" မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ ရှုမြင်ပုံ ဆောင်းပါးအမှတ်စဉ် (၃၁) " သဘောထားကွဲပြားနေသည့် အရှေ့တောင်အာရှ - ဂလိုဘယ်လိုက်ဇေးရှင်း စုစည်းမှု ပြိုကျပြီးနောက် အာဆီယံ၏ ဘုံအကျိုးစီးပွားများ စတင်လျော့နည်းလာခြင်း
မူရင်း - Xiao Dao Richang SG (ကျွန်းစုနေ့စဉ်မှတ်တမ်း SG) / Xiao Dao Guancha-SG (ကျွန်းစုလေ့လာစောင့်ကြည့်ရေး-SG)
WeChat တင်သည့်နေ့စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်
မြန်မာဘာသာပြန်သူ- ဝမ်းမင်
၂၀၂၆ ခုနှစ်တွင် အရှေ့တောင်အာရှဆိုင်ရာ စစ်တမ်းလေ့လာချက်တခုက ဤဒေသတွင်း ဖြစ်ပေါ်နေသော ကွဲလွဲချက်များကို ပွင့်လင်းမြင်သာစွာ မီးမောင်းထိုး ပြလိုက်သည်။
စင်ကာပူနိုင်ငံ ယူဆုဖ် အီရှက် အရှေ့တောင်အာရှလေ့လာရေးအင်စတီကျု (ISEAS - Yusof Ishak Institute) က အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖြေဆိုသူများ အား "အကယ်၍ အရှေ့တောင်အာရှအနေဖြင့် တရုတ်နှင့် အမေရိကန်တို့အကြား တဖက်ဖက်ကို မဖြစ်မနေ ရွေးချယ်ရမည်ဆိုပါက မည်သူ့ကို ရွေးချယ်သင့်သနည်း" ဟု မေးမြန်းခဲ့သည်။
ဒေသတခုလုံးအနေဖြင့် ခြုံကြည့်ပါက အဖြေမှာ ထက်ဝက်စီနီးပါး ဖြစ်နေသည် -
၅၂% က တရုတ်နိုင်ငံကို ရွေးချယ်ကြပြီး
၄၈% က အမေရိကန်နိုင်ငံကို ရွေးချယ်ခဲ့ကြသည်။
သို့သော် တနိုင်ငံချင်းအလိုက်ကိန်းဂဏန်းများကို ခွဲခြားကြည့်လိုက်ပါက လုံးဝ သဘောထားကွဲပြားသော အရှေ့တောင်အာရှကို တွေ့ရှိရမည်ဖြစ်သည်။
အင်ဒိုနီးရှားတွင် ဖြေဆိုသူ ၈၀.၁% က တရုတ်ကို ရွေးချယ်ပြီး မလေးရှားတွင် ၆၈%၊ စင်ကာပူတွင် ၆၆.၃% ရှိခဲ့သည်။
အခြားတစ်ဖက်တွင် အမေရိကန်ကိုရွေးချယ်သူများမှာ ဖိလစ်ပိုင်တွင် ၇၆.၈%၊ ဗီယက်နမ်တွင် ၅၉.၂% နှင့် မြန်မာတွင် ၆၁.၄% ရှိသည်။ လာအိုမှာမူ ထက်ဝက်စီနှင့် တဖက် နှင့် တဖက် အရေအတွက်အနီးစပ်ဆုံး ဖြစ်နေသည်။
ထို့ကြောင့် အစီရင်ခံစာက ဤရလဒ်ကို "အလွန်အမင်း သဘောထားကွဲပြားနေသော မဟာဗျူဟာ မြေပုံ" ဟု တဲ့တိုး ဖော်ပြခဲ့သည်။
ဤစစ်တမ်းသည် နိုင်ငံအသီးသီးမှ ထင်မြင်ယူဆချက်၊ ခေါင်းဆောင်များ (Opinion Leaders) နှင့် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များကို ရောင်ပြန်ဟပ်ခြင်းဖြစ်ပြီး အစိုးရများ၏ တရားဝင်ရပ်တည်ချက် မဟုတ်ပါ။
သို့သော် ၎င်းသည် X-ray ဓာတ်မှန်ရိုက်ကူးလိုက်သကဲ့သို့ပင် ဖြစ်သည်။
အာဆီယံသည် အဖွဲ့အစည်းတစ်ခုအနေဖြင့် မပြိုကွဲသေးဘဲ အကောင်းပကတိရှိနေပုံရသော်လည်း၊ တူညီသော မဟာဗျူဟာမြောက် မေးခွန်းတစ်ခုကို ရင်ဆိုင်ရချိန်တွင် အဖွဲ့ဝင်များ၏ အဖြေများမှာ တစ်ခုနှင့် တစ်ခုအလွန်ပင် ကွာဝေးသွားပြီဖြစ်သည်။
ရှေးခေတ်တရုတ်စကားတွင် အေးစက်လှသော သုံးသပ်ချက်တစ်ခု ရှိခဲ့ဖူးသည် -
"အကျိုးအမြတ်ပေါ် အခြေခံ၍ မိတ်ဖွဲ့ပါက အကျိုးကုန်သည်နှင့် လမ်းခွဲ၏။ ဩဇာအာဏာပေါ် အခြေခံ၍ မိတ်ဖွဲ့ပါက အာဏာကျဆင်းသည်နှင့် ပြိုလဲ၏။"
နိုင်ငံတကာဆက်ဆံရေးကို ဤစကားစုတခုတည်းဖြင့် ရှင်းပြခြင်းသည် လွန်စွာရိုးအလွန်းရာ ရောက်ပါသည်။ စီးပွားရေးလုပ်ငန်းတခုတွင် အမြတ်နည်းသွားရုံမျှဖြင့် နိုင်ငံတနိုင်ငံသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဒေသဆိုင်ရာအဖွဲ့အစည်းတခုမှ ချက်ချင်းနှုတ်ထွက်သွားမည် မဟုတ်ပေ။
သို့သော် ၎င်းသည် လွတ်လပ်စွာ စုစည်းထားသော မဟာမိတ်အဖွဲ့တိုင်း ရှောင်လွှဲ၍မရသည့် မေးခွန်းတခုကို မီးမောင်းထိုးပြနေပါသည်။
