ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား (၂) ကား ပါဝင်ပြသ
ပုလဲ (NSS) - သြဂုတ် ၃၀
ဒုတိယအကြိမ်ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား (၂) ကားပါဝင်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Central Chiang Mai Airport Plaza တွင် “ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆" ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက် မှ (၃၀) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား (၂) ကား ဖြစ်သည့် “ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန်” နှင့် “ကံကောင်း” ရုပ်ရှင်ကားတို့ ပါဝင်ပြသလျက်ရှိပြီး သက်ဆိုင်ရာဇာတ်ကားများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည်လည်း ထိုင်းနိုင်ငံမြောက်ပိုင်း ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee ၏ ဖိတ်ကြားချက်အရ ချင်းမိုင်မြို့၊ Central Chiang Mai Airport Plaza တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်၌ ကျင်းပပြုလုပ်ခဲ့သော " ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆" ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ချင်းမိုင်ခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Siwa Thamikanon၊ ထိုင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Pratana Sinthunawa၊ ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်း ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee၊ ချင်းမိုင်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ရုပ်ရှင်ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုတ်သုံလေ အားကောင်းခြင်း၊ လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် စက်တင်ဘာ (၃) ရက်နေ့အထိ မိုးကြီးမည်
RELATED POSTS
05 Oct 2026 | အနုပညာ,နိုင်ငံတကာ
