ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်
စော (NSS) - စက်တင်ဘာ ၁၁
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ် ခန့်မှန်းချက်အရ သိရသည်။ အနောက်တောင်မုတ်သုံလေသည် လာမည့် (စက်တင်ဘာလ ၁၄ ရက်)မှ (၁၉) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် (၈) ရက်မှ (၁၀) ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် (၅) ရက်မှ (၇) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ပေဝက်မှ တစ်ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂) ပေမှ (၅) ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ (၂) ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၄) ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၂) ပေမှ (၃) ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် (၁) ပေမှ (၂) ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တသ် ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၂) ပေမှ (၃) ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ် ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၅) ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့ နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁) ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် (၄) ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှာ (၇) လအတွင်း ခရီးသွားတိုင်ကြားမှု စံချိန်တင် မြင့်တက်
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
