ချင်းဈေးကွက် ပြည်ပတင်ပို့မှုလျော့ကျပြီး ပြည်တွင်းစားသုံးမှု ကိုသာမှီခိုနေရ
ကိုဖြိုး (NSS) စက်တင်ဘာ-၂
ချင်း အများဆုံး ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောင်ပန်း-တောင်ကုတ် လမ်းကြောင်းမှ တင်ပို့ခဲ့ကြပြီး လက်ရှိတွင် အဆိုပါလမ်းပိုင်းမှတစ်ဆင့် တင်ပို့ရန် အခက်အခဲများရှိနေခြင်းကြောင့် ချင်းဈေးကွက် အခက်အခဲကြုံတွေ့နေကြောင်း သိရသည်။
"လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို မတင်ပို့နိုင်တော့တာပါ။ ဒါကြောင့် ချင်းဈေးကွက်လည်း အရင်လို မကောင်းတော့ဘူး။ ပြည်တွင်းစားသုံးမှုလောက်ပဲ ရှိတယ်။ ရေကြောင်းလိုင်းနဲ့ပို့ရင်လည်း ကုန်ကျစရိတ်များတယ်။ ဘာပဲဖြစ်ဖြစ် နောက်နှစ်လည်း လျှော့စိုက်ရမယ့် ကုန်စည်တစ်မျိုးပါပဲ" ဟု ပြည်ပသို့ချင်းတင်ပို့သူ ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြေဖြူချင်းဥမ တစ်ပိဿာလျှင် (၅၀၀) မှ (၇၀၀) ကျပ်ကြားသာရှိပြီး မြေနီချင်းဥမ တစ်ပိဿာလျှင် (၁,၀၀၀) မှ (၂,၀၀၀) ကျပ် ပတ်ဝန်းကျင်တွင် ရှိကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိဈေးကွက်မှာ ကမောက်ကမဖြစ်နေပြီး အချို့ကုန်သည်များမှာလည်း အဝယ်ရပ်နားထားကြကြောင်း သိရသည်။
"လက်ရှိ ဈေးကွက်မှာ ချင်းဥမ တစ်မျိုးတည်း ရှိတယ်။ ဈေးကွက်က အရင်နှစ်တွေလောက်တော့ ဘယ်ကောင်းမလဲ၊ ဘယ်ဈေးရမလဲ။ အခြေအနေ မကောင်းတော့ ပြည်ပကို တင်ပို့လို့လည်း မရဘူး။ လျှော့ချစိုက်ပျိုးလိုက်ရင် ဈေးကွက်မှာ ကုန်မပေါတော့ ဈေးရသင့်ရထိုက်တာ ရနိုင်တာပေါ့" ဟု ရှမ်းပြည်နယ်မှ ကုန်စိမ်းရောင်းဝယ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းစားသုံးမှုပမာဏကို ကျော်လွန်ကာ စိုက်ပျိုးထုတ်လုပ်မှုများ ရှိနေသဖြင့် လျှော့ချစိုက်ပျိုးရန် ဈေးကွက်နားလည်သူများက အကြံပြုထားကြသည်။
ဈေးကွက်တွင် မကြာမီ ချင်းဥမရာသီ ကုန်ဆုံးကာ ချင်းတက်ဝင်ချိန် ရောက်ရှိလာတော့မည်ဖြစ်ပြီး ချင်းခြောက်မှာမူ ဝယ်လိုအား အနည်းငယ်ရှိနေသော်လည်း ဈေးမကိုက်သဖြင့် အရောင်းအဝယ် ပါးနေကြောင်းလည်း သိရသည်။
လွန်ခဲ့သောနှစ်များက ချင်းဥမ တစ်ပိဿာလျှင် (၇,၀၀၀) မှ (၈,၀၀၀) ကျပ်ကြား ရှိခဲ့ပြီး ယခုအခါ ဈေးထက်ဝက်ခန့် ကျဆင်းနေပြီး တစ်ပိသာလျှင် (၃,၅၀၀)ကျပ်ဝန်းကျင်သို့ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ချင်းကို ရှမ်းပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိသဖြင့် ရန်ကုန်ဘက်မှတစ်ဆင့် သင်္ဘောဖြင့်လည်းကောင်း၊ ကွန်တိန်နာဖြင့်လည်းကောင်း၊ စင်္ကာပူနိုင်ငံသို့လည်းကောင်း တင်ပို့နေကြရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းတွင် Express ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
