ထိုင်းနိုင်ငံက အနားပေးထားသည့် စစ်ဘက်သုံးယာဉ်များကို နှစ်မြှုပ်၍ ပင်လယ် သစ်တောကြီးများကို အတုပြုလုပ် (ဘာသာပြန် ဆောင်းပါး)

HtayOung (NSS)- စက်တင်ဘာ ၉
၂၀၁၀ ခုနှစ်တုန်းက ထိုင်းအစိုးရဟာ နရသီဝပ်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ ထူးခြားတဲ့ ရေအောက် အင်ဂျင်နီယာလုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်းမိဖုရားကြီးကိုယ်တိုင် ထောက်ခံခဲ့တဲ့ အစီအစဉ်အရ စစ်တပ်မှအနားပေးထားတဲ့ သံချပ်ကာကား (၂၅) စီး၊ အသုံးမပြုတော့တဲ့ မီးရထားတွဲ (၂၇၃) တွဲနဲ့ အမှိုက်သယ် ယာဉ် (၁၉၈) စီးတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကွေ့အတွင်း နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အလွန်အကျွံ ငါးဖမ်းဆီးမှုများကြောင့် အဲ့ဒီဒေသဟာ ငါးသယံဇာတ လျော့နည်းလာပြီး (ထိုင်းတောင်ပိုင်း မလေး ရှားနယ်စပ်) မတည်ငြိမ်တဲ့ ပြည်နယ်များမှ ဒေသခံရေလုပ်သားများရဲ့ တောင်းဆိုချက်အရဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် တိုင်းမ်အောဖ့် အင်ဒီယား (8 September 2026) က ရေးတယ်။
ဒီအတွက် အစိုးရတာဝန်ရှိသူတွေက ရေနေသက်ရှိတို့ ပေါက်ဖွားကျင်လည်ရာ သန္တာကျောက်တန်းတုများကို တကူးတက တည်ဆောက်မယ့်အစား ဒေသတစ်ဝန်း စွန့်ပစ်ယာဉ်ယန္တရားဟောင်းများကို အသုံးပြုပြီး သန္တာကျောက်တန်းတု (၇၂) ခုရဲ့ အခြေခံအဆောက်အအုံများအဖြစ် ပင်လယ်ရေအောက်မှာ နစ်မြှုပ်ထားခဲ့ကြတယ်။
နစ်မြှုပ်ထားတဲ့ ယာဉ်ယန္တရားဟောင်းတွေဟာ ရေညှိ၊ သန္တာနဲ့ အခြားပင်လယ်သတ္တဝါများ ကြီးထွားအခြေချနိုင်မယ့် ခိုလှုံရာနဲ့ မာကျောတဲ့ မျက်နှာပြင်များကို ပေးစွမ်းရန် ရည်ရွယ်ထားတယ်။ အချိန်ကြာလာသည်နှင့်အမျှ အဲ့ဒီနေရာတွေဟာ ပင်လယ်သတ္တဝါငယ်များအတွက် သုခဘုံဖြစ်လာပြီး ငါးကြီး ငါးကောင်းများကို ဆွဲဆောင်နိုင်တဲ့အတွက် ဒေသခံငါးဖမ်းကွက်များ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်တယ်။
နောက်ပိုင်းမှာ အဏ္ဏဝါသုတေသီများက နှစ်မြှုပ်ထားတဲ့ အဆောက်အအုံများအနီး ငါးအုပ်စုများ ဖွံ့ဖြိုးလာပုံကို လေ့လာခဲ့တယ်။ သံချပ်ကာကား (၄) စီးနဲ့ မီးရထားတွဲ (၃) တွဲရှိတဲ့ နေရာနှစ်ခုမှ တွေ့ရှိချက်များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာမ်ကမ်ဟန်း တက္ကသိုလ် သိပ္ပံဌာနက တရားဝင်ထုတ်ဝေတဲ့ နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြခဲ့တယ်။
