ပြည်ပချည် အစားထိုး ငှက်ပျောချည်ထုတ်လုပ်ခြင်းကို လက်မှုမှ စက်မှုသို့ပြောင်းလဲရန် ပြင်ဆင်နေ
ထိုက်စံ (NSS) - စက်တင်ဘာလ ၂
ပြည်ပမှတင်သွင်းနေရသောချည်ကို အစားထိုးနိုင်မည့် ငှက်ပျောချည်ထုတ်လုပ်ခြင်းကို လက်မှုမှ စက်မှု သို့ပြောင်းလဲရန် ပြင်ဆင်နေကြောင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သော Green Banana Myanmar Founder ဦးမြင့်သိန်းထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
Green Banana Myanmar သည် ငှက်ပျောပင်မှ ငှက်ပျောလျှော်နှင့် ငှက်ပျောချည်တို့ကို ထုတ်ယူကာ လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် ပဝါ၊ ပိတ်စ၊ လက်ကိုင်အိတ်၊ ဖိနပ် စသည့်တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်၍ ဈေးကွက်တွင် ထိုးဖောက် ရန် ကြိုးစားနေခြင်းဖြစ်သည်။
ယင်းထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ယန္တရားများကို ပြည်ပမှတင်သွင်းနိုင်ရန် သက် ဆိုင်ရာဌာနများသို့တင်ပြရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
" တည်ဆောက်နေတဲ့ ကာလကတော့ ကျွန်တော်တို့က (၃) ၊ (၄) နှစ်ရှိပြီပေါ့။ ဈေးကွက် ကတော့ ခိုင်မာနေပါပြီ။ ဒါပေမဲ့ လက်မှုပစ္စည်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုချင်သလောက်က ထုတ်လုပ်လို့ မရသေးတာပေါ့လေ။ တချို့က နည်း ပညာပိုင်း၊ စက်ပိုင်းဆိုင်ရာရဲ့ လိုအပ်ချက်တွေ ရှိနေ သေးတယ်။ ဒီစက်ပိုင်းတွေကလည်း အိန္ဒိယကနေ သွင်းရမှာရှိနေတော့ အချိန်တစ်ခုယူနေပါတယ်။ အစိုးရအဖွဲ့ကိုတင်ပြထားပြီးတော့ မကြာခင် တင်သွင်းခွင့်ရရင်တော့ ဒီဟာက ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်လာနိုင်မယ်လို့ မကြာခင် တော့ ချပြနိုင်မှာပေါ့။ အဓိကကတော့ နည်းပညာလို အပ်မယ်။ စက်ပိုင်းဆိုင်ရာ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးဘူးပေါ့။ အဲဒီစက်တွေကို နိုင်ငံခြားကနေ သွင်းရမှာ။ သွင်းရဖို့ အခုလည်း တင်ပြထားပါတယ် " ဟု ၎င်းကပြောသည်။

စက်ယန္တရားတင်သွင်းခွင့်ရရှိပါက ငှက် ပျောချည်ကို ပြည်တွင်းတွင် ပမာဏများစွာ ထုတ် လုပ်နိုင်မည်ဖြစ်ကြောင်း ဦးမြင့်သိန်းက ဆိုသည်။
" ကျွန်တော်တို့က လက်မှုပိုင်းကို ကျော် ပြီးတော့ စက်မှုပိုင်းကိုသွားမယ်ဆိုရင်တော့ ဒါစီးပွား ရေးထုတ်ကုန်အနေနဲ့ ခုနပြောသလို တခြားဟာက ဝယ်စရာမလိုဘူး။ ကိုယ့်နိုင်ငံမှာတင် ကိုယ့်ချည် ထုတ်လို့ရတဲ့ အဆင့်ထိသွားနိုင်အောင် ကြိုးစားနေပါ တယ်။ တင်သွင်းခွင့် ခွင့်ပြုချက်ကို အစိုးရဆီက ရရင် ပိုကောင်းတာပေါ့။ ပြည်တွင်းမှာ အစားထိုး ထုတ်လုပ် နိုင်သလို၊ ကိုယ့်ပြည်တွင်း ထုတ်ကုန်နဲ့တင် ရပ်တည် နိုင်မှာပါ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပူးပေါင်း ဆောင်ရွက်ပေးရင် ပိုအဆင်ပြေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ဝါဂွမ်းချည်ပဲ သုံးကြတာလေ။ ကြာချည်သုံးတယ်။ ကျွန်တော်တို့ ငှက်ပျော ချည်ကို လည်း တွင်တွင်ကျယ်ကျယ်မသုံးနိုင်သေးဘူး။ စက် ပိုင်းဆိုင်ရာ တင်သွင်းခွင့်ရရင်တော့ ပြည်တွင်းမှာ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်မှာပေါ့ " ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်(၂၀၂၃)ခုနှစ်မှစတင်၍ ငှက် ပျောပင်မှ တန်ဖိုးမြင့်ထုတ်လုပ်သည့်လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လုပ်ငန်းရှင် များ စိတ်ဝင်စားလာကြောင်း သိရသည်။
" ရေရှည်သွားရမယ့် လုပ်ငန်းဆိုတော့ တစ်နှစ်ပြီး တစ်နှစ် ကြိုးစားအားထုတ်မှုကိုလက်မ လျှော့ခဲ့ဘူး၊ ဇွဲမလျှော့ခဲ့ဘူး။ ဒါကြောင့် အသိအမှတ်ပြု ခံလာရတယ်။ တိုင်းနဲ့ ပြည်နယ်အသီးအသီးမှာရှိတဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်း ဖိတ်ခေါ်တယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်း ရှင်တွေလည်း ပေါ်လာတယ် " ဟု ၎င်းကပြောသည်။
ယခုအခါ ငှက်ပျောပင်မှထုတ်လုပ်သည့် တန်ဖိုးမြင့် ထုတ်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့ရန် ဩက လက်မှတ်ရေးထိုးထားပြီးဖြစ်၍ တင်ပို့နိုင်ရေးထပ်မံလိုအပ်သည်များကိုဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
" Mou တော့ ထိုးထားပြီးပါပြီ။ စာချုပ် ကြီး တော့မချုပ်ရသေးပါဘူး။ ကျွန်တော်တို့ကလည်း (၈) လပိုင်း ကုန်လောက်မှ စာချုပ်ကြီး ချုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ညှိနှိုင်းရမယ့်အချက်တွေလည်း ပါ တယ်။ အစိုးရနဲ့ ဟိုဘက်ဒီဘက် ကူးသန်းရောင်းရမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်ရမှာလည်း ရှိသေး တယ်လေ။ သဘာဝပစ္စည်း ဖြစ်နေတဲ့အတွက်ကို သူတို့နိုင်ငံဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေရှိ မယ်။ ပြင်ဆင်နေပါပြီ မကြာခင်တော့ ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ငှက်သိုက်ကို တရုတ်သို့ GACC ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ရရှိပါက မူလဈေးနှုန်းထက် (၅) ဆအထိ တိုးမြင့်ရလာနိုင်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
