ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့ကာ နေပြည်တော်နှင့် တိုင်း(၄)ခုကို ဆက်လက်ဖြတ်ကျော်နိုင်
စော (NSS) - စက်တင်ဘာ ၂၉
မြန်မာနိုင်ငံ ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့ကာ နေပြည်တော်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(စက်တင်ဘာ ၂၉ ရက်)က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ် အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။

ယင်း ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဖြူးမြို့(Phyu)၏ တောင်-အရှေ့တောင် ဘက် မိုင် (၃၀) ခန့်၊ တောင်ငူမြို့(Taunggu)၏ တောင်-အရှေ့တောင်ဘက် မိုင် (၆၀) ခန့်နှင့် နေပြည်တော်(Naypyitaw) ၏ တောင်-အရှေ့တောင်ဘက် (၁၂၀) မိုင်ခန့် အကွာကို ဗဟိုပြုနေကာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက်အနီးမှဖြတ်ကျော်နေ၍ အညိုရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် မြောက်လတ္တီကျု (၁၈.၁) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၆.၆) ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင် နှုန်းခန့် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လာမည့် (၃၆) နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု မိုးဇလမှခန့်မှန်းထားသည်။
ယင်းမုန့်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့(စက်တင်ဘာ ၂၉ ရက်)၊ နံနက်မှ အောက်တိုဘာ (၁)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀)အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေ မှ (၁၁) ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်သန်းရာဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုရှောင်ရှားနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဒေါ်လာ (၂) ဘီလျံနီးပါး တန်ဖိုးရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်ခံရရှိမည့်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