သုတေသီတွေဟာ အဲ့ဒီအဆောက်အအုံများအနီးရှိ ငါးမျိုးစိတ်များနဲ့ အရေအတွက်များကို မှတ်တမ်းတင်ခဲ့ပြီး ပထမအကြိမ်မှာတုန်းက မတွေ့ရှိခဲ့တဲ့ မျိုးစိတ်များ ရှိ-မရှိကိုလည်း ထပ်မံရှာဖွေခဲ့တယ်။ လေ့လာမှုအရ ငါးမျိုး စိတ် (၅၃) မျိုးနှင့် မျိုးရင်း (၂၁) မျိုးတွေ့ရှိရတယ်။ ငါးပါးနီအုပ်စုဝင် ငါးများက မျိုးစိတ် (၇) မျိုးနဲ့ ကွဲပြားမှု အများဆုံး ဖြစ်ပြီး လူကြိုက်များတဲ့ ငါး (၂)-မျိုးကိုလည်း မျိုးစိတ် (၄) မျိုးစီ တွေ့ရှိရတယ်။ မီးရထားတွဲများမှာ ငါး မျိုးစိတ်ကွဲပြားမှု အနည်းငယ်ပိုများပေမယ့် သံချပ်ကာ ကားများအနီး ငါးအုပ်ကြီးများ ပိုမိုစုဝေးကျက်စားကြောင်းကိုလည်း တွေ့ရှိခဲ့တယ်။
လေ့လာမှုက သန္တာကျောက်တန်းတုများရဲ့ ပုံသဏ္ဍာန်၊ ခိုလှုံစရာနေရာနဲ့ မျက်နှာပြင်ဧရိယာတို့ဟာ အဲ့ဒီနေရာမှာ ဘယ်လိုပင်လယ်သတ္တဝါမျိုးစိတ်များ အခြေချမယ်ဆိုတာနဲ့ အရေအတွက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြသခဲ့တယ်။
ထိုင်းနိုင်ငံရဲ့ စီမံကိန်းဟာ တကူးတကနေရာရှာပြီး ရပ်နားထားရတဲ့ စွန့်ပစ်စက်မှုနဲ့ စစ်ဘက်သုံးပစ္စည်းများကို ပင်လယ်ရေပြင်အောက်မှာ ပြန်လည်အသုံးချပြီး ပင်လယ်သတ္တဝါများအတွက် စားကျက်သစ်များ ဖန်တီးနိုင်ကြောင်းပြသတဲ့ ဥပမာတစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ရေရှည်ပတ်ဝန်းကျင်အကျိုးကျေးဇူးများ ရရှိရန် သင့်လျော်တဲ့နေရာ ရွေးချယ်ခြင်းနဲ့ ပုံမှန် စောင့်ကြည့်လေ့လာခြင်းများ လိုအပ်တယ်။
သန္တာကျောက်တန်းတွေဟာ ငါးနဲ့ ပင်လယ်သတ္တဝါများအတွက် အဓိကနေထိုင်ရာဖြစ်တဲ့အတွက် အရေးပါတယ်။ ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာတို့ရဲ့ အစားအစာနဲ့ ငါးဖမ်းလုပ်ငန်းကို ထောက်ပံ့ပေးထားတယ်။ လှိုင်းဒဏ်နဲ့ မုန်တိုင်းဒဏ်ကို လျှော့ချပေးပြီး ပင်လယ်ကမ်းရိုးတန်းကို ကာကွယ်ပေးတယ်။ ပင်လယ်ပြင်ရဲ့ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) အတွက် အလွန်အရေးကြီးတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဒေသခံစီးပွားရေး အတွက်လည်း အကျိုးပြုတယ်။
အတိုချုပ်ဆိုရလျှင် သန္တာကျောက်တန်းတွေဟာ “ပင်လယ်ရဲ့ သစ်တောများ” လိုပါပဲ။ ငါးမျိုးစိတ်တွေ ရှင်သန်ဖို့၊ လူသားတွေ စားနပ်ရိက္ခာရရှိဖို့နဲ့ ကမ်းရိုးတန်းတွေကို ကာကွယ်ဖို့အတွက် အဓိကအခန်းကဏ္ဍမှာ တည်ရှိ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
SSPP/SSA ၏ ဒုတိယနာယက ဗိုလ်ချုပ်ကြီး စဝ်နော်မိုင်းလုံ ကွယ်လွန်
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
