MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
ထိုက်စံ (NP News) - ဩဂုတ် ၁၄
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများတင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေကို ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တို့မှတစ်ဆင့် အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ၊ ချေးငွေအာမခံ Credit Guarantee Insurance-CGI စနစ်ဖြင့်ဖြစ်စေ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ MSME ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ခရိုင် MSME အေဂျင်စီများတွင် ချေးငွေလျှောက်ထားရမည်ဖြစ်ပြီး MSME လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏမှာ အသေးစားနှင့်အငယ်စားစီးပွားရေး လုပ်ငန်းများအား ကျပ်သန်း (၅၀)၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကျပ်သန်း (၁၀၀) အထိ ထုတ်ချေးပေးမည်ဖြစ်ရာ CGI စနစ်ဖြင့် ထုတ်ချေးခြင်းအတွက် ကျပ်သန်း (၅၀)အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ချေးခြင်းကို မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ(၃)ခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၆) ခုတို့မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ချေးငွေအမျိုးအစားနှင့်အတိုးနှုန်းထားများမှာ ပုံသေပစ္စည်း (Fixed Capital) အနည်းဆုံး (၃၀)ရာခိုင်နှုန်း နှင့်အထက် အသုံးပြုမည့် ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး (၃) နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ (၃)ရာခိုင်နှုန်းဖြစ်ကြောင်း၊ လှည့်ပတ်ငွေ (Working Capital) (၁၀၀)ရာခိုင်နှုန်း အသုံးပြုမည့်ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး(၁)နှစ်(၆)လ ဖြစ်ပြီး အတိုးနှုန်းမှာ (၄) ရာခိုင်နှုန်းဖြစ်ကြောင်း၊ CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေတွင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေအာမခံ (CGI) ပရီမီယံကြေးကို ထပ်ဆောင်းကျခံ ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေအတွက် တင်ပြနိုင်သည့် အာမခံပစ္စည်းများမှာ မြေနှင့် အဆောက်အဦး၊ စက်၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ၊ ချေးငွေအာမခံ Credit Guarantee တို့ဖြစ်ကြောင်း သိရသည်။
အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးနိုင်သည့် မြေအမျိုးအစားများမှာ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉)မြေ၊ (၃)(ခ)မြေ၊ လယ (၃၀)(က) (ခ)မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)၊ စက်မှုစီးပွားဂရန် စသည့် မြေအမျိုးအစားများဖြစ်ပြီး အဆောက်အဦအမျိုး အစားတွင် ကွန်ကရစ်တိုက် (RC) ၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ် ကားတိုက် အဆောက်အဦ၊ Steel Structure ၊ (၆)ထပ်နှင့်အထက်ကွန်ဒိုတိုက်ခန်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်းများတင်ပြ၍ ချေးငွေလျှောက် ထားနိုင်ကြောင်းနှင့် အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိပါက ချေးငွေအာမခံ Credit Guarantee Insurance - CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း (၅၀)အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
