒါ့ပြင် အီရန်နဲ့ဖြစ်နေတဲ့စစ်ပွဲမှာတင် အမေ ရိကန်အတွက် စစ်စရိတ် အတော်လေးကုန်ကျနေတာကြောင့် နောက်ထပ်စစ်ပွဲတစ်ခုကို ထပ်ပြင် ဖို့လို လားတော့မှာမဟုတ်ပါဘူး။
ဟူသီရဲ့ခြိမ်းခြောက်မှုတွေကိုချေမှုန်းဖို့ သက်သာတဲ့နည်းလမ်းဆိုတာ မရှိပါဘူး။ ဆော်ဒီအိမ်ရှေ့ မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ကတော့ (၂၀၁၅)ခုနှစ်ကတည်းက ဟူသီတွေဟာ ဆော်ဒီအတွက် တော့ ရေရှည်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားတာပါ။ ဆော်ဒီ၊ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ အမေ ရိကန် ဒါမှမဟုတ် ဥရောပသားတွေထဲက ဘယ်သူကမှ ဟူသီစစ်ယန္တရားကိုချေမှုန်းဖို့အတွက် ခြေလျင် တပ်ဖွဲ့တွေကို အချိန်အကြာကြီး စေလွှတ်တိုက်ခိုက်ဖို့ လုံးဝမလိုလားကြပါဘူး။
ဟူသီတွေဟာ ဒါကို သိပါတယ်။ အီရန်ကလည်း ဒါကိုသိပြီး သူတို့မဟာမိတ်ဟာ အရေးအပါဆုံး မဟာမိတ်ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဟူသီတွေဟာ ယီမင်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ တောင်တန်း ပထဝီဝင်အနေအထားနဲ့ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုပေါင်းစပ်ပြီး အရှေ့အလယ်ပိုင်းမှာ မာကျော တဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်လာခဲ့တာပါ။ အခုဆိုရင် ဟူသီက အီရန်ရဲ့ အဓိကမဟာမိတ်ဖြစ်လာပြီး ပင်လယ်နီကမ်းရိုးတန်းနဲ့ မဟာဗျူဟာမြောက်ကျွန်း တွေကိုထိန်းချုပ်ကာ အရေးပါတဲ့ရေလမ်းကြောင်း တွေကိုပါ ခြိမ်းခြောက်လာနေပြီဖြစ်ပါတယ်။
အစက လယ်သမား၊ သိုးကျောင်းသား အဆင့်ပဲရှိခဲ့တဲ့ ဟူသီတွေဟာ ပတ်ဝန်းကျင်ဆိုးကြီးထဲမှာ ပဲ အောင်မြင်စွာရပ်တည်နိုင်ခဲ့ကြပြီး အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့အကူအညီနဲ့ စစ်ရေးနဲ့နည်းပညာပိုင်းကို အရှိန်အဟုန်နဲ့မြှင့်တင်နိုင်ခဲ့ကြတယ်။ ဒရုန်းတွေ၊ ဒုံးကျည်တွေအပြင် AI နည်းပညာကိုပါ စိတ်အားထက် သန်စွာ သုံးစွဲလာကြပြီး အနာဂတ်မှာ စူးအက်တူးမြောင်းဘက်သွားတဲ့ ဘတ်အယ်လ်မန်ဒတ်ရေလက် ကြားကိုထိန်းချုပ်ကာ ကုန်သွယ်ရေးသင်္ဘောတွေဆီက အကျိုးအမြတ်ထုတ်ယူဖို့အထိ ရည်မှန်းချက်တွေ ပိုကြီးလာနေတာပါ။
အီရန်အတွက်တော့ ဟူသီတွေကိုထောက်ပံ့ရတာ စရိတ်အင်မတန်သက်သာပြီး ရရှိတဲ့ မဟာဗျူ ဟာမြောက်အမြတ်အစွန်းကတော့ အလွန်ကြီးမားနေပါတယ်။ အတိတ်ကအတွေ့အကြုံတွေအရ အ နောက်နိုင်ငံတွေရော အာရပ်နိုင်ငံတွေပါ ဟူသီတွေနဲ့ အသေအကျေ တိုက်ဖို့ လုံးဝမစွန့်စားချင်ကြပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းပြိုင်ပွဲမှာ သူတို့ပဲ အသာစီးရထားတယ်လို့ ဟူသီနဲ့အီရန်တို့ကတွက်ထားကြပြီး ယီမင်ပြည်တွင်းစစ်ကလည်း ခုဆိုရင် ကမ္ဘာလုံးဆိုင်ရာအဆင့်ကို ဦးတည်သွားနေတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေလီမြို့ရှိအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟု စည်းရုံးပြောဆိုကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သူ(၃)ဦးကို အလုပ်နှင့် ထောင်ဒဏ်(၂၅)နှစ်ချမှတ်
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