- “အဖွဲ့ဝင်အားလုံးက ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးအမြတ်ရရှိနေချိန်တွင် ပူးပေါင်းဆောင်ရွက်ရန် လွယ်ကူသော်လည်း၊ မတူညီသော အဖွဲ့ဝင်များက မတူညီသော အကျိုး အမြတ်များ၊ မတူညီသော ကုန်ကျစရိတ်များနှင့် ထိတွေ့လာရပြီး နောက်ဆုံးတွင် ထိပ်တိုက်ပဋိပက္ခဖြစ်စေမည့် ရွေးချယ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် မည်သူက "စုပေါင်းအကျိုးစီးပွား" အတွက် မိမိနိုင်ငံ၏ အကျိုးစီးပွားကို စွန့်လွှတ်ဝံ့မည်နည်း။
ဤမေးခွန်းသည် လာမည့် ဆယ်စုနှစ်အတွင်း အာဆီယံအတွက် ပိုမိုဖြေရှင်းရခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်လာနေသည်။
၁။ အာဆီယံ အကျွမ်းကျင်ဆုံးအရာမှာ အားလုံး စီးပွားဖြစ်ထွန်းသည့် ပုစ္ဆာများဖြစ်သည်
အာဆီယံသည် ဥရောပသမဂ္ဂ (EU) ၏ ပုံစံအတိုင်း တည်ဆောက်ခဲ့ခြင်း လုံးဝမဟုတ်ပါ။
၁၉၆၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့စဉ်က အာဆီယံသည် စစ်အေးခေတ် (Cold War) ဝန်းကျင်၌ ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရှေ့တောင် အာရှနိုင်ငံအချို့၏ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတခုသာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့ဝင်များ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အရှေ့ တီမော (East Timor) က တရားဝင်ပါဝင်လာခဲ့ခြင်းဖြင့် ယခုအခါ (၁၁) နိုင်ငံဖြင့် ဖွဲ့စည်းထားသော ဒေသဆိုင်ရာအဖွဲ့အစည်း ဖြစ်လာခဲ့သည်။
ဤနိုင်ငံများအကြား ကွဲပြားခြားနားမှုများမှာ စတင်ချိန်ကတည်းက အလွန်ကြီးမားခဲ့သည်။ လူဦးရေ ၆ သန်းခန့်သာရှိသော မြို့ပြနိုင်ငံငယ်မှသည် လူဦးရေ သန်း ၂၀၀ ကျော်ရှိသော နိုင်ငံကြီးများအထိ၊ အလွန်ဖွံ့ဖြိုးပြီး စီးပွားရေးစနစ်မှသည် စက်မှုဇုန်အစောပိုင်းအဆင့်တွင်ရှိသေးသော ဖွံ့ဖြိုးဆဲနိုင်ငံများအထိ ပါဝင်သည်။ နိုင်ငံရေးစနစ်၊ ဘာသာရေးယုံကြည်မှု၊ လုံခြုံရေးမိတ်ဖက်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်တို့မှာလည်း လုံးဝမတူညီကြပေ။
အာဆီယံသည် ဤကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ အလွန်ထူးခြားသည်။
《အာဆီယံပဋိညာဉ်》 ပုဒ်မ ၂၀ တွင် "ညှိနှိုင်းဆွေးနွေးမှုနှင့် ဘုံသဘောတူညီချက် (Consensus)" ကို အခြေခံဆုံးဖြတ်ချက်ချသည့် မူအဖြစ် သတ်မှတ်ထား သည်။ ထို့အပြင် အချုပ်အခြာအာဏာ၊ တန်းတူညီမျှမှုနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူများကိုလည်း ရေရှည်အလေးထား ဆောင်ရွက်ခဲ့သည်။
ဤစနစ်သည် လက်တွေ့ကျသော ရလဒ်တခု ရရှိရန်အတွက် လျှင်မြန်စွာ အရေးယူဆောင်ရွက်နှိုင်မှုကိုတော့ စွန့်လွှတ်ခဲ့ရပေသည်။
“စားပွဲဝိုင်းတွင် ထိုင်ခုံတနေရာရရှိရန်အတွက် မိမိနိုင်ငံကို အခြားနိုင်ငံတခု ပုံစံသို့ ဦးစွာ ပြောင်းလဲပစ်ရန် မလိုအပ်ခဲ့ပေ။”
သာယာဝပြောခဲ့သော နှစ်သုံးဆယ် ဂလိုဘယ်လိုက်ဇေးရှင်းကာလသည် အာဆီယံကဲ့သို့သော အဖွဲ့အစည်းအတွက် အလွန်ပင်သင့်တော်ခဲ့သည်။
သွင်းကုန်ခွန် လျှော့ချခြင်းသည် အဖွဲ့ဝင်အများစုအတွက် အကျိုးရှိသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းသည် အဖွဲ့ဝင်အများစုအတွက် အကျိုးရှိသည်။
ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမများနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းသည် အဖွဲ့ဝင်အများစုအတွက် အကျိုးရှိသည်။
ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းနှင့် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ (Supply Chains) ဖွံ့ဖြိုးတိုးတက်စေခြင်းကြောင့် နိုင်ငံတနိုင်ငံက အခြားတနိုင်ငံအတွက် ရင်းနှီးပေးဆပ်ရသည့် ဆုံးရှုံးမှုများ ဖြစ်လေ့မရှိပါ။
