Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"နိုင်ငံတနိုင်ငံ ဒေဝါလီခံလိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်" (ဆောင်းပါး)


မောင်ငြိမ်းချမ်း ရေးသည်။ 

 လူတစ်ဦးတစ်ယောက် ဒေဝါလီခံလိုက်ရရင် သူ့ရဲ့ အိမ်၊ ကားနဲ့ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးရနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ဒေဝါလီခံရရင်တော့ လုပ်ငန်းပိတ်ရတယ်၊ အလုပ်သမားတွေကို အလုပ်ထုတ်ရတယ်၊ ဒါမှမဟုတ် လုပ်ငန်းကို ရောင်းချလိုက်ရတတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံဆိုရင်ရော...။ 

သတင်းတွေမှာ ကြားဖူးကြမှာပါ၊ သင့်နိုင်ငံဟာ ကြွေးနွံနစ်နေပေမဲ့ နောက်ထပ် ကြွေးတွေ ထပ်ပြီးတော့ပဲ ချေးယူနေဆဲပါ။ ဒါဆိုရင် အစိုးရတစ်ရပ်မှာ ပိုက်ဆံကုန်သွားပြီး ကြွေးမဆပ်နိုင်တော့ရင် ဘာဖြစ်မလဲ။ အဲဒီနိုင်ငံကို နှင်ထုတ်ခံရတာမျိုး မြင်တွေ့ရမှာ မဟုတ်ပါဘူး။ နိုင်ငံ ပျောက်ကွယ်သွားတာမျိုးလည်း မရှိပါဘူး။ နိုင်ငံကတော့ ဒီအတိုင်း ရှိနေဆဲပါ။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ ဒေဝါလီခံခြင်း (သို့မဟုတ်) ကြွေးမဆပ်နိုင်ခြင်း (Default) ဆိုတာ ဘာကိုဆိုလိုတာလဲ၊ နိုင်ငံတွေ ဘာကြောင့် ကြွေးမဆပ်နိုင် ဖြစ်ရတာလဲ၊ ကြွေးမဆပ်နိုင်ရင် ဘာတွေဆက်ဖြစ်မလဲ၊ နိုင်ငံတစ်နိုင်ငံဟာ ဒီအခြေအနေကနေ ပြန်လည်ရုန်းထွက်နိုင်သလား၊ အချမ်းသာဆုံး နိုင်ငံတွေရော ကြွေးမဆပ်နိုင်ဘဲ ဖြစ်နိုင်သလား ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  


 "နိုင်ငံ ဒေဝါလီခံခြင်း" ဆိုတာ တကယ်တော့ ဘာလဲ။ 

 နိုင်ငံတစ်နိုင်ငံ ဒေဝါလီခံလိုက်ပြီလို့ ပြောကြတဲ့အခါ အမှန်တော့ "ကြွေးမဆပ်နိုင်ခြင်း" (Default) ဖြစ်သွားတာကို ဆိုလိုတာပါ။ "Default" ဆိုတာ နိုင်ငံတစ်နိုင်ငံက ပေးဆပ်ရမယ့် ကြွေးမြီပေးချေမှုကို ပျက်ကွက်တာ၊ ရွှေ့ဆိုင်းတာ သို့မဟုတ် လုံးဝ မဆပ်နိုင်တော့ဘူးလို့ ကြေညာတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေလိုမျိုး တရားရုံးမှာ ဒေဝါလီခံလို့ မရပါဘူး။ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေ၊ တရားသူကြီးတွေ မရှိသလို အစိုးရရုံးခန်းက ပရိဘောဂတွေကို လာရောက်သိမ်းဆည်းမယ့်သူလည်း မရှိပါဘူး။ နိုင်ငံကတော့ ဆက်ရှိနေဆဲပါ။ ပြည်သူတွေလည်း ဆက်လက်နေထိုင်ကြဆဲ ဖြစ်သလို သမ္မတလည်း တီဗီပေါ်မှာ မိန့်ခွန်းပြောနေဆဲပါပဲ။ 

