(၂) နှစ်ကျော်အကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီးနောက် ကျောက်မဲနှင့် သီပေါ မကြာခင် မီးလင်းတော့မည်
သန့်ဇင် (NSS) - စက်တင်ဘာ ၈
မြောက်ပိုင်း(၃)ဖွဲ့၏ (၁၀၂၇)အမည်ဖြင့် စစ်ရေးဖော်ဆောင်မှုအတွင်း (၂)နှစ်ကျော်အကြာအထိ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကျောက်မဲမြို့နှင့်သီပေါမြို့တို့သည် မကြာ ခင်ရက်ပိုင်းအတွင်း လျှပ်စစ်မီးပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း သိရှိသူသတင်းရင်းမြစ်က NP News သို့ပြောသည်။
အဆိုပါ မြို့(၂)မြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိရေးတာဝန်ရှိသူများနှင့်ညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် လာမည့်စက်တင်ဘာလ ဒုတိယပတ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိလာနိုင် ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“ဒီ(၉)လပိုင်း ဒုတိယပတ်လောက်ထဲမှာပေါ့။ သိပ်မလိုတော့ဘူး။ ညှိနှိုင်းရေးတွေအကုန်လုံး တော့အဆင်ပြေသွားပြီ။ ကြိုးတွေတော့ ဆက်လုပ်နေတာပဲလေ။ ကျောက်မဲ၊ သီပေါ (၂)မြို့ပေါ့။ မီးမလင်းတာက (၁၀၂၇) ပထမပတ်လောက်တည်းက။ မီး ကြိုးတွေ၊ ထရန်စဖော်မာတွေ အကုန်လုံး ဖြုတ်ခိုးခံရတာကိုး။ ထရန်စဖော်မာတွေလည်း အကုန်လုံးယူသွားတာ” ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီးကို ရွှေလီဓာတ်အားလိုင်းမှ ရယူမည်ဖြစ်ပြီး သီပေါဓာတ်အားခွဲရုံမှတစ်ဆင့် သီပေါနှင့် ကျောက်မဲမြို့တို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ TNLA တို့ တိုက်ပွဲ ဖော်ဆောင်ခဲ့စဉ်ကာလအတွင်း လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီးနောက် ကျောက်မဲမြို့နှင့်သီပေါမြို့တို့မှ လျှပ်စစ်ဓာတ်အားကြိုးများနှင့် ထရန်စဖော်မာများ ခိုးယူခံခဲ့သဖြင့် လက်ရှိ ပြန်လည်တည်ဆောက်ရေး ကာလတွင် လျှပ်စစ်မီးရရှိရန်ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တချို့နေရာတွေတော့ နည်းနည်းကြာဦးမယ်။ ကြိုးတွေ၊ ထရန်စဖော်မာတွေ အဆင်သင့်ရှိတဲ့ ဟာတွေတော့ မြန်မြန်လာမှာပေါ့။ အရင်ရမှာပေါ့။ (၁၀ဝ)ရာခိုင်နှုန်းတော့မဖြစ်နိုင်ဘူး။ တချို့နေရာကျ တော့ မီးကြိုးတွေကအစ လုံးဝမရှိတာ။ ပြီးရင် ထရန်စဖော်မာလည်း လုံးဝမရှိဆိုတော့ အဆင်မပြေဘူး။ အဲဒီတုန်းကဆို ရှိသမျှဟာအကုန်ယူတာ။ ထရန်စဖော်မာတင်မဟုတ်ဘူး တန်ဖိုးကြီးတယ်ဆိုတဲ့ဟာ ရုံးသုံးတွေ၊ ဆိုင်းဘုတ်တွေ အဲဒီလိုဟာတွေကအစ အကုန်ယူတာ။ လက်ဆေးဘေစင်တွေတောင်ဖြုတ် ယူတာ”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ လျှပ်စစ်မီးပြန် လည်ရရှိတော့မည့်အခြေအနေဖြစ်သော်လည်း ဒေ သခံများအနေဖြင့် နေအိမ်မှ လျှပ်စစ်ဓာတ်အားကြိုး နှင့် မီတာဘောက်များဖြုတ်ခိုးခံခဲ့ရသည့်အတွက် ပြန်လည်တပ်ဆင်အသုံပြုနိုင်ရန် အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “တချို့ကလည်း မပျော်နိုင်ဘူးပေါ့။ မီးရတာတော့ပျော်တယ်။ ဒါပေမဲ့ သူတို့က ပြန်ဆက်ဖို့ဆိုတာမလွယ်သေးဘူးပေါ့။ အိမ်ရှေ့ထိ မီးလာပေးမယ်ဆိုရင်တောင်မှ အဲဒီမီးကြိုးတွေဘာတွေ အကုန်လုံး ပြန်ဆင်ဖို့ဆိုတာ မလွယ် သေးဘူး။ ဘာလို့ဆို စီးပွားရေးပိုင်းမှာ တော်တော်ထိသွားတာ။ အခုမှ စလုံးကအစ ပြန်စရတာ။ မီတာ ဘောက်စ်တွေ၊ ကြိုးတွေဝယ်ဖို့တောင်မှမလွယ်ဘူး။ အခုကုန်ဈေးနှုန်းနဲ့ လွယ်မှာမဟုတ်ဘူး”ဟု ဒေသခံ က ပြောသည်။
ကျောက်မဲမြို့ရှိ ဌာနဆိုင်ရာများယာယီရုံး (ကမ္ဘောဇရှမ်းကျောင်းကြီး)၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ခရိုင်စီမံ ကိန်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းရုံး၊ မြို့မရဲစခန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ ပြည်သူ့ဆေးရုံနှင့် ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြန်မာ့စီးပွား ရေးဘဏ်နှင့် ကျောက်မဲမြို့ကျက်သရေဆောင်ခန်းမတို့သည် ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် နိုဝင်ဘာလက စတင်ကာ နမ့်စောင်းငေါင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားရရှိခဲ့ကြောင်း သိရ သည်။
သို့သော် သီပေါမြို့သည် ပြီးခဲ့သည့်ကာလတွင် ဌာနဆိုင်ရာများပါလျှပ်စစ်မီးမရရှိခဲ့ဘဲ လက်ရှိ တွင် ထရန်စဖော်မာနှင့် လျှပ်စစ်ဓာတ်အားလိုင်း ပျက်စီးမှုများကိုစစ်ဆေးခဲ့ပြီးနောက် လျှပ်စစ်မီးပြန် လည်ရရှိတော့မည်အခြေအနေဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါးမျှားကြိုးမှ လျှပ်စစ်ဓာတ်အားကြိုးအား သွားရောက်ချိတ်မိရာ (၉) နှစ်အရွယ် ကလေးငယ်ဓာတ်လိုက်သေဆုံးမှု ရေတာရှည်မြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
