လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
စော(NSS)- ဩဂုတ် ၁၄
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များ၏ ယာဉ်စီးခများကို ငွေသားအပါအဝင် YPS Card များကိုပါ လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ (ဩဂုတ်လ ၁၄ရက်)တွင် တာမွေမြို့နယ်ရှိ YRTC ရုံးချုပ်၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
YBS ယာဉ်များ ယာဉ်အပိုပစ္စည်းဝယ်ယူရာတွင် ဈေးနှုန်းများတိုးမြင့်လာသော်လည်း YBS ယာဉ်စီးခနှုန်းထားများမှာ တိုးမြင့်မှုမရှိဘဲ မူလ ရန်ကုန်မြို့တွင်း (Downtown) ဧရိယာအတွင်း (၂၀၀) ကျပ်၊ အခြား ရန်ကုန်မြို့ပြင်နှင့် ဆင်ခြေဖုံးဒေသ (၄၀၀) ကျပ်နှုန်းသာ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်မှစတင် ကောက်ခံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ကောက်ခံရာမှ ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာတဲ့၍ ဝင်ငွေနှင့်ထွက်ငွေ မမျှတခြင်း၊ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေများ တဖြည်းဖြည်းလျော့နည်းလာခြင်းများ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ယာဉ်စီးရေတိုးမြှင့်ပြေးဆွဲနိုင်ရေးအတွက် ကုမ္ပဏီအတွင်းရှိပြုပြင်ဆဲယာဉ်များ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်၍ သင့်တင့်မျှတသည့် ယာဉ်စီးခ နှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီများအတွက် အထိုက်အလျောက်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း YRTCမှဆိုထားသည်။
ထို့ပြင် ခရီးသည်များအတွက်လည်း ယာဉ်စီးနင်းရာတွင် အခက်အခဲမရှိ ပြေလည်စေနိုင်သည်ကို တွေ့ရှိရ၍ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် နှုန်းထားဖြစ်သော ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် (၃၀၀) သို့လည်းကောင်း၊ ငွေကျပ် (၄၀၀) ကောက်ခံမှုအစား ငွေကျပ် (၆၀၀) သို့လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူYPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမှာဖြစ်ပြီး သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
YRTC၏ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ (၂၁) ခုမှ စာရင်းရှိယာဉ်စီးရေ (၅၃၉၉) စီးရှိသော်လည်း တစ်ရက်ပျမ်းမျှပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ (၃၃၀၀) စီးခန့်သာရှိပြီး အသေးစားပြင်ဆင်ယာဉ် (၁၀၂၄) စီး၊ အလတ်စားပြင်ဆင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြင်ဆင်ယာဉ် (၅၁၀) စီးနှင့် အခြား ပြေးဆွဲနိုင်ခြင်းမရှိယာဉ် (၃၅၆) စီးခန့်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် လက်ရှိပြင်ဆင်ယာဉ်များ၏ ယာဉ်အပိုပစ္စည်းဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင် ဆောင်ရွက်ရာတွင် အထိုက်အလျောက်အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သလောက် တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ကိုတင်ပြခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
