ရှီကျင့်ဖျင်၏ အိန္ဒိယ၊ အမေရိကန် ခရီးစဉ်များနဲ့ ကမ္ဘာ့အခြေအနေကို လေ့လာခြင်း
Htay Oung (NSS) - စက်တင်ဘာလ ၂
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့်စက်တင် ဘာလ နယူးဒေလီမှာကျင်းပမယ့် BRICS ထိပ်သီး အစည်းအဝေးကိုတက်ရောက်ဖို့ အိန္ဒိယနိုင်ငံကိုလာ ရောက်ဖွယ်ရှိကြောင်းReuters (24th August 2026) ကရေးတယ်။ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် တရုတ်ခေါင်းဆောင်ရဲ့ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံကို (၇)နှစ်အတွင်း ပထမဆုံးခရီးစဉ်ဖြစ် ပြီး ကမ္ဘာ့လူဦးရေအများဆုံး နျူလက်နက်ပိုင် အာရှ အင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေကြောင်း အချက်ပြမှုတစ် ရပ်ဖြစ်လာနိုင်တယ်။
BRICS အစည်းအဝေးကို အိန္ဒိယက စက်တင် ဘာ (၁၂-၁၃) ရက်တို့မှာ လက်ခံကျင်းပပါလိမ့်မယ်။ သမ္မတရှီဟာ လူ (၄၀ဝ)ခန့်ပါဝင်တဲ့အဖွဲ့ကြီးနဲ့အတူ လာရောက်နိုင်တယ်လို့ နယူးဒေလီသတင်းရင်းမြစ် (၃)ဦးရဲ့အဆိုအရသိရှိရတယ်။ (၂၀၁၉)ခုနှစ်က အိန္ဒိယကို သမ္မတရှီလာရောက်စဉ် တရုတ်ကိုယ်စား လှယ်အဖွဲ့မှာ လူ (၂၀ဝ)ပင်မပြည့်ခဲ့ပါ။
အခုခရီးစဉ်ဟာ BRICS အစည်းအဝေးကျင်းပ ရေးနဲ့သာမက အိန္ဒိယနဲ့တရုတ်တို့အကြား ဆက်ဆံ ရေးအတွက်လည်း အရေးကြီးတယ်။ (၂၀၂၀)ပြည့် နှစ် နယ်စပ်ဒေသ လုံးထွေးထိုးကြိတ်မှုတွေမှာ အိန္ဒိ ယစစ်သား (၂၀)ဦးနဲ့ တရုတ်စစ်သား (၄)ဦး သေဆုံး ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အလွန်တင်းမာခဲ့တယ်။ အဲဒီနောက် (၂၀၂၄)အောက်တိုဘာလရောက်မှ စစ် တပ်တွေ အသီးသီးပြန်လည်ဆုတ်ခွာရေး သဘောတူ ညီနိုင်ခဲ့တယ်။ ဒါပေမဲ့ နယ်စပ်တင်းမာမှုတွေ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိသေးပါ။ (၂၀၂၆)ခုနှစ် ဇူလိုင်လနှောင်းပိုင်းနဲ့ အခုဩဂုတ်လဆန်းပိုင်းတုန်း က အိန္ဒိယနယ်စပ် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တက်ဆင်ဒေသမှာ အိန္ဒိယနဲ့ တရုတ်ကင်းလှည့်တပ်ဖွဲ့ တွေ ထိပ်တိုက်တွေ့ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ တယ်။ (မြန်မာနိုင်ငံ ကချင်ပြည်နယ် ပူတာအိုမြို့ အ နောက်မြောက်ဘက် မိုင်(၁၂၀)ခန့်အကွာ) ဟိမဝန္တာ ရေခဲတောင်ပေါ်မှာ တရုတ်တပ်ဖွဲ့တွေက ယာယီတဲ တွေ လာရောက်ဆောက်လုပ်ခဲ့တယ်လို့ဆိုကြပေမယ့် တင်းမာမှုအသစ်ဖြစ်ပွားကြောင်းသတင်းတွေကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုပါတယ်။