တိုင်းပြည်များအနေဖြင့် ကိစ္စရပ်တိုင်းတွင် သဘောထားတူညီရန် မလိုဘဲ အတူတကွ စီးပွားရှာဖွေနိုင်သည့် ကိစ္စများတွင်သာ ဘုံတူညီချက်ကို ရှာဖွေကြရန် လိုအပ်ခဲ့သည်။
ထို့ကြောင့် စနစ်ပိုင်းအရ အလွန်ကွဲပြားပြီး သံတမန်ဆက်ဆံရေး ရှုပ်ထွေးသော ဒေသတစ်ခုသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူများထဲမှ တခု ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်လာနိုင်ပြီး၊ အမေရိကန်သည် အရေးပါသော မတည်ရင်းနှီးမြှုပ်နှံသူ ဖြစ်လာနိုင်ကာ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပတို့က ဆက်လက်ရင်းနှီးမြှုပ်နှံပြီး အဖွဲ့ဝင်နိုင်ငံများသည်လည်း မိမိတို့၏ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များကို တည်ဆောက်နိုင်ခဲ့ကြသည်။
၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် အာဆီယံအကြား နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၇၂.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အာဆီယံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၂၀.၁% ရှိခဲ့ကာ တရုတ်သည် ၁၅ နှစ်ဆက်တိုက် အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။ တချိန်တည်းမှာပင် ၂၀၂၃ ခုနှစ်၌ အမေရိကန်၏ အာဆီယံသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ဒေါ်လာ ၇၄.၄ ဘီလီယံအထိ ရှိခဲ့ပြီး ထိုနှစ်အတွက် အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့သည်။
တစ်ဖက်တွင် တရုတ်နှင့် စီးပွားရေးလုပ်၊ တစ်ဖက်တွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံ၊ တချိန်တည်းမှာပင် ဂျပန်၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို ရယူကာ အာဆီယံနှင့် RCEP မှတစ်ဆင့် ဒေသတွင်းဈေးကွက်ကို ချဲ့ထွင်ခဲ့သည်။
အတိတ်ကမူ ဤကိစ္စများသည် ပဋိပက္ခမဖြစ်ခဲ့ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းက နိုင်ငံတနိုင်ငံအား မိတ်ဆွေများစွာ တပြိုင်နက်တည်း ပိုင်ဆိုင်ခွင့် ပေးခဲ့သည်။
အာဆီယံ၏ လွတ်လပ် ပျော့ပြောင်းစွာ ဖွဲ့စည်းထားမှုသည် ထိုသို့သော ဝန်းကျင်တွင် အားသာချက်တခုပင် ဖြစ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံက ဤစနစ်၏ အကန့်အသတ်ရှိမှုကို ကြိုတင်ပြသခဲ့သည်
ပြဿနာများသည် ၂၀၂၁ ခုနှစ် မြန်မာ့အရေးတွင် စုပုံပေါ်ထွက်လာခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ပဋိပက္ခများ ဆက်တိုက် ကျယ်ပြန့်လာခဲ့သည်။
ထို့နောက် အာဆီယံက အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အဖွဲ့အစည်းအသီးသီးအကြား ဆွေးနွေးရေး၊ အထူးသံတမန် စေလွှတ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့အတွက် "ဘုံသဘောတူညီချက် ၅ ချက်" (Five-Point Consensus) ကို ထုတ်ပြန်ခဲ့သည်။
အကယ်၍ အာဆီယံသည် နိုင်ငံတနိုင်ငံ၏ အစိုးရကဲ့သို့ လုပ်ပိုင်ခွင့်မျိုး ရှိခဲ့ပါက နောက်တဆင့်အနေဖြင့် အကောင်အထည်ဖော်သည့် အဆင့်သို့ ကူးပြောင်းသွားမည်ဖြစ်သည်။
သို့သော် အာဆီယံတွင် ထိုသို့သော လုပ်ပိုင်ခွင့် မရှိပါ။
အာဆီယံသည်- “ ဆွေးနွေးညှိနှိုင်းနိုင်သည်၊ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်သည်၊ အထူးသံတမန် စေလွှတ်နိုင်သည်၊ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်သည်၊ အာဆီယံ ထိပ်သီးအစည်းအဝေးအချို့သို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားလှယ် ပါဝင်မှုကို ကန့်သတ်နိုင်သည်။”
