သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
ALynn (NSS)- စက်တင်ဘာ ၁၂
မြန်မာနိုင်ငံ၏ အကြီးဆုံး ဆည်မြောင်းတမံတစ်ခုဖြစ်သည့် သဖန်းဆိပ်ဆည် ပတ်ဝန်းကျင်တွင် ရွှေတူးဖော်သည့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာရာ ယခုအခါ တူးဖော်မှု ဧရိယာပေါင်း ဟက်တာ (၂၉,၀၀၀) နီးပါး (ဧက ၇၀,၀၀၀ ကျော်) အထိ ရှိလာကြောင်း အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂၀၂၁) ခုနှစ် မတိုင်ခင်က အဆိုပါ သဖန်းဆိပ်ဆည် ပတ်ဝန်းကျင်တွင် ရွှေတူးဖော်မှု ဧရိယာ (၁၂,၈၉၀) ဟက်တာ (ဧက ၃၀,၀၀၀ ကျော်) သာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဧရိယာပမာဏ နှစ်ဆကျော်အထိ တိုးချဲ့လာခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းများ သိသိသာသာတိုးချဲ့လာသည့် နယ်မြေအများစုမှာ သဖန်းဆိပ်ဆည်၏ မြောက်ဘက်၊ မူးမြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိပြီး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော ဒေသများ၌ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယခုအခါ ရွှေတူးဖော်မှုများသည် မြစ်ကမ်းပါးများမှတစ်ဆင့် သစ်တောများနှင့် စပါးခင်းများအထိသာမက လူနေအိမ်များအနီးသို့ပင် ကျယ်ပြန့်လာခဲ့သည်။ လက်နက်ကိုင်အဖွဲ့များ၏ ဖိအားပေးမှုကြောင့် မြေများကို ရွှေတူးသူများထံ ရောင်းချလိုက်ရသဖြင့် ဒေသခံ တောင်သူများအနေဖြင့် ရေထုညစ်ညမ်းမှုနှင့် ပျက်စီးသွားသော စိုက်ပျိုးမြေများသာ ကျန်ရစ်တော့ကြောင်း ပြောဆိုကြသည်ဟုလည်း သိရသည်။
ထိုသို့ တူးဖော်ရရှိသည့် ရွှေများကို လှေ၊ လေယာဉ် သို့မဟုတ် ကုန်းလမ်းဖြင့် မန္တလေးမြို့ရှိ ရွှေချက်စက်ရုံများသို့ ပို့ဆောင်ကြသည်။ ပြည်တွင်း၌ မြန်မာကျပ်ငွေ တန်ဖိုး မတည်ငြိမ်မှု၊ အရင်းအနှီး ထိန်းချုပ်မှုများနှင့် ဘေးကင်းသော ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များကြောင့် ရွှေဝယ်လိုအား မြင့်မားလျက်ရှိသည်။ ထို့ပြင် အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ရွှေဈေး ပိုမိုရရှိသောကြောင့် ကုန်သည်များက နယ်စပ်မျဉ်းများမှတစ်ဆင့် မှောင်ခိုကူးကြကြောင်းလည်း ဖော်ပြကြသည်။

တရားဝင် ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ ရွှေထုတ်လုပ်မှုသည် (၅၀၀) ကီလိုဂရမ်ခန့်သာ ရှိသော်လည်း တရားမဝင် ထုတ်လုပ်မှုမှာ အနည်းဆုံး (၁၀) ဆမျှ ပိုမိုမြင့်မားနိုင်သဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁) ဘီလီယံနီးပါး တန်ဖိုးရှိသော လုပ်ငန်းတစ်ခု ဖြစ်လာသလို လက်နက်ကိုင် အဖွဲ့အစည်းများအတွက်လည်း အဓိက ဝင်ငွေရလမ်းဖြစ်နေသည်ဟုလည်း ဖော်ပြထားသည်။
သို့သော် ယင်းလုပ်ငန်းများကြောင့် စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ ရေလမ်းကြောင်းများ ညစ်ညမ်းခြင်းအပြင် ဒေသခံများမှာ စစ်ပွဲ၏ ပစ်မှတ်များ ဖြစ်လာစေသည်။ "ဝင်ငွေတွေက တော်လှန်ရေးကို တကယ် အထောက်အကူပြုတယ်ဆိုရင် ရွှေတူးတာကို ကျွန်တော် မကန့်ကွက်ပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတွေကို ထိန်းချုပ်ဖို့ လိုပါတယ်။ အခုတော့ စည်းကမ်းမရှိဘဲ ကြိုက်တဲ့နေရာမှာ တူးနေကြတာပဲ" ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်း ICG က ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