နယ်စပ်ဒေသငြိမ်းချမ်းရေးကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ဖို့အရေးကြီးကြောင်း မကြာ သေးမီအချိန်က အိန္ဒိယကပြောတယ်။ ခရီးစဉ်ဟာ အမေရိကန်နဲ့တရုတ်တို့အကြား ကုန်သွယ်ရေးဖိအား တွေပြင်းထန်နေခိုက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ နယ် စပ်အငြင်းပွားမှုတွေရှိနေပေမယ့် တရုတ်ဘက်က ဆက်ဆံရေးကိုအလေးအနက်ထားကြောင်း ပြသနေ တယ်။
သမ္မတရှီရဲ့ခရီးစဉ်ဟာ ကုန်သွယ်ရေး၊ ဒေသ တွင်းလုံခြုံရေးနဲ့ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေးတို့ ကိုဆွေးနွေးဖို့အတွက် အခွင့်အရေးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရှီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ ကြမယ်ဆိုရင် အရေးပါတဲ့သံတမန်ရေးရာဖြစ်ရပ် ပေါ် ပေါက်လာနိုင်တယ်။ တရုတ်-အိန္ဒိယ နှစ်နိုင်ငံအကြား မဟာဗျူဟာပြိုင်ဘက်အခြေအနေမှာရှိနေသည့်တိုင် အမေရိကန်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် ပြင်ပ ဖိအားများကိုမလိုလားတဲ့ ဘုံအကျိုးစီးပွားတချို့လည်း ပါရှိနေတယ်။
လက်ရှိသတင်းအရ တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ လာမယ့်စက်တင်ဘာလ (၁၂၊ ၁၃)ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ BRICS ထိပ်သီးအစည်း အဝေးကို တက်ရောက်မှာဖြစ်တယ်။ အဲဒီနောက် နယူးယောက်မြို့ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံကိုတက်ရောက်ရင်း စက်တင်ဘာ (၂၄) ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံရန် စီစဉ်ထားကြောင်း ရိုက်တာ (20th August 2026) က ဖော်ပြတယ်။ ဆောင်းရာသီမှာ တရုတ်ခေါင်းဆောင် လာရောက်လည်ပတ်ဖို့ဖိတ်ကြားထားကြောင်း ပြီးခဲ့ တဲ့မေလကတည်းက အိမ်ဖြူတော်ရဲ့ သတင်းထုတ် ပြန်ချက်မှာတွေ့ရှိရတယ်။ ဒါကြောင့် စက်တင်ဘာ တစ်လတည်းမှာပဲ တရုတ်ခေါင်းဆောင်အနေနဲ့ အိန္ဒိယ BRICS နဲ့ အမေရိကန်အိမ်ဖြူတော်ဆိုတဲ့ ရီးစဉ်နှစ်ခု ဆက်တိုက်ဖြစ်လာနိုင်ခြေရှိပါတယ်။
လာမယ့် စက်တင်ဘာလ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ် သီးတွေ့ဆုံပွဲဟာ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကို လျှော့ချရန်ရည်ရွယ်တဲ့ သမိုင်းဝင်ဆွေးနွေးပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ အဓိကအားဖြင့် ထရမ့်အစိုးရရဲ့ တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအစီအစဉ်တွေနဲ့ပတ်သက်ပြီး အပေးအယူလုပ်ဖို့နဲ့ ကုန်သွယ်ရေးစစ်ပွဲအသစ်မဖြစ်ပွားစေဖို့ ညှိနှိုင်းဆွေး နွေးပါလိမ့်မယ်။ စစ်ရေးအရအထိမခံတဲ့ တရုတ် တိုင် ပေရေလက်ကြားတည်ငြိမ်ရေး၊ ဒေသတွင်း စစ်မီးမ ကူးစက်စေရန်အတွက် ရန်လိုတဲ့ခြေလှမ်းတွေကို ထိန်းသိမ်းဖို့ နှစ်ဖက်ကာကွယ်ရေးဆိုင်ရာ ဆက်သွယ် ရေးလိုင်းတွေ ဖွင့်လှစ်ထားရန်၊ ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေးအတွက် တရုတ်ရဲ့အခန်းကဏ္ဍနဲ့ မြောက်ကိုရီးယား၊ အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိ ပက္ခတွေကိုအရှိန်လျှော့ချနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ယုံကြည်ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံကြီးနှစ်ခုကြား ကုန်သွယ်ရေးတင်းမာမှုတွေလျော့ ကျသွားမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ကွင်းဆက် ပြန်လည်ကောင်းမွန်လာပြီး၊ ကမ္ဘာ့ငွေ ကြေးဖောင်းပွမှုနဲ့ ကြီးမြင့်နေတဲ့ကုန်ဈေးနှုန်းတွေကို ကျဆင်းစေပါလိမ့်မယ်။ အင်အားကြီးနှစ်နိုင်ငံ ပြန် လည်သင့်မြတ်သွားမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးရေးနဲ့ ဆိုက် ဘာလုံခြုံရေးအတွက် နိုင်ငံတကာဥပဒေတွေကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ နယူးဒေလီ BRICS ထိပ်သီးအစည်းအဝေးမှာတွေ့ဆုံကြမယ်ဆိုရင် ဆွေး နွေးမယ့်အချက်တွေဟာ ကမ္ဘာနဲ့မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေအတွက် အကျိုးကျေးဇူးတွေရရှိနိုင် တယ်။ အာဆီယံနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အိန္ဒိယ အုပ်စုကြား ဘက်မလိုက်ဘဲဆင်ခြင်နေရတဲ့ ပထဝီ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ်ဖိအား(Hedging) လျော့ ကျသွားပြီး၊ လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒကို ပိုမို ကျင့်သုံးနိုင်ပါလိမ့်မယ်။ တရုတ်ရဲ့ "ရပ်ဝန်းနဲ့လမ်း" (BRI)စီမံကိန်းတွေနဲ့ အိန္ဒိယရဲ့ "အရှေ့မျှော်" (Act East) မူဝါဒတွေအောက် ဒေသတွင်း အခြေခံအ ဆောက်အအုံစီမံကိန်းတွေ ပိုမိုမြန်ဆန်လာနိုင်တယ်။
မြန်မာအတွက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ် နီးချင်း အင်အားကြီးနှစ်နိုင်ငံတို့ ပြန်လည်သင့်မြတ် ခြင်းဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပိုမိုဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြု လုပ်နိုင်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ အွန် လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းရေးမှာ ပိုမို ထိ ရောက်လာနိုင်တယ်။ အာရှအင်အားကြီးနှစ်နိုင်ငံကြား တည်ငြိမ်မှုဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဒေသ တွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုမြှင့်တင်ပေးနိုင်တဲ့အ တွက် အာဆီယံရဲ့စီးပွားရေးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုပါလိမ့်မယ်။
