တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
ပြည့်ဖြိုး (NSS) - သြဂုတ် ၃ဝ
ပြည်တွင်းဈေးကွက်အတွင်း၌ စံချိန်တင်မြင့်မား နေသောရွှေဈေးသည် အရောင်းအဝယ် အနည်းငယ် အေးသော် လည်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။ ယခင် တစ်ပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း (၁၀ဝ)ဝန်းကျင်အထိရှိခဲ့ရာမှ လက်ရှိ ဩဂုတ်လကုန် ပိုင်းတွင် (၁၀၄)သိန်း ဝန်းကျင်သို့မြင့် တက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများလိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခင် တစ်ပတ် အတွင်း အရောင်းအဝယ်ပြန်လည် အေးလာသော်လည်း ပြည်တွင်းရွှေဈေးများမြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် လည်း ကမ္ဘာ့ရွှေဈေးမှာ လက်ရှိ တွင် တစ်အောင်စလျှင် (၄၆၂၇)ဒေါ်လာဝန်းကျင်တွင် ရပ်တည်နေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ(၄၀)ဝန်းကျင် ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်ကျ ဆင်းနိုင်ခြေမရှိကြောင်း နိုင်ငံတကာရွှေဈေးကွက် ကျွမ်းကျင် သူများက ခန့်မှန်းထားကြသည်။ ပြည်တွင်း ငွေလဲဈေးနှုန်းများမှာ တည်ငြိမ်နေပြီး အပြောင်း အလဲအနည်းငယ်သာရှိ ကြောင်းသိရသည်။
ပြင်ပငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ် လာဈေးမှာ တစ်ဒေါ်လာလျှင် (၄၃၃၀) ကျပ်ပေါက် ဈေးရှိပြီး တစ်ပတ်အတွင်း အတက်အကျ (၆၀)ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ပြည် တွင်းငွေလဲနှုန်းများ တည်ငြိမ် နေသည့်အတွက် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းများမှာ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲပေါ်တွင် မူတည်ကာ အတက်အကျ ဖြစ် ပေါ်နေကြောင်းသိရသည်။ ပြည်ပမှတင်သွင်းနေသည့် စက်သုံးဆီနှင့်စားအုန်းဆီဈေးများမှာလည်း အတက်အကျ အနည်းငယ်သာရှိပြီး ဈေးကွက်တည်ငြိမ်နေ ကြောင်း သိရသည်။ ကုန်စည်စီးဆင်းမှုများနှေးကွေး နေချိန်ဖြစ်သော်လည်း ပြည်တွင်းငွေလဲနှုန်းများတည် ငြိမ်နေသဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ပုံမှန် လည်ပတ်နေကြောင်းသိရသည်။
လတ်တလော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အတက်ဈေးဖြင့် ဆက်လက်ရပ်တည်နေပြီး အသားငါး အများစုမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။ ထူးခြားချက်အနေဖြင့် ကုန်စိမ်းဈေးကွက် အတွင်း ဈေးနှုန်းများကျ ဆင်းခြင်းမရှိဘဲ ကုန်စည် အများစုမှာ ယခင်တက်ဈေးအတိုင်း ရောင်းချနေ ကြောင်းသိရသည်။ မီးဖိုချောင်သုံးသီးနှံ များတွင် ခရမ်းချဉ်သီးမှာ ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေ ကြောင်းသိရသည်။
(ရွှေဈေးကွက်၊ ငွေလဲနှုန်းနှင့်စက်သုံးဆီ၊ စားအုန်းဆီ ဈေးများ)
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေပေါက် ဈေးအပေါ်မူတည်ကာ အပြောင်းအလဲများဖြစ်ပေါ် နေပြီး အပတ် စဉ် အတက်အကျ အပြောင်းအလဲမြန် ဆန်နေသည်။ ကမ္ဘာ့ရွှေဈေးသည် ယခင်တစ်ပတ်က တစ်အောင်စလျှင် (၄၃၅၀) ဒေါ်လာဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် တစ် အောင်စလျှင် (၄၆၂၇) ဒေါ်လာအထိ ပြန်လည် မြင့် တက်လာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် အတက်အကျ ပမာဏ ဒေါ်လာ(၃၀ဝ) ဝန်းကျင်အထိ အ ပြောင်း အလဲမြန်ဆန်နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် (၂၀၂၅)ခုနှစ်အစပိုင်းက