ဒါဆိုရင် တကယ်တမ်း ဘာတွေဖြစ်ပျက်သွားတာလဲ။ ပြိုလဲသွားတာဟာ နိုင်ငံကိုယ်တိုင် မဟုတ်ဘဲ "ယုံကြည်မှု" ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကြွေးရှင်တွေက အစိုးရအနေနဲ့ ကြွေးမြီပြန်ဆပ်နိုင်မယ်ဆိုတာကို မယုံကြည်တော့တာပါ။ အဲဒီလို ဖြစ်သွားတဲ့အခါ အဲဒီနိုင်ငံအတွက် နောက်ထပ် ငွေချေးဖို့ ပိုမိုခက်ခဲသွားပါတယ်။ စက်သုံးဆီ ဒါမှမဟုတ် ဆေးဝါးလိုမျိုး အဓိက လိုအပ်တဲ့ ပစ္စည်းတွေကို တင်သွင်းဖို့လည်း ခက်ခဲလာပါတယ်။ 

အချို့အခြေအနေတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် မိမိနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခွင့် စွန့်လွှတ်လိုက်ရတာမျိုးတောင် ရှိပါတယ်။ ဥပမာ - ၂၀၁၇ ခုနှစ်တုန်းက သီရိလင်္ကာနိုင်ငံဟာ စီမံကိန်းချေးငွေတွေကို ပြန်မဆပ်နိုင်တော့တဲ့အတွက် ဟမ်ဘန်တိုတာ (Hambantota) ဆိပ်ကမ်းကို တရုတ်နိုင်ငံထံ နှစ်ရှည်ငှားရမ်းလိုက်ရသလိုမျိုး ဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ ဖြစ်စဉ်မှာတော့ ဒါဟာ စီမံကိန်းချေးငွေတစ်ခုတည်းအတွက် ဖြစ်ပြီး နိုင်ငံတစ်ခုလုံး ကြွေးမဆပ်နိုင်တာမျိုး မဟုတ်ပေမဲ့ သဘောတရားအရတော့ နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင် ဖြစ်ပြီးတဲ့နောက် ဒီလိုသဘောတူညီချက်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင်ဖြစ်သွားတာဟာ နိုင်ငံပျောက်ကွယ်သွားတာ မဟုတ်ဘဲ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့ ယုံကြည်မှု ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။ အဲဒီယုံကြည်မှု ပျောက်ဆုံးသွားတဲ့အခါ ကျန်တဲ့ အရာအားလုံးဟာ ပိုမိုခက်ခဲကျပ်တည်း လာပါတော့တယ်။ 


 နိုင်ငံတွေ ဘာကြောင့် ကြွေးမဆပ်နိုင် ဖြစ်ရတာလဲ။ 

အများစု သိကြတဲ့အတိုင်း အကျင့်ပျက်ခြစားမှုနဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေဟာ နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင်ဘဲ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။  


   ဒါပေမဲ့ ဒါတင် အကုန်မဟုတ်ပါဘူး၊ အခြား ပါဝင်ပတ်သက်နေတဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ 

