တက်မရေနံမှော်က လုပ်ငန်းရှင်တစ်ဦးလျှင် PDF တို့၏ ပြန်ပေးဆွဲငွေပေါက်ဈေး ကျပ်သိန်း(၅)သောင်း အထိရှိနေ
သန့်ဇင် (NSS) - စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှိ တက်မရေနံမှော်က လုပ်ငန်းရှင်တစ်ဦးလျှင် PDF တို့၏ ပြန်ပေးဆွဲငွေပေါက်ဈေးမှာ ကျပ် သိန်း (၅)သောင်း အထိရှိနေကြောင်း ရေနံမှော်လုပ်ငန်းရှင် အသိုင်းအဝိုင်းက NP News သို့ပြောသည်။
ညောင်ဦးမြို့နယ် တက်မကျေးရွာအနီးရှိ လက်ယက်တွင်းများဖြင့်နာမည်ကျော်သည့် ယင်းရေနံ မှော်တွင် ရေနံတူးဖော်ခွင့်ရလုပ်ငန်းရှင်များစွာရှိသည့်အနက် ပြီးခဲ့သည့်ကာလတွင် ရေနံလုပ်ငန်းရှင် အချို့သည် လူမသိသူမသိဖြင့် PDF တို့၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရကြောင်း သိရသည်။
ထို့နောက် PDF တို့၏ ပစ်မှတ်ထားပြန်ပေးဆွဲခြင်းအန္တရာယ်ကိုစိုးရိမ်ရ၍ အချို့သောလုပ်ငန်း ရှင်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“အခု ကျွန်တော်တို့ဘက်မှာဆိုရင် ပြန်ပေးဆွဲတဲ့ကိစ္စကြောင့် လုပ်ငန်းရှင်တွေ ရှောင်နေရတယ်။ ပြန်ပေးဆွဲတယ် ဘာမှမလုပ်ဘူး။ ပိုက်ဆံတောင်းတယ်။ ဟိုတလောက အသိတစ်ယောက်ကို ဆွဲသွား တာ ကျွန်တော်မေးကြည့်တယ်။ ဘာလို့ခေါ်တာလဲလို့မေးတော့ ပိုက်ဆံလိုချင်လို့လို့ ပေါ်တင်ပဲ ပြော တာတဲ့”ဟု ၎င်းကပြောသည်။

အဆိုပါရေနံမှော်ရှိ နာမည်ကျော်ကြားသူ လုပ်ငန်းရှင်ဖြစ်ပါက PDF တို့၏ပစ်မှတ်ထားခြင်းကို ခံရနိုင်ပြီး ပြန်ပေးဆွဲခံရပြီးနောက် ပြန်လည်ရွေးထုတ်ရာတွင် ငွေကျပ် သိန်း (၅)သောင်းအထိ ပေါက် ဈေးရှိသည့်အပြင် သာမန်အရပ်သားဖြစ်ပါက ကျပ် သိန်း (၃၅၀) အနည်းဆုံးပေးဆောင်ရကြောင်း ၎င်း ကဆိုသည်။
“ရေနံလုပ်ငန်းရှင်ဆို အနိမ့်ဆုံး သိန်း (၅)သောင်းလောက်ပေါက်တာ။ အနိမ့်ဆုံး ရွာသားဆွဲတာ တောင် သိန်း(၃၅၀)က ဈေးအနည်းဆုံးပဲ။ အဲဒီမှာ ပေါက်ဈေးတွေလိုက်ကြည့်လိုက်တာ အနိမ့်ဆုံး ရွာ သား ဘာမှလုပ်ငန်းမရှိ ပိုင်စရာမရှိတဲ့ အလုပ်က လေးဘာလေးလုပ်တယ် ဘာညာပေါ့။ ဘာမှတော့ မရှိဘူး၊ ဒါပေမဲ့ အဆင်ပြေအောင်လေး အလုပ်လုပ်တယ် ဆိုလို့ရှိရင် ဆွဲလိုက်ရင် အနိမ့်ဆုံး (၃၅၀) ပေါက် တယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် နာမည်မကျော်သူလုပ်ငန်းရှင်များအတွက် ဈေးသတ်မှတ်ချက်များလည်းရှိပြီး တစ်ဦး လျှင် ငွေကျပ်သိန်း(၇၀ဝဝ)မှ သိန်း (၁)သောင်းအထိ ဈေးပေါက်ကြောင်းလည်း ၎င်းကဆိုသည်။