သို့သော် အခြားအဖွဲ့ဝင်များကြားရရှိထားသော နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို အဖွဲ့ဝင်တနိုင်ငံအား အတင်းအကျပ် အကောင်အထည်ဖော်ခိုင်းရန်မူ အလွန်ခက်ခဲသည်။
ကာလရှည်ကြာအချိန်စောင့်ခဲ့သော်လည်း ရလဒ်ကား မရှိသလောက်ပင်။
၂၀၂၁ ခုနှစ်တွင် "ဘုံသဘောတူညီချက် ၅ ချက်" ကို စတင်ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလသို့ ရောက်ရှိလာချိန်တွင် အာဆီယံခေါင်းဆောင် များသည် အကောင်အထည်ဖော်မှုအခြေအနေကို ထပ်မံသုံးသပ်ခဲ့ရာ တရားဝင်စာရွက်စာတမ်းများတွင် အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ "သိသာ ထင်ရှားသော တိုးတက်မှု မရှိသေးပါ" ဟု ရေးသားနေရဆဲဖြစ်သည်။
အာဆီယံသည် "ဘုံသဘောတူညီချက် ၅ ချက်" ၌ အဓိပ္ပာယ်ရှိသော တိုးတက်မှုများ မပေါ်ပေါက်မချင်း ထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ "နိုင်ငံရေးအရ မဟုတ်သော ကိုယ်စား လှယ်" သာ တက်ရောက်ခွင့်ပြုမည့် အစီအစဉ်ကို ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့သည်။
လေးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အာဆီယံသည် ဘာမျှ မလုပ်နှိုင်ခဲ့ပါ။
လူသားချင်းစာနာမှု အကူအညီများ၊ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် အထူးသံတမန် ထားရှိစေလွှတ်ရေး လုပ်ငန်းစဉ်တို့ကတော့ ဆက်လက်တည်ရှိနေခဲ့ပါသည်။
သို့သော် မြန်မာ့အရေးသည် အာဆီယံစနစ်၏ စွမ်းဆောင်ရည် အကန့်အသတ်ရှိမှုကို အများပြည်သူရှေ့တွင် ထုတ်ဖေါ် ပြသလိုက်သည့်အတွက် နက်ရှိုင်းသော ဒဏ်ရာတခု ကျန်ရစ်စေခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုသည် လူတိုင်း အတူတကွ အကျိုးအမြတ်ရရှိရန် လိုအပ်သည့်အခါတွင်သာ ဘုံသဘောတူညီချက်စနစ်သည် ထိရောက်သည်။
သို့သော် ပြဿနာတရပ်ကို ဖြေရှင်းရန် အဖွဲ့ဝင်တနိုင်ငံက မိမိမလိုလားသော နိုင်ငံရေးပေးဆပ်မှုကို လက်ခံရန် ဖြစ်လာပါက ဘုံသဘောတူညီချက်သည် စာရွက်ပေါ်တွင်သာ ကာလရှည်ကြာ သောင်တင်နေပေလိမ့်မည်။
မြန်မာကိစ္စသည် နိုင်ငံတနိုင်ငံနှင့်သာ ပတ်သက်သောကိစ္စ ဖြစ်သည်။
သို့သော် ရှေ့လာမည့် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုပြဿနာသည် ဤကဲ့သို့ (Either or) တခုမဟုတ်တခု ရွေးချယ်ရသည့် ပုစ္ဆာတပုဒ်တည်းကို နိုင်ငံ (၁၁) နိုင်ငံစလုံးက ဖြေဆိုရန် တပြိုင်နက်တည်း ပေးပို့လာခြင်းမျိုး ဖြစ်နိုင်ပေသည်။
၃။ အာဆီယံကို စည်းနှောင်ထားသည့် ကြိုးမှာ လျှော့တိလျှော့ရဲဖြစ်ကြောင်း အီးယူက သက်သေပြခဲ့ ပြီးဖြစ်သည်။
ဥရောပသည် အခြားသော နှိုင်းယှဉ်စရာ ပုံစံတစ်ခုကို ပေးခဲ့သည်။
ဥရောပသမဂ္ဂ (EU) ၏ ပေါင်းစည်းမှုအဆင့်သည် အာဆီယံထက် များစွာ သာလွန်သည်။
၎င်းတွင် ဥရောပကော်မရှင်၊ ဥရောပပါလီမန်၊ ဥရောပတရားရုံးနှင့် ဘုံဥပဒေစနစ်တို့ ရှိသည်။
ဥရောပကောင်စီသည် ဥပဒေပြုရေးကိစ္စအများစုကို ကိုင်တွယ်ရာတွင် "အရည်အချင်းပြည့် မဲအများစုဖြင့် ဆုံးဖြတ်ခြင်း" (Qualified Majority Voting) ကို အခြေခံအားဖြင့် အသုံးပြုပြီး၊ ပုံမှန်အားဖြင့် အဖွဲ့ဝင် ၅၅% နှင့် အနည်းဆုံး အီးယူလူဦးရေ၏ ၆၅% ကို ကိုယ်စားပြုပါက အတည်ပြုနိုင်ပြီး၊ နိုင်ငံ (၂၇) နိုင်ငံလုံး၏ သဘောတူညီချက်ကို မလိုအပ်ပေ။
ထိုသို့ရှိသည့်တိုင် သံတမန်ရေး၊ လုံခြုံရေး၊ အခွန်အခ ကဲ့သို့သော ထိရှလွယ်သော နယ်ပယ်များတွင် အီးယူသည် တညီတညွတ်တည်း သဘောတူရမည့် စည်းမျဉ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