ဒီနေရာမှာသတိပြုရမှာက တရုတ်- အိန္ဒိယတို့ ရဲ့BRICS အဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါ တယ်။ အဖွဲ့ဝင်သစ်တွေတိုးချဲ့ရေး၊ အမေရိကန် ဒေါ် လာအပေါ် မှီခိုမှုလျှော့ချရေး (De-dollarization) နဲ့ ကမ္ဘာ့တောင်ခြမ်း (Global South) ခေါ် ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့အသံကိုပိုမိုမြှင့်တင်ဖို့ ဘုံမဟာဗျူဟာတွေ ချမှတ်ဖွယ်ရှိတယ်။
တစ်ဖက်မှာပြန်ကြည့်ရင် BRICS ခေါ် ဘရာ ဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ပါဝင် တဲ့အဖွဲ့ကြီးဟာ ကမ္ဘာ့ဩဇာအာဏာကို အမေရိကန်နဲ့ အနောက်နိုင်ငံမဟာမိတ်တွေကသာ ချုပ်ကိုင်ထားတဲ့ စနစ်အစား ကမ္ဘာ့အင်အားချိန်ခွင်လျှာကို ညီမျှစေရန်၊ ကမ္ဘာ့ကုန်သွယ်ရေးမှာ De-dollarization အမေရိ ကန်ဒေါ်လာအပေါ်မှီခိုနေရမှုကိုလျှော့ချပြီး၊ မိမိတို့ နိုင်ငံတွင်းဒေသသုံးငွေကြေး၊ ဒီဂျစ်တယ်ငွေကြေး တွေနဲ့ အစားထိုးလဲလှယ်ကုန်သွယ်ရန်၊ ဖွံ့ဖြိုးဆဲနဲ့ စီး ပွားရေးထွန်းသစ်စနိုင်ငံတွေရဲ့အသံနဲ့အကျိုးစီးပွာ ကို ကမ္ဘာ့စင်မြင့်ထက်မှာ ပိုမိုကျယ်လောင်လာစေရန်၊ အ နောက်အုပ်စုထိန်းချုပ်ထားတဲ့ ကမ္ဘာ့ဘဏ် (World Bank) နဲ့ IMFတို့ကို အားကိုးစရာမလိုဘဲ အဖွဲ့ဝင် နိုင်ငံတွေအချင်းချင်း ချေးငွေနဲ့ရင်းနှီးမြှုပ်နှံမှု ကူညီ နိုင်ရေး BRICS ဘဏ် (New Development Bank-NDB)တို့ကိုတည်ထောင်ပြီး စီးပွားရေးပူး ပေါင်းဆောင်ရွက်ရန် ရည်ရွယ်တယ်။
BRICS ဟာ အဖွဲ့ဝင်အရေအတွက်၊ စီးပွားရေး ပူးပေါင်းမှုနဲ့ ဖွံ့ဖြိုးဆဲထွန်းသစ်စနိုင်ငံတွေကို ကိုယ် စားပြုနိုင်မှုမှာ တိုးတက်နေပေမယ့်၊ နိုင်ငံရေးတစ်သံ တည်းဖြစ်မှုမှာ “ဆုတ်ယုတ်/ခက်ခဲ” လာနေပါတယ်။ မူလ(၅)နိုင်ငံမှ (၁၁)နိုင်ငံအထိချဲ့ထွင်ထားပြီး မိတ် ဖက်နိုင်ငံတွေလည်းထပ်တိုးလာတယ်။ အဖွဲ့ဝင်တွေ ဟာ နိုင်ငံရေးအကျိုးစီးပွားမတူကြပါ။ ဥပမာ အိန္ဒိယ-တရုတ်ပြိုင်ဆိုင်မှုနဲ့ အရှေ့အလယ်ပိုင်းအရေးမှာ အ ဖွဲ့ဝင်တွေရဲ့ရပ်တည်ချက်မတူညီမှုတွေဟာ ဘုံသ ဘောထားထုတ်ပြန်ဖို့ခက်ခဲစေပါတယ်။ အရေးကြီး ဆုံးမှာ BRICS ဟာ NATO လို စည်းလုံးညီညွတ်တဲ့ မဟာမိတ်အဖွဲ့မဟုတ်ဘဲ နိုင်ငံတစ်ခုချင်းစီရဲ့ အကျိုး စီးပွားကိုဦးစားပေးတဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖြစ်ရပ်တည်နေတယ်။ ဒါပေမဲ့ အင်အားချည့်နဲ့လာ တဲ့အဖွဲ့ကြီးမဟုတ်ဘဲ နိုင်ငံရေး စည်းလုံးညီညွတ်မှုက ပိုမိုစိန်ခေါ်ခံနေရတယ်လို့ သုံးသပ်ရင် ပိုမိုမှန်ကန်နိုင် ပါတယ်။ သမ္မတရှီရဲ့ အိန္ဒိယခရီးစဉ်ကတော့ ဒီအချက် ကိုစိတ်ဝင်စားဖွယ်ပြသနေပါတယ်၊ တရုတ်နဲ့ အိန္ဒိယ ဟာ ပြိုင်ဘက်တွေဖြစ်နေပေမယ့် BRICS အတွင်း ပူးပေါင်းဖို့နဲ့ အမေရိကန်ဖိအားကို တစ်စိတ်တစ်ပိုင်း ဟန်ချက်ညီဖို့ ဘုံအကျိုးစီးပွားရှိနေဆဲဖြစ်တယ်လို့ ရိုက်တာကဆိုပါတယ်။
