ရွှေလီ (၁) ဓာတ်အားပေးစက်ရုံ (၁) ပတ်ခန့် ပြုပြင်မည်ဖြစ်ရာ မူဆယ်နှင့် နမ့်ခမ်းမြို့တို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်
သန့်မင်းအိမ် (NSS) - စက်တင်ဘာ ၁၁
ရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ အမှတ်(၆)ဓာတ်အားပေးစက်အား (၁)ပတ်ခန့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သဖြင့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အနောက်ဘက် (၁၇) မိုင်ခန့်အကွာရှိ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ထားရှိပြီး မိုးရာသီကာလ နိုင်ငံပိုင်ရေအားစက်ရုံများ ရေဝင်ကောင်းမွန်သည့် ကာလတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိပြီး စက်ရုံရှိ အမှတ် (၆) ဓာတ်အားပေးစက်၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ (၁၁) ရက်မှ (၁၇) ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း (၆၆) ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားပေးထားသော မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် လျှပ်စစ်ဓာတ်အားယာယီ ပြတ်တောက်မည်ဖြစ်ကြောင်းသိရသည်။
အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်းများ တစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများနှင့် သစ်ပင်သစ်ကိုင်းများထိ၍ ဗို့အားကျဆင်းခြင်း ကင်းဝေးစေရန်အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရန် (၃၃) ကေဗွီ ရေဆင်းဓာတ်အားလိုင်းအား မနက်ဖြန် စက်တင်ဘာ (၁၂) ရက် နံနက် (၈) နာရီမှ မွန်းလွဲ (၃) နာရီအထိဓာတ်အားပိတ်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး (၃၃) ကေဗွီ ဇေယျာသီရိဓာတ်အားလိုင်းကိုလာမည့် စက်တင်ဘာ (၁၃) ရက်နံနက် (၈) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဓာတ်အားပိတ်၍လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဓာတ်အားလိုင်းအနီးရှိ ရုံးဌာနများ၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမှာ လေထုညစ်ညမ်းမှုကြောင့် ပြင်ပအမှိုက် မီးရှို့ခြင်းများ ပိတ်ပင်
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