“ရေနံလုပ်ငန်းရှင်တွေ ဘာတွေဆိုရင်တော့ သိန်း(၇၀ဝဝ)၊ သိန်း(၈၀ဝဝ)၊ သိန်း(၁)သောင်းကနေ ရေနံလုပ်ငန်းရှင်ကြီးတွေဆိုရင် ဥက္ကဋ္ဌဆိုတော့ သိန်း (၅)သောင်းလောက်ပေါက်တာ။ အဲဒါကြောင့် ကျွန် တော်က အိမ်ကိုမှာထားတယ်။ ဥပမာ ဆွဲသွားပြီဆိုလို့ရှိရင် ဖုန်းဆက်ပြီးတော့ မိန်းမရေ ဒီပိုက်ဆံလေး တော့ ပေးလိုက်ပါလို့မပြောမချင်း သူတို့ကပေးပါဆိုရင် မပေးနဲ့ဦးလို့။ ဘာလို့ဆို သေချာတယ် ကျွန်တော် က ဘယ်လိုမှမရရင် ဖက်ကိုက်မှာ။ အရှင်တော့ အဖမ်းမခံနိုင်ဘူး။ ပြန်ချမှာ။ ပြန်ချမှာဖြစ်တဲ့အတွက် သေချာပေါက်ကသေမှာပဲ။ အဲဒီတော့ ပိုက်ဆံလည်း ပေးမနေနဲ့တော့ မိသားစုနဲ့ အဆင်ပြေ သလိုသာ လုပ်စားတော့လို့မှာထားရတာ”ဟု အထက်ပါ ရေနံလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုသို့ ကျောမလုံဘဲ စိုးရိမ်စိတ်ဖြင့်နေထိုင်နေရသည့် ရေနံလုပ်ငန်းရှင်များသည် တက်မရေနံ မှော်တွင်သာမက မြိုင်နှင့် ပေါက်မြို့နယ်ရှိ ရေနံလုပ်ငန်းရှင်များလည်းပါဝင်ကြောင်း ၎င်းကဆိုသည်။
“အဲဒီလိုဆိုတော့ ညဘက်ကို အေးအေးကို အိပ်မပျော်ဘူး။ ခွေးဟောင်သံကြားရင်ကို မလုံခြုံဘူး။ အခုဆိုရင် မိသားစုကို လုံးဝမခေါ်ရဲဘူး။ ဘယ်သွားသွား တစ်ယောက်တည်းပဲသွားတယ်။ မိသားစုမခေါ် ဘူး။ ဘာလို့ဆို မိသားစုနဲ့ဆို ကိုယ့်ကြောင့် သူတို့ပါ ဓားစာခံဖြစ်မှာစိုးလို့။ မြိုင်တို့ပေါက်တို့ဘက်ကလည်း နာမည်ရှိတဲ့လုပ်ငန်းရှင်တွေကတော့ ရှောင်နေရတာပေါ့။ ဒါပေမဲ့ ဘာမှမသိဘဲနဲ့ ကုမ္ပဏီတွေလျှောက်ပြီး တော့ သူတို့ကိုယ်သူတို့ လုပ်ငန်းရှင်ကြီးလို လူတွေကတော့ အကြောင်းမသိသေးတော့ လာကြသွားကြနဲ့ ပျော်ရွှင်နေကြတာပေါ့”ဟု ၎င်းကဆိုသည်။
အညာဒေသတွင် PDF က ပုံစံမျိုးစုံဖြင့် ပြန်ပေးဆွဲ ငွေကြေးတောင်းခံမှုများ ဆက်တိုက်ရှိနေပြီး လုပ်ငန်းရှင်၊ ခရီးသွားနှင့်အရပ်သားများပါ စိုး ရိမ်နေရသည့်အနေအထားဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး - မြစ်ကြီးနားခရီးကို တရားဝင်လမ်းမကြီးအစား PDF ညွှန်ပြရာနေရာမှ သွားလာနေကြရ
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
