တောင်ကိုရီးယားအနုပညာပွဲတစ်ခုမှာ ဂျပန်ရိုးရာဝတ်စုံဝတ်ဆင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား အန်ဆယ်အဲဂေါ့ ဝေဖန် ခံနေရ
ရောင်နီ (NSS) - စက်တင်ဘာ ၅
အမေရိကန် သရုပ်ဆောင်နဲ့ အဆိုတော် အန်ဆယ် အဲဂေါ့ ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပခဲ့ တဲ့အနုပညာပွဲတစ်ခုကို ဂျပန်ရိုးရာဝတ်စုံ ယူကာတာ (Yukata) ဝတ်ဆင်တက်ရောက်ခဲ့တာကြောင့် ကိုရီးယား အင်တာနက်အသုံးပြုသူတွေရဲ့ဝေဖန်ရှုတ်ချမှုကို ခံနေရပါတယ်။
အဲဂေါ့ဟာ စက်တင်ဘာလ (၂) ရက်က ဆိုးလ်မြို့၊ ဟန်းနမ်ဒုံးရှိ Leeum Museum of Art မှာ CJ Group မှ ဦးစီးကျင်းပတဲ့ 'CJ Night in Celebration of Frieze Seoul' ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲကို G-Dragon၊ လီဂျောင်ဂျဲ၊ လီဗျောင်ဟွန်းနဲ့ ဒါရိုက်တာ ပတ်ချန်းဝုခ် အပါအဝင် ကိုရီးယားနဲ့ ပြည်ပမှ ထိပ်တန်း အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အဲဂေါ့ဟာ ပွဲကို ဂျပန်ရိုးရာ နွေရာသီဝတ်စုံဖြစ်တဲ့ ယူကာတာ ဝတ်ဆင်လာခဲ့တာကြောင့် ကိုရီးယားလူမှုကွန်ရက်ပေါ်မှာ ချက်ချင်း ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ ကိုရီးယားနဲ့ဂျပန်နိုင်ငံကြားမှာ သမိုင်း ဆိုင်ရာထိလွယ်ရှလွယ်ရှိတဲ့ အခြေအနေတွေ ရှိတာကြောင့် ဆိုးလ်မြို့လယ်ခေါင်မှာ ကျင်းပတဲ့အခမ်းအနားမှာ ဂျပန်ရိုးရာဝတ်စုံကို ဝတ်ဆင်လာခြင်းဟာ လေးစားမှုမရှိ၊ သင့်တော်မှုမရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ အင်တာနက် အသုံးပြုသူတွေက ထောက်ပြကြပါတယ်။ ဒါအပြင် ပွဲစီစဉ်သူတွေဘက်က တက်ရောက်သူတွေကို dress code အနေနဲ့ "Cocktail Attire" ဝတ်ဆင်ဖို့ ကြိုတင် အကြောင်းကြားထားခဲ့ပေမယ့်လည်း အဲဂေါ့ရဲ့ဝတ်ဆင်မှုဟာ ပွဲရဲ့ သတ်မှတ်ဝတ်စုံစည်းကမ်းနဲ့လည်း လွဲမှားနေခဲ့တယ်လို့ ဆိုပါတယ်။
အသက် (၃၂) နှစ်အရွယ် မင်းသား အန်ဆယ်အဲဂေါ့ဟာ 'Baby Driver' နဲ့ 'West Side Story' ဇာတ်ကား တွေနဲ့လူသိများသူဖြစ်ပြီး ယခင်ကလည်း ဂျပန်ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မကြာခဏ တင်လေ့ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကို တရားရုံးက ဖမ်းဝရမ်းထုတ်
RELATED POSTS
05 Oct 2026 | အနုပညာ,နိုင်ငံတကာ