အကြောင်းမှာ ထိုပြဿနာများသည် အဖွဲ့ဝင်နိုင်ငံများ၏ ထိခိုက်လွယ်သော အကျိုးစီးပွားများကို တိုက်ရိုက်ထိတွေ့နေပြီး နိုင်ငံတနိုင်ငံ၏ ကန့်ကွက်မှုကပင် ဆုံးဖြတ်ချက်ချရေးကို ခက်ခဲသွားစေရန် လုံလောက်သောကြောင့် ဖြစ်သည်။
ဤအချက်က အာဆီယံအတွက် လက်တွေ့ကျသော နှိုင်းယှဉ်ချက်တခုကို ပေးသည်။
ဥရောပသမဂ္ဂ၏ ပြဿနာမှာ - မြင့်မားစွာ ပေါင်းစည်းထားသော စနစ်ကို တည်ဆောက်ပြီးနောက် အဖွဲ့ဝင်များအကြား ပိုမိုထင်ရှားလာသော အကျိုးစီးပွား ပဋိပက္ခများကို မည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ဖြစ်သည်။
အာဆီယံ ရင်ဆိုင်နေရသော အကန့်အသတ်များမှာ ပိုမိုစောစီးစွာ ပေါ်ပေါက်လာခဲ့သည်။
၎င်းတွင် အီးယူကဲ့သို့ အထက်စီးမှ အာဏာပိုင်အဖွဲ့အစည်း မရှိ၊ ဘုံဥပဒေဆိုင်ရာ စည်းနှောင်မှု မရှိသကဲ့သို့ မဲအများစုဖြင့် ဆုံးဖြတ်သည့် စနစ်ကို စာချုပ်စာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုး အသုံးပြုနိုင်သည့် စနစ်လည်း မရှိပေ။
ထို့ကြောင့် အာဆီယံ၏ လွန်ခဲ့သော ဆယ်စုနှစ်များစွာက အောင်မြင်မှုသည် ပြင်ပအခြေအနေတခုအပေါ် များစွာ မှီခိုခဲ့ရသည်။
ဤသည်မှာ -
“စုပေါင်းဆုံးဖြတ်ရန် လိုအပ်သော ကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကြီးမားသော အကျိုးစီးပွား ပဋိပက္ခများ မရှိစေရေးပင် ဖြစ်သည်။”
ဂလိုဘယ်လိုက်ဇေးရှင်းက အာဆီယံအား ဤအခြေအနေကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးခဲ့သည်။ သို့သော် စီးပွားရေး ချိတ်ဖြုတ်ခြင်း (Decoupling) က ယင်း အခြေအနေကို စတင်ပြောင်းလဲစေခဲ့သည်။
၄။ ဂလိုဘယ်လိုက်ဇေးရှင်းသည် ပေါင်းစည်းခြင်းကို ပြုလုပ်ခဲ့ပြီး ချိတ်ဖြုတ်ခြင်း(Decoupling) သည် ခွဲခွာခြင်းကို စတင်ပြုလုပ်နေသည်
အတိတ်က ဗီယက်နမ်စက်ရုံတစ်ရုံသည် တရုတ်အပိုပစ္စည်းများကို အသုံးပြုနိုင်သည်။ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုကို လက်ခံနိုင်သည်၊ ထုတ်ကုန်များကို အမေရိကန်ဈေးကွက်သို့ ရောင်းချနိုင်ပြီး စင်ကာပူမှတဆင့် ဘဏ္ဍာရေးကိစ္စနှင့် သင်္ဘောလိုင်း ပို့ဆောင်မှုကို ပြီးမြောက်စေနိုင်သည်။
ဆက်ဆံရေးအလွှာ တခုတိုးတိုင်း ပုံမှန်အားဖြင့် အော်ဒါတခု၊ ဈေးကွက်တခု သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တခု ထပ်မံတိုးပွားလာခြင်းကို ဆိုလိုသည်။
ဤသည်မှာ ပေါင်းစည်းခြင်း (Addition) ဖြစ်သည်။
ယနေ့အခါတွင် အမျိုးသားလုံခြုံရေးနှင့် စက်ဆပ်နေသော စီးပွားရေးလှုပ်ရှားမှုများမှာ ပို၍ ပို၍ များလာသည်။
ဆီမီကွန်ဒါတာ (Semiconductors) သည် နည်းပညာထိန်းချုပ်မှုနှင့် သက်ဆိုင်သည်။
ဉာဏ်ရည်တု (AI) သည် တွက်ချက်မှုစွမ်းအား၊ ဒေတာနှင့် ချစ်ပ်ပြားများ (Chips) နှင့် သက်ဆိုင်သည်။
လျှပ်စစ်ကားနှင့် ဘက်ထရီ တို့သည် စက်မှုမူဝါဒနှင့် အရေးပါသော သတ္တုတွင်းထွက်များနှင့် သက်ဆိုင်သည်။
ဆက်သွယ်ရေးစက်ပစ္စည်းများ၊ Cloud Computing နှင့် နယ်စပ်ဖြတ်ကျော် ဒေတာ တို့သည် လုံခြုံရေးစည်းမျဉ်းများ၏ လွှမ်းမိုးမှုကို စတင်ခံလာ ရသည်။
ထောက်ပံ့ပို့ဆောင်ရေး၏ မြစ်ဖျားခံရာ၊ မတည်ရင်းနှီးမြှုပ်နှံမှု၏ နောက်ခံ၊ နည်းပညာ၏ အရင်းအမြစ်၊ နောက်ဆုံးထုတ်ကုန် မည်သည့်နေရာသို့ ရောင်းချ မည်ဆိုသည်တို့ကို သီးခြားစီ ခွဲခြားတွက်ချက်ရန် ခက်ခဲသည်။
ဤသည်မှာ အတိတ်က သိသာသည့်ပြဿနာမဟုတ်ခဲ့သော်လည်း ယခုအခါ ကြီးမားသည့်ပြဿနာ ဖြစ်လာသည်။
- “အကယ်၍ နိုင်ငံ A ၏ နည်းပညာကို အသုံးပြုပါက နိုင်ငံ B ၏ ဈေးကွက်သို့ ဝင်ရောက်မှုကို ထိခိုက်စေမည်လား။
