Apple ရဲ့စီအီးအိုသစ်အဖြစ် ဂျွန်တာနက်စ် တာဝန်ယူ
ရောင်နီ (NSS) - စက်တင်ဘာ ၂
Apple ကုမ္ပဏီရဲ့ Hardware Engineering ဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂျွန်တာနက်စ်ဟာ စက်တင်ဘာ (၁) ရက်မှစ Chief Executive Officer (CEO) အဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
အရင်က Apple ရဲ့စီအီးအိုအဖြစ် (၁၅) နှစ်ကြာ ဦးဆောင်ခဲ့တဲ့တင်ကွတ်ခ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခြင်းဖြစ်ပြီး စမတ်ဖုန်းစျေးကွက်ရဲ့ AI နည်းပညာပိုင်းမှာ နောက်ကျ ကျန်ရစ်နေတဲ့ Apple ကို ခေတ်သစ်တစ်ခုဆီ ကူးပြောင်းပေးဖို့ ဦးဆောင်သွားမယ်လို့ သိရပါတယ်။

အသက် (၅၁) နှစ်အရွယ် တာနက်စ်ဟာ ပန်ဆေလ်ဗေးနီးယားတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သူ ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ Apple ရဲ့ဒီဇိုင်းအဖွဲ့ကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း Hardware Engineering ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာပြီး ကုမ္ပဏီရဲ့ဝင်ငွေအများဆုံးရရှိရာ iPhone အပါအဝင် ထုတ်ကုန်လိုင်းတစ်ခုလုံးရဲ့အင်ဂျင်နီယာအဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ တာနက်စ်ဟာ ထုတ်ကုန်တွေရဲ့ကြံ့ခိုင်မှု၊ ယုံကြည်စိတ်ချရမှုနဲ့ကာဗွန်ခြေရာ (carbon footprint) လျှော့ချရေး ဒီဇိုင်းပိုင်းတွေမှာ ထင်ရှားတဲ့အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ ဂျွန်တာနက်စ်အနေနဲ့ရင်ဆိုင်ရမယ့် အဓိက စိန်ခေါ်မှုတစ်ခုကတော့ အမေရိကန်အစိုးရရဲ့ နိုင်ငံရေးဖိအားတွေကြား တရုတ်နိုင်ငံပေါ် အဓိက မှီခိုနေရတဲ့ထုတ်လုပ်မှုကွင်းဆက် (Supply Chain) ကို ထိန်းညှိဆောင်ရွက်ရဖို့ပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ Apple အတွက် စက်ရုံတွေနဲ့ အသုံးပြုသူ စျေးကွက်ကြီး ရှိနေသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဘက်ကလည်း iPhone တွေကို အမေရိကန်မြေပေါ်မှာသာ ထုတ်လုပ်ဖို့ နဲ့မဟုတ်ရင် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ဖိအားပေးလျက် ရှိနေပါတယ်။
စီအီးအိုအဖြစ် တာနက်စ် စတင်တာဝန်ယူပြီး တစ်ပတ်အကြာ စက်တင်ဘာ ၉ ရက်မှာ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း (Foldable iPhone) ကို မိတ်ဆက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ရာထူးမှ အနားယူသွားတဲ့ တင်ကွတ်ခ် ဟာ Apple ဒါရိုက်တာဘုတ်အဖွဲ့ရဲ့အမှုဆောင်ဥက္ကဋ္ဌ (Executive Chairman) အဖြစ် ဆက်လက်တာဝန်ယူမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မူဝါဒရေးရာ ဆက်ဆံရေးပိုင်းတွေကို ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
'Princess Hours' ဇာတ်ကားထဲက သရုပ်ဆောင် လီယောင်းဂျူ အသက် (၄၄) နှစ်မှာ ကွယ်လွန်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
