ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ

Pika (NSS)- ဩဂုတ် ၁၄
အမေရိကန်နိုင်ငံရှိ ဟာဝိုင်ယီပြည်နယ်သည် ယခုသီတင်းပတ်ကုန်တွင် အင်အားပြင်းလေတိုက်ခတ်မှု၊နှင့်အတူ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်စေနိုင်သည့် အပူပိုင်းမုန်တိုင်း Lala ဝင်ရောက်လာနိုင်သဖြင့် ဩဂုတ် ၁၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မုန်တိုင်းသည် လက်ရှိတွင် အင်အားပိုမိုကောင်းလာနေကြောင်း အမျိုးသားမိုးလေဝသဌာန (NWS) က ပြောကြားခဲ့သည်။မုန်တိုင်းသည် အမေရိကန်ဟာဝိုင်ယီပြည်နယ်၏ Big Island အနီးသို့ ချဉ်းကပ်လာချိန်တွင် ဟာရီကိန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။လက်ရှိတွင် မုန်တိုင်း၏လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀ ခန့် ရှိပြီး အဆိုပါလေတိုက်နှုန်းထက်ပိုမိုပြင်းထန်သော လေပြင်းများလည်း တိုက်ခတ်နေသည်ဟုဆိုကြသည်။မုန်တိုင်းကြောင့် Big Island ၏ အချို့ဒေသများတွင် မိုးရေချိန် ၆၃.၅ စင်တီမီတာ (၂၅ လက်မခန့်) အထိ ရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသဌာနက ပြောကြားသည်။မုန်တိုင်းအန္တရာယ်ကြောင့် ဟာဝိုင်ယီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုစ့် ဂရင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။၎င်းက“အပူပိုင်းမုန်တိုင်း Lala ဟာ ကျွန်တော်တို့ပြည်နယ်အတွက် အထူးသဖြင့် Hawaii Island အတွက် ပြင်းထန်တဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။
လိုအပ်တဲ့နေရာတွေမှာ အရင်းအမြစ်တွေ အဆင်သင့်ရှိနေစေဖို့ အခုကတည်းက ကျွန်တော်တို့ အရေးယူဆောင်ရွက်နေပါတယ်။”ဟု ပြောကြားခဲ့သည်။ထို့အပြင် ပြည်သူများအနေဖြင့် နေအိမ်များကို လုံခြုံအောင်ပြင်ဆင်ထားရန်၊ လိုအပ်သော အခြေခံပစ္စည်းများ စုဆောင်းထားရန်၊ မိသားစုအရေးပေါ်အစီအစဉ်များကို ပြန်လည်စစ်ဆေးထားရန် နှင့်ယုံကြည်စိတ်ချရသော တရားဝင်သတင်းရင်းမြစ်များမှ နောက်ဆုံးအခြေအနေများကို စောင့်ကြည့်ရန် တိုက်တွန်းခဲ့သည်။“ဒီမုန်တိုင်းကို အလေးအနက်ထားကြပါ။ တစ်ဦးနဲ့တစ်ဦးလည်း ဂရုစိုက်ကြပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။လူဦးရေ ၂၁၀၀၀၀ ခန့် ရှိသည့်ဟာဝိုင်အီကျွန်း သည် ဟာဝိုင်ယီကျွန်းစုအတွင်း လူဦးရေ ဒုတိယအများဆုံးကျွန်း ဖြစ်သည်။မုန်တိုင်း၏ လမ်းကြောင်းမှာ လက်ရှိအချိန်အထိ တိတိကျကျ မသေချာသေးသော်လည်း ကုန်းမြေကို တိုက်ရိုက်မဝင်ဘဲ ပင်လယ်ပြင်အတွင်း ဆက်လက်ရွေ့လျားသွားမည် ဟု ခန့်မှန်းမှုများလည်းရှိနေသည်။ဟာဝိုင်ယီကျွန်းစုကို၂၀၁၈ ခုနှစ် ကအပူပိုင်းမုန်တိုင်းတစ်ခု တိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့မှုဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။ယခုနှစ်တွင် အထူးအားကောင်းနေသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သော အယ်နီညိုသည် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ၏ ရေပြင်အပူချိန်ကို မြင့်တက်စေပြီး ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်နိုင်ခြေကို ပိုမိုမြင့်တက်စေခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