နိုင်ငံ A ၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံပါက နိုင်ငံ B ၏ စည်းမျဉ်းထိန်းချုပ်မှု ကုန်ကျစရိတ် ပိုတိုးလာမည်လား။
လုံခြုံရေးမိတ်ဖက်တစ်ခု ရရှိရန်အတွက် အခြားစီးပွားရေးမိတ်ဖက်တစ်ခုကို ဆန့်ကျင်လျက် တန်ဘိုးတခု ပေးရမည်လား။ “
အတိတ်က အရှေ့တောင်အာရှအနေဖြင့် အကောင်းဆုံးလက်တွေ့ကျင့်သုံးခဲ့သည်မှာ - "နှစ်ခုစလုံး လိုချင်သည်" ဟူ၍ ဖြစ်သည်။
ယနေ့အခါတွင် ပိုမိုများပြားလာသည့် ပြဿနာများက အဖြေကို တောင်းဆိုနေသည်။
- "မည်သည့်အရာကို ရွေးချယ်မည်နည်း"။
၂၀၂၆ ခုနှစ် ISEAS ၏ စစ်တမ်းတွင် ဖြေဆိုသူ ၅၅.၂% က တရုတ်-အမေရိကန် ဖိအားများကို ရင်ဆိုင်ရာတွင် အာဆီယံသည် ရှေးဦးစွာ မိမိ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ညီညွတ်မှုကို တိုးမြှင့်သင့်သည်ဟု ယူဆကြသည်။
ဤသည်က အရှေ့တောင်အာရှအနေဖြင့် မည်သည့်ဖက်ကိုမျှ မရွေးချယ်ချင်ကြောင်း ပြသနေသည်။
သို့သော် ထိုစစ်တမ်းတခုတည်းကပင် အကယ်၍ မဖြစ်မနေ ရွေးချယ်ရမည်ဆိုပါက နိုင်ငံအသီးသီး၏ အဖြေများသည် ချက်ချင်း ကွဲပြားသွား ကြောင်း ပြသနေသည်။
ဤရလဒ်နှစ်ခုကို ပေါင်းစည်းကြည့်လိုက်လျှင် ယနေ့ အာဆီယံအတွက် အခက်ခဲဆုံး အပိုင်းကို တွေ့ရမည် ဖြစ်သည် - ဤသည်မှာ
"အားလုံးက မဟာဗျူဟာမြောက် လွတ်လပ်စွာ ရပ်တည်ခွင့်ကို ထိန်းသိမ်းလိုကြသည်။ သို့သော်လည်း တူညီသောလွတ်လပ်မှု ရှိရန်မှာ အတိအကျ တူညီသော အကျိုးစီးပွားဖွဲ့စည်းပုံ မရနှိုင်ချေ။"
၅။ နိုင်ငံ (၁၁) နိုင်ငံ၊ စာရင်း (၁၁) ခု
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့သည် အာဆီယံ အစည်းအဝေးပွဲတစ်ခုတည်းတွင် ထိုင်နေကြသော်လည်း နိုင်ငံများ ရင်ဆိုင်နေရသော စာရင်းအင်းများမှာ မတူညီကြပေ။
နိုင်ငံတစ်နိုင်ငံက ပင်လယ်ပြင်လုံခြုံရေးကို ပိုမိုစိုးရိမ်ပြီး အခြားနိုင်ငံတစ်ခုက စက်မှုလုပ်ငန်းကို ပထမဦးစားပေး စဉ်းစားသည်။
နိုင်ငံတစ်နိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးနှင့် လွတ်လပ်သော ကုန်သွယ်မှုအပေါ် မှီခိုနေပြီး အခြားနိုင်ငံတစ်ခုက သတ္တုတွင်းထွက်များ၊ လူဦးရေနှင့် ကြီးမားသော ပြည်တွင်းဈေးကွက်ကို ပိုင်ဆိုင်ထားသည်။
အချို့က တရုတ်ထုတ်လုပ်မှု ကဏ္ဍ ရွှေ့ပြောင်းလာမှုကို လက်ခံရန် မျှော်လင့်နေပြီး အချို့က အမေရိကန်ဈေးကွက် ဝင်ရောက်ခွင့်ကိုပါ ထည့်သွင်း စဉ်းစားနေရသည်။ အချို့နိုင်ငံများ၏ လုံခြုံရေး ဆက်ဆံရေးမှာ အမေရိကန်နှင့် ပိုမိုနီးကပ်ပြီး အချို့နိုင်ငံများမှာ တရုတ်နှင့် စီးပွားရေးအရ ပိုမိုနက်ရှိုင်းသော ဆက်နွှယ်မှု ရှိသည်။
ထို့ကြောင့် တူညီသော တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုသည် နိုင်ငံအသီးသီးအတွက် ဖြစ်ပေါ်စေမည့် အနားသတ်အကျိုးအမြတ် (Marginal Benefits) နှင့် ကုန်ကျစရိတ်များ မတူညီနိုင်ပါ။
၂၀၂၆ ခုနှစ်၏ စစ်တမ်းက ဤကွဲပြားမှုကို ဂဏန်းအချက်အလက်အဖြစ် ပြသခဲ့ပြီးဖြစ်သည် -
နိုင်ငံ
အင်ဒိုနီးရှား
တရုတ်ကို ရွေးချယ်မှု (%) ၈၀.၁%
အမေရိကန်ကို ရွေးချယ်မှု (%) ၁၉.၉%
ဖိလစ်ပိုင်
တရုတ်ကို ရွေးချယ်မှု (%) ၂၃.၂%
အမေရိကန်ကို ရွေးချယ်မှု (%) ၇၆.၈%
စင်ကာပူ
တရုတ်ကို ရွေးချယ်မှု (%) ၆၆.၃%
အမေရိကန်ကို ရွေးချယ်မှု (%) ၃၃.၇%
ဗီယက်နမ်
တရုတ်ကို ရွေးချယ်မှု (%) ၄၀.၈%
အမေရိကန်ကို ရွေးချယ်မှု (%) ၅၉.၂%
နိုင်ငံ ၄ နိုင်ငံ၊ မေးခွန်း ၁ ခု၊ လုံးဝမတူညီသော စာရင်း ၄ ခု။
ဤသည်က အာဆီယံအတွက် ဘုံမူဝါဒ ဖော်ဆောင်ရေး ခက်ခဲမှုကို တိုက်ရိုက် အပြောင်းအလဲဖြစ်စေပါသည်။