တစ်အောင်စလျှင် (၂၆၀ဝ) ဒေါ်လာဝန်း ကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် ဒေါ်လာ(၃၀ဝဝ)ကျော်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိ ဩဂုတ်လတွင် ဒေါ်လာ (၄၀ဝဝ) အထက်တွင် ရပ်တည်နေခြင်းဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် ပြန်လည်ကျဆင်းရန် အခြေအနေ နည်းပါးပြီး လက်ရှိပေါက်ဈေးအထက် တွင်သာ အတက်အကျ ဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်းတွင်မူ ယခင်တစ်ပတ်က အခေါက် ရွှေတစ်ကျပ်သားလျှင် သိန်း (၁၀ဝ) ဝန်းကျင်ပေါက် ဈေးရှိသော်လည်း ယခုတစ်ပတ်တွင် (၁၀၄) သိန်းအထိ ဈေးနှုန်းများပြန်လည်မြင့် တက်လာခြင်း ဖြစ်သည်။ ဈေးကွက်အတွင်း ရွှေဈေးများမြင့်တက်နေခြင်းကြောင့် အခေါက်ရွှေ အရောင်းအဝယ်လုပ်ငန်းမှာ အနည်းငယ် အေးနေပြီး (၁၅) ပဲရည် ရွှေထည်များသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။
ရွှေဈေးကွက်မှာ အပြောင်းအလဲမြန်ဆန်နေခြင်းကြောင့် ရောင်းမှားဝယ်မှား မဖြစ်ပေါ်စေရန် သတိထားဆောင် ရွက်သင့်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက အကြံပြုထားသည်။ လက်ရှိ ဩဂုတ်လ (၂၆) ရက် ပေါက်ဈေးမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် (၁၀၄)သိန်း(၄)သောင်းကျပ်ဖြစ်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရည် ညွန်းဈေးမှာ (၇၁) သိန်း(၅)သောင်းဖြင့် ကြေညာထားသည်။ ပြည်တွင်းရွှေပေါက်ဈေးမှာ ပြင်ပရွှေပေါက် ဈေးအတိုင်း အရောင်းအဝယ်ပြုလုပ်ကြပြီး ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်နေခြင်းကြောင့် အပြောင်းအလဲ အနည်းငယ်သာဖြစ်ပေါ် နေခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ပြည်ပသို့ရွှေထည်များတင်ပို့မည်ဟုသတင်းများထွက် ပေါ်နေ သော်လည်း လက်ရှိအချိန်အထိ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။ ငွေလဲဈေးကွက်အတွင်းတွင်မူ အမေရိကန် တစ်ဒေါ်လာလျှင် (၄၃၃၀) ကျပ်၊ ထိုင်း တစ်ဘတ်လျှင် (၁၃၂)ကျပ် ၊ တရုတ်တစ်ယွမ်လျှင် (၆၄၄) ကျပ်၊ အိန္ဒိယ တစ်ရူပီးလျှင် (၄၅) ကျပ်နှင့် စင်ကာပူတစ်ဒေါ်လာလျှင် (၃၄၁၀) ကျပ်အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။ နိုင်ငံခြားငွေလဲဈေး ကွက်သည် အတက်အကျနည်းပါးစွာဖြင့်တည်ငြိမ် နေပြီး ပို့ကုန်/သွင်းကုန် မူဝါဒများကြောင့် ဖြစ် ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျနည်းပါးပြီး ယခင်တစ်ပတ်ဈေးနှုန်း ဝန်းကျင် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။ စားအုန်းဆီဈေးကွက်အတွင်း အခြေခံ ဈေးနှုန်း တစ်ပိဿာလျှင် (၇၀ဝဝ) ကျပ်ဝန်းကျင် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်းတွင် တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ကျပ်ဝန်း ကျင်ပေါက်ဈေးရှိကြောင်းသိရသည်။
စက်သုံးဆီနှင့် စားအုန်းဆီမှာ ပြည်ပမှလစဉ် တင်သွင်းမှု ပမာဏ ကြီးမားသော်လည်း ဗဟိုဘဏ်မှ လိုအပ်သည့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်း ပေးနေခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲနည်းပါးကြောင်းသိရသည်။

(ဈေးကွက် အေးသော်လည်း အမြတ်ရသည့် စတော့အိတ်ချိန်း)
မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ (၈) ခုအထိရှိလာပြီဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းသည် ယခုနှစ်အတွင်း ဈေးကွက်ကျ ဆင်းမှုများကြုံတွေ့ခဲ့ရသော်လည်း အကျိုးအမြတ် ဖြစ်ထွန်းနေ ဆဲဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် ကုမ္ပဏီကို လေ့လာကြည့်ပါက အကျိုးအမြတ် ဖြစ်ထွန်းကြောင်း လေ့လာ တွေ့ရှိနိုင်သည်။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း (MTSH) အုပ်စု၏ (၂၀၂၅- ၂၀၂၆) ဘဏ္ဍာနှစ်ဝက် ဝင်ငွေ ကျပ် (၁ဒသမ၈) ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ကျပ် (ဝဒသမ၈) ဘီလျံတိုးမြှင့်ရရှိခဲ့ကြောင်း စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်များတွင် ဖော်ပြထားသည်။ အဓိကဝင်ငွေအနေဖြင့် စီမံအုပ်ချုပ်မှုမှ ရရှိသောဝင် ငွေနှင့် ပုံမှန်လည်ပတ်နေသည့် လုပ်ငန်း များမှ ဝင်ငွေများအဓိကပါဝင်ကြောင်း သိရသည်။
လက်ရှိကာလအမြတ်မှာ ကျပ် (၁ဒသမ၁) ဘီလျံဖြစ်ပြီး ပြီးခဲ့သောနှစ် ကာလတူထက် (၅၈) ရာခိုင်နှုန်း မှ (၆၃) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ် သည်။ ယခုဘဏ္ဍာရေးကာလ၏ အသားတင် အမြတ်ပမာဏမှာ ကျပ် (၈ဒသမ၁) ဘီလျံရရှိခဲ့ပြီး ကုမ္ပဏီမှ အစုရှယ်ယာရှင်တွေထံ ခွဲဝေပေးနိုင်သော အမြတ်မှာ ကျပ် (၇ဒသမ၈) ဘီလျံဖြစ်ကြောင်း သိရ သည်။ အသားတင်အမြတ်အနေဖြင့် နိုင်ငံခြားငွေလဲ လှယ်နှုန်း ပြောင်းလဲမှုအမြတ်တွေကြောင့် ယခင်နှစ် နှင့် နှိုင်းယှဉ် ပါက တိုးတက်မှုရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ရှယ်ယာတစ်စုချင်းအလိုက် အခြေခံ ဝင်ငွေမှာ( ၃၄) ကျပ်မှ ယခုဘဏ္ဍာနှစ်ဝက်တွင် (၁၉၉) ကျပ်သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်စတော့အိပ်ချိန်းဝင် ကုမ္ပဏီရှစ်ခု အထိရှိရာ အချို့သောကုမ္ပဏီများအဖို့ရှယ်ယာတန်ဖိုး အပြောင်းအလဲ မရှိခြင်းကြောင့်သာ ဈေးကွက်အတွင်း အရောင်း အဝယ်ကျဆင်းခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ ဩဂုတ်လ (၂၆) ရက်ပေါက်ဈေးများအရ ရှယ်ယာတစ်စုလျှင် FMI ကုမ္ပဏီက (၁၈၀ဝ)ကျပ် ၊ MTSH ကုမ္ပဏီက (၉၀ဝဝ) ကျပ်၊ EFR ကုမ္ပဏီက (၁၃၀ဝ)ကျပ်၊ MCB ကုမ္ပဏီက (၆၉၀ဝ)ကျပ် ၊ TMH ကုမ္ပဏီက (၃၆၅၀)ကျပ် ၊ EFR ကုမ္ပဏီက (၁၈၅၀) ကျပ်၊ AMATA ကုမ္ပဏီက (၄၁၀ဝ)ကျပ်၊ MAEX ကုမ္ပဏီက (၆၆၀ဝ)ကျပ် အသီးသီးပေါက်ဈေး ရှိနေသည်။ ယင်းရှယ်ယာဈေးနှုန်းများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၂၀) ရာခိုင်နှုန်းနှင့်အထက် ဈေးများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့်ရက်များအတွင်း ရန်ကုန် စတော့အိတ်ချိန်းသည် ရှယ်ယာအရောင်းအဝယ် နည်းပါးသော် လည်း ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်ရှိနေဦးမည်ဖြစ်သည်။
(ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်ခြင်း)
ပြည်တွင်း၌သုံးစွဲနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းအများစုမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး ဈေးကွက်တစ်ခု လုံး၏ (၉၀)ရာခိုင်နှုန်းမှာ ပြည်ပမှ ဆေးဝါးများကိုမှီခိုနေရခြင်းဖြစ်သည်။ ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့် ငွေကြေး ဖောင်းပွမှုများကြောင့် (၂၀၂၁) ခုနှစ်ဝန်းကျင်ကဈေးနှုန်းထက် သုံးဆ ကျော်ခန့် ဆေးဝါးဈေးများမြင့်တက်လာကြောင်း ဈေး ကွက်အတွင်းမှသိရသည်။ လူသုံးများသည့် အားဆေး ဖြစ်သော Oramin-G အားဆေးသည် ယခင်က တစ်ဘူးလျှင် တစ်သောင်းဝန်းကျင်ရှိနေရာမှ လက်ရှိ တွင် သုံးသောင်းကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ရာသီတုပ်ကွေးနှင့် ဖျားနာခြင်းများတွင်သောက် သုံးလေ့ရှိသည့် Mixagrip အဖျားပျောက်ဆေးသည် တစ်လုံးလျှင် ယခင်ကငါးရာကျပ်သာရှိသော်လည်း လက်ရှိတွင် (၁၅၀ဝ)ကျပ်အထိ ဈေးနှုန်းများမြင့် တက်နေသည်။ ထို့ပြင် ကျောက်ကပ်၊ နှလုံး၊ သွေးတိုး နှင့်ဆီးချိုကဲ့သို့ နာတာရှည်လူနာများရေရှည်သောက် သုံးနေရသည့်ဆေးဝါးများမှာ ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်မှုအများဆုံးနှင့် ပစ္စည်းပြတ်လပ်မှု အများဆုံးဖြစ်ပေါ်နေကြောင်း ဆေးဝါးပစ္စည်း ဖြန့်ချိ သူများထံမှ သိရသည်။ တံဆိပ်အမျိုးမျိုးရှိသော်လည်း လူသုံးများသည့်ဆေးဝါးများမှာ ပစ္စည်းပြတ်လပ်ခြင်း များကြုံတွေ့နေရပြီး လူနာများမှာလည်းသောက် နေကျဆေးဝါး အမှတ်တံဆိပ်ကိုပဲ ဝယ်ယူနေခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် အခြေခံဆေးဝါးများ ဈေးနှုန်းမြင့်တက်နေပြီး အောက်ခြေပြည်သူ များမှာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရကြောင်း ဆရာဝန်အချို့ကပြောသည်။ ဆေးဝါးဈေးကွက်အတွင်း သွင်းကုန် လိုင်စင်များ ရှားပါးခြင်းနှင့် ဈေးကွက်အတွင်း ဆေးဝါးတင်သွင်းရန် ဒေါ်လာငွေအလုံအလောက်မရခြင်းများကြုံတွေ့နေ ရကြောင်းသိရသည်။ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့်လည်း ဆေးဝါးလက်ကျန် အခြေအနေပေါ်မူ တည်ကာ ခွဲတမ်းအလိုက် ရောင်းချပေးနေရကြောင်း သိရသည်။ ပြည်ပထုတ်ဆေးဝါးများ အစား တိုင်ရင်းဆေးများ ကိုပြောင်းလဲသုံးစွဲလာခြင်းများရှိ သော်လည်း တိုင်းရင်းဆေးဝါးများသည်လည်း ကုန်ကြမ်းဈေးမြင့်တက်ခြင်းနှင့် အထွေထွေကုန်ကျ စရိတ်များကြောင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ဆေးရုံဆေးခန်းများတွင်လည်း ဆေးဝါး ကိုထိန်းပြီး သုံးစွဲနေရကြောင်းနှင့် ဆေးဝါးပြတ်လပ်မှု မရှိစေရန်ထိန်းပြီးရောင်းချနေကြောင်းသိရသည်။ ဆေးဝါးသိုလှောင်ပြီး ဈေးကစားရောင်းချမှုများရှိနိုင်သော်လည်း အဓိကအားဖြင့်ဈေးကွက်လိုအပ်ချက် ပမာဏကို တင်သွင်းနိုင်ခြင်းမရှိသောကြောင့် လက်ရှိပြဿနာဖြစ်ပွားနေကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ယခင်က နယ်စပ်ကုန်သွယ် ရေးမှတစ်ဆင့် ဆေးဝါးများတင်သွင်းနိုင်ခဲ့သော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်း ကြောင့် ဈေးကွက်အတွင်းဆေးဝါးရှားပါးမှုများဖြစ် ပေါ်လာကြောင်း သိရသည်။ ပြည်တွင်း၌ သုံးစွဲနေ သည့်ဆေးဝါးအများစုမှာ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံ တို့မှထုတ်လုပ်သောဆေးဝါးများဖြစ်ကြပြီး ယခင်က နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်တွင်းသို့ဝင် ရောက်လာခြင်းဖြစ်သည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအများစုမှာ လက်နက်ကိုင်တိုက်ပွဲများကြောင့် ရပ်တန့် နေရာ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပမှဆေးဝါး တင်သွင်းနေရခြင်းဖြစ်သည်။ ဒေါ်လာငွေ အခက်အခဲနှင့် သွင်းကုန် လိုင်စင်အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေပါက ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးမြင့်နေဦးမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီတွင် မြစ်ရေမှာ အန္တရာယ်ရေအမှတ်သို့ ကျော်လွန်လာသဖြင့် လူ (၇၀၀) ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထား
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
