နေတိုးအဖွဲ့ဝင် နိုင်ငံများကို မတိုက်ခိုက်ရန် ရုရှားကို CIA အကြီးအကဲ သတိပေး

ဂျန်ဇက် (NSS)- ဩဂုတ် ၂၇
အမေရိကန် စီအိုင်အေ (CIA) ညွှန်ကြားရေးမှူးက နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် တိုက်ခိုက်မှုမှန်သမျှမလုပ်ဆောင်ရန် ရုရှားနိုင်.ငံကို သတိပေးလိုက်ကြောင်းအမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။ရုရှားအနေဖြင့် မဟာမိတ်အဖွဲ့ကို စမ်းသပ်လာနိုင်ချေရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များ ထွက်ပေါ်နေချိန်တွင်၊ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်သည် နေတိုးအဖွဲ့ဝင်များကို မတိုက်ခိုက်ရန်နှင့် ရုရှားကို တားဆီးရန် ရည်ရွယ်ခဲ့ကြောင်း အမေရိကန်အခြေစိုက်Wall Street Journal နှင့် CBS News တို့က ဖော်ပြခဲ့သည်။လာမည့်နှစ်အနည်းငယ်အတွင်း ပူတင်အနေဖြင့် "ကန့်သတ်တိုက်ခိုက်မှု" ဖြင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကို စမ်းသပ်လာနိုင်ဖွယ်ရှိကြောင်း Wall Street Journal က အသေးစိတ်ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ မော်စကိုသို့ CIA ထောက်လှမ်းရေးအဖွဲ့ညွန်ကြားရေးမှူး ရက်ကလစ်ဖ် သွားရောက်ခဲ့ခြင်းသည် "ပုံမှန်နီးပါး" သာဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့ပြီး၊ ထောက်လှမ်းရေးအကြီးအကဲသည် ရုရှားနိုင်ငံတွင် ယူကရိန်းစစ်ပွဲကို ဆွေးနွေးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။သမ္မတထရမ့်က "သူ အဲဒီမှာ ရှိနေပါတယ်။ ပုံမှန်နီးပါးပါပဲ။ လူတွေ စိတ်ပျက်သွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ယူကရိန်းစစ်ပွဲ ပြီးဆုံးတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်" ဟု ပြောကြားခဲ့သည်။ရက်ကလစ်ဖ်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။
သူ၏ခရီးစဉ်သည် ယူကရိန်းနိုင်ငံအတွင်း ရုရှား၏ ထိုးစစ်ဆင်မှုများ ပိုမိုပြင်းထန်လာချိန်နှင့် တိုက်ဆိုင်နေပြီး၊ ယခုနွေရာသီအတွင်း တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာကာ အမေရိကန်တို့ ကြားဝင်စေ့စပ်ပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း ရပ်တန့်နေဆဲ ဖြစ်သည်။ခရီးစဉ်အတွင်း ရက်ကလစ်ဖ်သည် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲကိုလည်း ဆွေးနွေးခဲ့ပြီး၊ ဟော်မုဇ် ရေလက်ကြား သို့ သင်္ဘော အသွားအလာများ ပြန်လည်မဖွင့်လှစ်ပါက ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံပြုလုပ်မည်ဟု သတိပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူ အများအပြားကို ကိုးကား၍ CBS News က ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MSME လုပ်ငန်းရှင်များ မြေနေရာလိုအပ်ချက်တင်ပြမည်ဆိုပါက လုပ်ကိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးနေ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