အစီအစဉ်တစ်ခုက ဖိလစ်ပိုင်အား လုံခြုံရေး ခံစားချက်ကို တိုးတက်စေသော်လည်း အခြားအဖွဲ့ဝင်တစ်နိုင်ငံအား စီးပွားရေး ကုန်ကျစရိတ် ပိုမိုခံစားရစေပါက အာဆီယံသည် ဘုံသဘောတူညီချက်ကို မည်သို့ ဖော်ဆောင်မည်နည်း။
စက်မှုနယ်ပယ် စည်းမျဉ်းတစ်ခုက နိုင်ငံတစ်နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို လက်ခံရန် ကူညီပေးနိုင်သော်လည်း အခြားနိုင်ငံတခုအား ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးစေပါက မည်သူက "အာဆီယံ အကျိုးစီးပွား" ကို ကိုယ်စားပြုမည်နည်း။
တောင်တရုတ်ပင်လယ်၊ လုံခြုံရေး၊ မိုက်ခရိုချစ်ပ်များ၊ AI၊ အဓိက သတ္တုတွင်းထွက်များနှင့် နယ်စပ်ဖြတ်ကျော် ဒေတာများကို မဟာအင်အားကြီး ပါဝါ ပြိုင်ဆိုင်မှု တခုအတွင်း ထည့်သွင်းလာချိန်၌ အတိတ်က သီးခြားစီ ကိုင်တွယ်နိုင်ခဲ့သော ပြဿနာများသည် စတင် ချိတ်ဆက်လာခဲ့သည်။
အာဆီယံသည် အတိတ်က ဘုံအကျိုးစီးပွား များစွာရှိခဲ့သဖြင့် သဘောထားကွဲလွဲမှုများကို စားပွဲအောက်တွင် ယာယီ ထားရှိနိုင်ခဲ့သည်။
ယခုအခါ ဘုံအကျိုးစီးပွားများ ပျောက်ကွယ်မသွားသေးပါ။
သို့သော် ပေးဆပ်ရမည့် ကုန်ကျစရိတ်များ စတင်ပေါ်ထွက်လာပြီး နိုင်ငံ ၁၁ နိုင်ငံအတွက်၊ လက်ခံ ရရှိသော ကျသင့်ငွေ တောင်းခံလွှာ (Bills) မှာ မတူညီကြတော့ပေ။
ဤသည်မှာ "သဘောထား ကွဲပြားနေသော အရှေ့တောင်အာရှ" အတွက် အစိုးရိမ်ရဆုံး အပိုင်း ဖြစ်သည်။
၆။ အရှေ့တောင်အာရှက အာဆီယံကို ပိုမိုလိုအပ်လေလေ၊ အာဆီယံက အရှေ့တောင်အာရှကို ကိုယ်စားပြုရန် ပိုမိုခက်ခဲလာလေလေ
ဤသည်က အာဆီယံ ပြိုကွဲသွားမည်ဟု မဆိုလိုပါ။ ဆန့်ကျင်ဘက်ပင် ဖြစ်သွားနိုင်ပါသည်။
တရုတ်-အမေရိကန် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာလေလေ၊ အရှေ့တောင်အာရှ နိုင်ငံများသည် ဆွေးနွေးညှိနှိုင်းမှု အားသာချက်များကို တိုးမြှင့်ပေးနိုင်မည့် စုပေါင်းပလပ်ဖောင်းတခုကို ပိုမိုလိုအပ်လာလေလေ ဖြစ်သည်။
တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ ကဲ့သို့သော အလွန်ကြီးမားသော စီးပွားရေး အဖွဲ့အစည်းများကို တနိုင်ငံတည်း ချဉ်းကပ်ပါက အရှေ့တောင်အာရှ နိုင်ငံအများစု၏ ဆွေးနွေးပွဲ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိသည်။
နိုင်ငံ (၁၁) နိုင်ငံကို ပေါင်းစည်းလိုက်ပါက ဈေးကွက်၊ လူဦးရေ၊ ထုတ်လုပ်မှုကဏ္ဍ၊ ဆိပ်ကမ်းများ၊ သယံဇာတနှင့် ပထဝီဝင်အနေအထားတို့၏ တန်ဖိုးမှာ တိုးတက် လာမည်ဖြစ်သည်။
ထို့ကြောင့် အာဆီယံသည် အတွင်းပိုင်း ကွဲလွဲချက်များကြောင့် ရုတ်တရက် အဓိပ္ပာယ်မဲ့သွားမည် မဟုတ်ပေ။
အခက်အခဲမှာ အခြားတစ်ဖက်တွင် ရှိနေသည် -
၎င်းသည် ဆွေးနွေးပွဲ ပလပ်ဖောင်းတစ်ခုအဖြစ် ပိုမိုအရေးပါလာနိုင်သော်လည်း ညီညွတ်သော နိုင်ငံရေး အဖွဲ့အစည်းတစ်ခုအဖြစ်မူ ပိုမိုခက်ခဲလာနိုင်သည်။
စီးပွားရေးအရ ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာမူ ခွဲထွက်သွားနိုင်သည်။
ဒေသတွင်း ကုန်သွယ်မှုသည် ဆက်လက် နက်ရှိုင်းရန် လိုအပ်သော်လည်း စက်မှုမူဝါဒများမှာမူ မတူညီသော အင်အားကြီးနိုင်ငံများ၏ စည်းမျဉ်းများ လွှမ်းမိုးမှုကို ခံလာရနှီုင်သည်။
နိုင်ငံအားလုံးက "အာဆီယံ ဗဟိုပြုမှု" (ASEAN Centrality) ကို ဆက်လက်တည်ရှိရန် လိုလားကြသော်လည်း နိုင်ငံအသီးသီးက နားလည်ထားသော အာဆီယံ အကျိုးစီးပွားသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ပိုမိုနီးကပ်လာနိုင်သည်။
မြန်မာ့နိုင်ငံက ရလဒ်တခုကို ကြိုတင်ပြသခဲ့ပြီးဖြစ်သည်။