တစ်ချိန်က အမေရိကန်ဦးဆောင် အနောက်အုပ် စုဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရေးအတွက် ရုရှား-တရုတ်တိုကို့ဆန့်ကျင်ခဲ့ကြတယ်။ (၁၉၉၁)ခုနှစ်မှာ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ကွန်မြူနစ်ဝါဒခြိမ်းခြောက် မှုလျော့ကျသွားပေမယ့် အမေရိကန်က ရုရှားနဲ့တရုတ် ကို ဆက်လက်ဖိအားပေးဆန့်ကျင်နေခြင်းမှာ "ဝါဒ ရေးရာ"ထက် "ကမ္ဘာ့ကြီးစိုးလွှမ်းမိုးမှုချိန်ခွင်လျှာ (Global Hegemony) "ကို ထိန်းသိမ်းရန်အတွက် ဖြစ်တယ်။ ဒီလိုဆိုရင် မဝေးတဲ့အနာဂတ်မှာ အိန္ဒိယ လည်း အမေရိကန်ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်သလား မေးစရာရှိပါတယ်။ အတိုချုပ်ပြောရရင် အိန္ဒိယဟာ တရုတ်လို အမေရိကန်ကိုတိုက်ရိုက်ရန်လိုတဲ့ ပြိုင် ဘက်ဖြစ်လာဖို့ အလားအလာအလွန်နည်းပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ အမေရိကန်ရဲ့အမိန့်ကိုနာခံမယ့် အပေါင်း အပါလည်း ဖြစ်လာမှာမဟုတ်ဘဲ အကျိုးစီးပွားချင်း ပြိုင်ဆိုင်မှုတချို့ရှိလာနိုင်တယ်။ အဲဒါကို လက်ရှိယူ ကရိန်းစစ်ပွဲအတွင်း အနောက်အုပ်စုက ရုရှားကိုပိတ် ဆို့အရေးယူနေချိန်မှာ အိန္ဒိယက ရုရှားရေနံကို လျှော့ ဈေးနဲ့ဆက်လက်ဝယ်ယူခြင်း၊ BRICS နဲ့ ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)တို့မှာလည်း ရုရှား၊ တရုတ်တို့နဲ့အတူ တက်ကြွစွာ ပါဝင်နေခြင်းတို့အရ ထင်ရှားတယ်။
အိန္ဒိယဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အကျိုးစီးပွာကို ကိုယ်စားပြုလိုတယ်။ ဒါကြောင့် အမေရိကန်ဦးဆောင် တဲ့ငွေကြေးစနစ် (အမေရိကန်ဒေါ်လာစိုးမိုးမှု)ကို လျှော့ချပြီး ပြည်တွင်းသုံးငွေများဖြင့် ကုန်သွယ်ရန် ကြိုးပမ်းနေတယ်။ အတိုချုပ်ပြောရရင် အိန္ဒိယဟာ စစ်ရေး၊ စီးပွားရေးအင်အားကြီးလာတဲ့အခါ လွတ်လပ် ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့ စူပါပါဝါ တစ်ခုအနေနဲ့သာ ဖြစ်လာဖွယ်ရှိတယ်။
လာမယ့်အနာဂတ်ဟာ အမေရိကန်-တရုတ်နှစ် နိုင်ငံတည်းရဲ့ကမ္ဘာဖြစ်မယ်လို့သတ်မှတ်တာထက် အမေရိကန်-တရုတ်-အိန္ဒိယ-ရုရှား-ဥရောပသ မဂ္ဂ-အခြားဖွံဖြိုးဆဲ ထွန်းသစ်စအင်အားစုများအ ကြား အင်အားချိန်ခွင်လျှာအတွက် အပြိုင်အဆိုင် ပူး ပေါင်းခြင်း/ယှဉ်ပြိုင်ခြင်း ပိုမိုများလာမယ့် multipolar world “ဗဟိုဝင်ရိုးစုံကမ္ဘာကြီး” ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဒုတိယသမ္မတဦးညိုစောနှင့် ရုရှားဒုဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် တို့ဆွေးနွေး
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
