ငလျင်ကြောင့်ပျက်စီးခဲ့သောအမြန်လမ်း ဒုဋ္ဌဝတီတံတား နှစ်မကုန်မီ ပြန်ဖွင့်နိုင်မည်ဟု သိရ
သုတကျော် (NSS) - စက်တင်ဘာလ ၂
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့်အတွက် တံတားသစ်ပြန်လည်တည်ဆောက်နေရသော ဒုဋ္ဌဝတီတံတားကို ယခုနှစ်မကုန်မီဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ်(၃၅၈)မိုင်တွင်ရှိသောအဆိုပါတံတားသည် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးမြို့သို့တိုက်ရိုက် သွားလာနိုင်ရန်အတွက် အရေးပါသည့်တံတားဖြစ်ပြီး ယင်းတံတားပျက်စီးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ကာ ခရီးသွားပြည်သူများအနေဖြင့် တံတားဦး-ပလိပ်လမ်းမှတစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရခြင်းဖြစ်သည်။ ယင်းတံတားထိခိုက်သွားသောကြောင့် ပတ်သွားနေရသည့်အတွက် မန္တလေးသို့ ရောက်ရန် ခရီးသွားချိန်တိုးလာပြီး တံတားဦးမြို့နယ်မှဒေသခံများအတွက် အဆင်မပြေမှုများရှိနေကြောင်း သိရသည်။

" တံတားက တော်တော်များများပြီးနေပြီ။ ရေလယ်တိုင်တစ်တိုင်က ရေကတက်လာတော့ မပြီးလိုက်တော့ အဲဒါလေးတစ်ခုကျန်နေတာ။ ကျန်နေပေမယ့် အပိုင်းတွေက တော်တော်များများပြီးပါပြီ။ ချဉ်းကပ်လမ်းတွေလည်း တော်တော်များများပြီးပါပြီ ကွန်ကရစ်လောင်းဖို့ပဲကျန်တော့တယ်။ အဲဒါကို ဒီဇင်ဘာလမတိုင်ခင် နှစ်မကုန်ခင်ဖွင့်ဖို့တော့မှန်းထားတယ်" ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ ဒုဋ္ဌဝတီတံတားသစ်ကို Steel Box Girder နှင့် ကြိုတင်အားဖြည့်ကွန်ကရစ် ရက်မအမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး Myanmar National Building Code 2025 ပါ ငလျင်ဒဏ်ခံစံနှုန်းများအတိုင်း တွက်ချက်ထားကြောင်း သိရသည်။ ထို့ပြင် ပင်မတံတားတွင် Earthquake Bearing နှင့် ချဉ်းကပ်တံတားတွင်High Damping Rubber Bearing (HDRB) များကို အသုံးပြုထားကြောင်းလည်း သိရသည်။
" Bearing သုံးထားတာ သူသတ်မှတ်ထားတဲ့ပမာဏဒဏ်ကိုခံနိုင်မှာပါ " ဟု ၎င်းကပြောသည်။ လက်ရှိတွင် ရန်ကုန် - မန္တလေး အမြန်လမ်း၊ (၁၆၅) မိုင်ရှိ ဆွာချောင်းတံတား(အသွား)ကိုတည်ဆောက်သည့်လုပ်ငန်းကိုလည်း ယခုဘဏ္ဍာနှစ်အပြီးဖြစ်သည့် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန်မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။ "(၁၆၅)မိုင်က ဆွာချောင်းတံတားကတော့ ဒီဘတ်ဂျက်အပိတ်ကိုမှန်းထားတယ်။ ဧပြီလလောက်ကိုမှန်းထားတယ်။ သူကတော့ အသွားလမ်းဘက်ခြမ်းတံတားပေါ့။ ဒုဋ္ဌဝတီက အသွားရော၊ အပြန်ပါပါတဲ့ တံတား။ တစ်စင်းတည်း လေးလမ်းပါမှာပေါ့။ အသွားနှစ်လမ်း၊ အပြန်နှစ်လမ်း"ဟု ၎င်းကဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်မှုမညီမျှမှုတွေကိုလျှော့ချဖို့နဲ့ တရုတ်အပေါ်အာရုံစိုက်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်နယ်ထရမ့်တိုက်တွန်း
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