အာဆီယံသည် ဘုံရပ်တည်ချက် ရှိနိုင်သော်လည်း အဖွဲ့ဝင်များအား ဘုံရပ်တည်ချက် ကုန်ကျစရိတ်များ ထမ်းဆောင်ခိုင်းရန် ဖိအားပေးနှိုင်သည့် ပါဝါ မရှိပါ ချေ။
အကယ်၍ အနာဂတ် သဘောထားကွဲလွဲမှုများသည် မြန်မာနိုင်ငံမှသည် တောင်တရုတ်ပင်လယ် အရေးကိစ္စများ၊ မိုက်ခရိုချစ်ပ်များ၊ AI ညဏ်ရည်တု၊ အဓိက သတ္တုတွင်းထွက်များ၊ စွမ်းအင်နှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များအထိ ကျယ်ပြန့်လာပါက ပြဿနာ၏ ပမာဏမှာ လုံးဝ ကွဲပြားခြားနားသွားပေ လိမ့်မည်။
လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော် ဂလိုဘယ်လိုက်ဇေးရှင်းသည် အာဆီယံအား အလွန်သက်သောင့်သက်သာရှိသော ပြင်ပဝန်းကျင်တစ်ခု ပေးအပ်ခဲ့သည်။
တရုတ်၏ တိုးတက်မှု၊ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု၊ ဂျပန်၏ စက်မှုကွင်းဆက် တည်ဆောက်မှု၊ ဥရောပ၏ ဈေးကွက်ဖွင့်လှစ်မှုတို့တွင် အရှေ့တောင်အာရှ သည် လုပ်သားအင်အား၊ မြေနေရာ၊ ဆိပ်ကမ်း၊ သယံဇာတနှင့် တိုးတက်လာသော စားသုံးသူများကို ပံ့ပိုးပေးရုံသာ ဖြစ်သည်။
အကြိမ်များစွာတွင် နိုင်ငံများသည် မည်သူရှုံးမည်ဆိုသည်ကို စဉ်းစားရန် မလိုဘဲ အတူတကွ မည်သို့ ပိုမိုစီးပွားရှာမည်ဆိုသည်ကိုသာ ဆွေးနွေးရန် လိုအပ်ခဲ့သည်။
ယခုအခါ ဤဝန်းကျင်၏ ဒီရေသည်စတင် ဆုတ်ယုတ်လာနေပြီဖြစ်သည်။
နောင်တွင် အာဆီယံ အစည်းအဝေးပွဲများ၌ မေးခွန်းများမှာ " အားလုံးအတွက် ဘယ်လောက်စီရကြမလဲ" ဆိုသည့် မေးခွန်း မဟုတ်နှိုင်တော့ပါ။
ယင်းအစား - "ဒီဖက်က အရာများကို ရရှိရန် အခြားဖက်မှ မည်သည့်အရာများကို စွန့်လွှတ်ရမှာလဲ" ဆိုသည့် မေးခွန်းဖြစ်လာပါလိမ့်မည်။
ဤမေးခွန်းနှစ်ခုအတွက် လိုအပ်သော မဟာမိတ်အဖွဲ့ စွမ်းဆောင်ရည်မှာ လုံးဝ မတူညီကြပေ။
ပထမမေးခွန်းသည် ဘုံအကျိုးစီးပွားဖြင့် ထိန်းသိမ်းထားနိုင်သည်။
ဒုတိယမေးခွန်းမှာမူ အဖွဲ့ဝင်များအကြား ကုန်ကျစရိတ်များကို ထမ်းဆောင်ရန်၊ အကျိုးစီးပွား ဖလှယ်ရန်နှင့် အချို့သော အခြေအနေများတွင် စုပေါင်းဆုံးဖြတ်ချက်များအတွက် အမျိုးသားအကျိုးစီးပွားများကို စွန့်လွှတ်ရန်ပင် လိုအပ်သည်။
ဤသည်မှာ အာဆီယံ၏ အားအနည်းဆုံး အပိုင်းပင် ဖြစ်သည်။
ထို့ကြောင့် ပြောလိုသည်မှာ "အကျိုးအမြတ်ပေါ် အခြေခံ၍ မိတ်ဖွဲ့ပါက အကျိုးကုန်သည်နှင့် လမ်းခွဲကြ၏" ဆိုသည့်အတွက် အာဆီယံသည် မနက်ဖြန်တွင် ပြိုကွဲသွားမည်ဟု မဆိုလိုပါ။ ၎င်းသည် သတိပေးချက်တခုနှင့် ပိုမိုတူညီပါသည်။
" ဂလိုဘယ်လိုက်ဇေးရှင်းက ဘုံအကျိုးစီးပွားများကို ဆက်တိုက် ဖန်တီးပေးနိုင်ချိန်တွင် အာဆီယံ၏ လွတ်လပ်ပျော့ပြောင်းစွာ ဖွဲ့စည်းထားမှုသည် အားသာချက်တစ်ခု ဖြစ်သည်။
သို့သော် မဟာအင်အားကြီးတို့၏ ပါဝါ ပြိုင်ဆိုင်မှုများကြောင့် ပဋိပက္ခ ကုန်ကျစရိတ်များဖြစ်ပေါ် လာသည့်အခါ ၊ ထိုလွတ်လပ်ပျော့ပြောင်းမှုသည်ပင် အကန့်အသတ်တခု ဖြစ်လာလေသည်"
လာမည့် နှစ်များအတွင်း စောင့်ကြည့်ရမည့် အဓိကအချက်မှာ မည်သည့် အရှေ့တောင်အာရှ နိုင်ငံက တရုတ်ကို ရွေးချယ်ပြီး မည်သည့် နိုင်ငံက အမေရိကန်ကို ရွေးချယ်မလဲဆိုသည့် အချက် မဟုတ်ပါ။
ယင်းအစား ပိုမိုခက်ခဲသော မေးခွန်းတစ်ခုဖြစ်သည့် "
နိုင်ငံ ၁၁ နိုင်ငံက ဘုံတူညီသည့်အကျိုးစီးပွားများကို ရှာဖွေရန် ပိုမိုခက်ခဲလာချိန်တွင် အာဆီယံအနေဖြင့် ဘုံအရှေ့တောင်အာရှအတွက် စွမ်းဆောင်ရည် ရှိပါဉီးမည်လား ဆိုသည်ပင် ဖြစ်ပေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ဝင် နိုင်ငံများကို မတိုက်ခိုက်ရန် ရုရှားကို CIA အကြီးအကဲ သတိပေး
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