ပထမဆုံး ပြဿနာကတော့ အစိုးရတွေဟာ မိမိတို့ ထိန်းချုပ်နိုင်တာထက် ပိုပြီး ကြွေးမြီတွေ ချေးယူလိုက်တဲ့အခါ ဖြစ်ပါတယ်။ ကြွေးမဆပ်နိုင်ရင် Default ဖြစ်မယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ များသောအားဖြင့် ငွေအမြောက်အမြားကို လျင်မြန်စွာ ချေးယူလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။ စစချင်းမှာတော့ ပုံမှန် ပြန်ဆပ်နိုင်သေးတာမို့ အဆင်ပြေတယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အတိုးတွေ ပိုများလာပြီး အတိုးပေါ် အတိုးဆင့်လာပါတယ်။ နောက်ဆုံးမှာတော့ ဘတ်ဂျက်ရဲ့ ပမာဏအတော်များများဟာ ကြွေးဆပ်ဖို့အတွက်ပဲ အသုံးပြုလိုက်ရပြီး အခြားနေရာတွေအတွက် အနည်းငယ်ပဲ ကျန်ပါတော့တယ်။ ဒါကို "ကြွေးနွံ" (Debt Trap) လို့ ခေါ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ကြွေးဟောင်းဆပ်ဖို့ ကြွေးသစ်ထပ်ယူတဲ့ သံသရာစက်ဝိုင်းကြီးထဲ ပိတ်မိသွားပြီး နောက်ထပ်ချေးပေးမယ့်သူ မရှိတော့တဲ့အချိန်မှာ ကြွေးမဆပ်နိုင်တော့ဘဲ Default ဖြစ်သွားရတာ ဖြစ်ပါတယ်။ 


ဒုတိယအချက်ကတော့ နိုင်ငံသုံးငွေကြေး တန်ဖိုးကျဆင်းခြင်း ဖြစ်ပါတယ်။ နိုင်ငံတွေဟာ နိုင်ငံခြားငွေကြေး (အထူးသဖြင့် အမေရိကန်ဒေါ်လာ) နဲ့ ကြွေးမြီတွေ ချေးယူတဲ့အခါ အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာပါတယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့အဓိက အရန်ငွေကြေးဖြစ်တာကြောင့် ကမ္ဘာ့ငွေထုတ်ချေးသူ အဖွဲ့အစည်းတွေက ဒေါ်လာနဲ့ပဲ ထုတ်ချေးချင်ကြတာမို့ ဒါဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒါဟာ ချေးယူသူ နိုင်ငံအတွက်တော့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာစေပါတယ်။ အစိုးရဟာ သူ့ဝင်ငွေကို ပြည်တွင်းသုံးငွေကြေးတွေနဲ့ပဲ စုဆောင်း ရရှိတာဖြစ်ပေမဲ့ ကြွေးပြန်ဆပ်တဲ့အခါမှာတော့ ဒေါ်လာနဲ့ဆပ်ရပါတယ်။  သူတို့ရဲ့ ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းသွားရင် မူလဒေါ်လာပမာဏအတိုင်း ပြန်ဝယ်ယူနိုင်ဖို့အတွက် ပြည်တွင်းငွေကြေး ပိုမိုအမြောက်အမြား အသုံးပြုရတော့တာ ဖြစ်ပါတယ်။ 


အခြား အကြောင်းရင်းတစ်ခုကတော့ စစ်ပွဲ၊ ကမ္ဘာ့ကပ်ရောဂါ သို့မဟုတ် နိုင်ငံရဲ့ အဓိက ပို့ကုန်ဈေးနှုန်းတွေ ထိခိုက်ထိုးဆင်းသွားတာမျိုးလို စီးပွားရေးကို ကြီးမားစွာ ရိုက်ခတ်စေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားတာမျိုးပါ။ ဗင်နီဇွဲလားနိုင်ငံဟာ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။ ဗင်နီဇွဲလားဟာ ရေနံပေါ်မှာပဲ လုံးဝနီးပါး မှီခိုခဲ့ရတာပါ။ ရေနံဈေးနှုန်း ထိုးဆင်းသွားတဲ့အခါ အစိုးရရဲ့ဝင်ငွေဟာ ပြင်းထန်စွာ လျော့ကျသွားခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ စီမံခန့်ခွဲမှု လွဲမှားမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လိုအပ်ချက်ကိုကာမိဖို့ ငွေစက္ကူတွေကို အမြောက်အမြား ရိုက်နှိပ်ခဲ့ပါတယ်။ ဒါဟာ လွန်ကဲသော ငွေဖောင်းပွမှု (Hyperinflation) ကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးမှာတော့ ကြွေးမဆပ်နိုင် ဖြစ်သွားခဲ့ရပါတယ်။ 


နောက်တစ်ခုကတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပါတယ်။ အစိုးရတွေ မကြာခဏ ပေါ်လစီ ပြောင်းလဲနေတာမျိုးပါ။ အစိုးရတစ်ရပ်က ကြွေးချေးယူခဲ့ပြီး နောက်အစိုးရကျတော့ ပြန်မဆပ်ဘဲ ငြင်းဆန်တာမျိုး ဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံမှာ ဒီလိုကိစ္စအတိအကျ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သမ္မတ Rafael Correa က နိုင်ငံရဲ့ ကြွေးမြီ အစိတ်အပိုင်းအချို့ဟာ "တရားမဝင်" ဘူးလို့ စွပ်စွဲပြီး တမင်သက်သက် ကြွေးမဆပ်ဘဲ Default လုပ်ခဲ့ပါတယ်။ ပိုက်ဆံမရှိလို့ မဟုတ်ပါဘူး၊ သူတို့ ပေးမဆပ်ချင်လို့ ဖြစ်ပါတယ်။ 


 ကြွေးမဆပ်နိုင်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ။ 

နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင် ဖြစ်တဲ့အခါ စစချင်းမှာ သိပ်ပြီး ထူးခြားဆန်းပြားတာမျိုး မတွေ့ရတတ်ပါဘူး။ တစ်ခါတလေမှာ ကြွေးမြီ အရစ်ကျ ပေးချေမှုတစ်ခု ပျက်ကွက်တာ သို့မဟုတ် အတိုးပေးဆပ်မှုကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာမျိုးလို သေးငယ်တဲ့အရာကနေ စတင်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ရုံနဲ့တင် "တစ်ခုခုတော့ လွဲမှားနေပြီ" ဆိုတဲ့ သတင်းစကားပါးလိုက်သလို ဖြစ်နေပါပြီ။ 

သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ခရက်ဒစ် အဆင့်သတ်မှတ်ရေးအေဂျင်စီ (Credit Rating Agencies) တွေဟာ ချက်ချင်း တုံ့ပြန်ကြပါတယ်။ အဲဒီနိုင်ငံရဲ့ ယုံကြည်စိတ်ချရမှု အဆင့် Rating ကို လျှော့ချလိုက်ကြပါတယ်။ ဒါဟာ "ဒီအစိုးရဟာ အချိန်မီ ကြွေးဆပ်ဖို့ ယုံကြည်လို့ မရတော့ဘူး" လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ အဆင့်လျှော့ချမှုဟာ ရုတ်တရက် သို့မဟုတ် ပြင်းထန်ပါက ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်ထိတ်လန့်ကုန်ကြပြီး အစိုးရက ငွေပြန်ဆပ်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ငွေကြေး၊ ဘဏ်စာချုပ်၊ စတော့ရှယ်ယာတွေနဲ့ အဲဒီနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အခြား ပိုင်ဆိုင်မှုတွေထဲကနေ ငွေကြေးတွေကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းကြပါတော့တယ်။ လူအများအပြားက တစ်ပြိုင်နက်တည်း ရောင်းချဖို့ ကြိုးစားကြတဲ့အခါ အမြန်ဆုံး ထွက်ခွာနိုင်ဖို့အတွက် စတော့ရှယ်ယာ၊ ငွေကြေးနဲ့ အခြားပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ အပြိုင်အဆိုင် ရောင်းချကြပါတယ်။ ဒါကြောင့်မို့ အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ အရှိန်အဟုန်နဲ့ ထိုးဆင်းသွားပါတော့တယ်။ 


အခုဆိုရင် အဲဒီနိုင်ငံရဲ့ ပြည်ပက တင်သွင်းသမျှ ပစ္စည်းတိုင်းဟာ အဆမတန် ဈေးကြီးလာပါတယ်။ စက်သုံးဆီ၊ အအစားအသောက်၊ ဆေးဝါး အစရှိတာတွေကို နိုင်ငံခြားငွေနဲ့ ဝယ်ယူရတာပါ။ အခုအခါမှာတော့ ဒေါ်လာ မူလပမာဏအတိုင်း ရရှိဖို့အတွက် ပြည်တွင်းသုံးငွေ ထပ်မံ မြောက်မြားစွာ သုံးစွဲရတော့တာကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ကြီးမားစွာဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းတွေ အားလုံး ထက်ဝက်မက မြင့်တက်လာပါတယ်။ အဲဒီအခါ ငွေဖောင်းပွမှုဟာ မြင်နိုင်လောက်တဲ့ အရှိန်နဲ့ ဖြစ်ပေါ်လာပါတယ်။ အပတ်စဉ် ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ စတိုးဆိုင် စင်တွေပေါ်မှာ ပစ္စည်းပြတ်လပ်သွားတယ်၊ လျှပ်စစ်မီး ခဏခဏ ပျက်တာတွေ ပုံမှန်လို ဖြစ်လာပါတယ်။ 

ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာနဲ့အမျှ ပြည်သူတွေဟာ ရှင်သန်ရပ်တည်နိုင်ဖို့ ငွေကြေး ပိုမိုလိုအပ်လာပါတယ်။ အချို့က သူတို့ရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရမှာကို စိုးရိမ်ကြသလို၊ အချို့က စုဆောင်းငွေတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်ပြီး ဘဏ်တွေမှာ ငွေသွားထုတ်ဖို့ အလုအယက် ပြေးကြပါတယ်။ ဒါပေမဲ့ ဘဏ်တွေမှာ ပြည်သူအားလုံးကို ထုတ်ပေးဖို့ ငွေကြေး လုံလောက်စွာ မရှိပါဘူး။ ဒါဟာ ဘဏ်တွေမှာ ငွေပြိုင်တူလုထုတ်ကြတဲ့ "Bank Run" ပြဿနာကို ဖြစ်ပေါ်စေပါတယ်။ အချို့ဘဏ်တွေက အကောင့်တွေကို ပိတ်ပင်လိုက်ရပြီး ငွေထုတ်ယူမှုကို ဆိုင်းငံ့လိုက်ရပါ တယ်။ အချို့ဘဏ်တွေ ဒေဝါလီခံသွားရပါတယ်။ ဘဏ်တစ်ခု ပြိုလဲသွားတာနဲ့ ကျန်တဲ့ဘဏ်တွေလည်း ထပ်ပြိုလဲတော့မယ်ဆိုပြီး လူတွေ ပိုမိုထိတ်လန့်ကာ ငွေတွေထပ်ထုတ်ကြပါတော့တယ်။ ပြိုလဲမှုတစ်ခုကနေ နောက်တစ်ခုဆီ ကူးစက်ပြီး စနစ်တစ်ခုလုံး ဒိုမီနိုတုံးတွေလို လဲပြိုသွားပါတော့တယ်။ စီးပွားရေးလုပ်ငန်းတွေ ချေးငွေမရတော့ဘူး၊ စက်ရုံတွေ ပိတ်လိုက်ရတယ်၊ အလုပ်သမားတွေ အလုပ်ပြုတ်ကုန်ကြပါတယ်။ အဲဒီလိုနဲ့ပဲ အစစ်အမှန် စီးပွားရေးစနစ်တစ်ခုလုံး စိစိညက်ညက် ပြိုကွဲသွားပါတော့တယ်။ 

ဒီပြဿနာတွေ အားလုံးရဲ့ ရိုက်ခတ်မှုကို အခြေခံ သာမန် ပြည်သူတွေပဲ အပြင်းထန်ဆုံး ခံစားကြရပါတယ်။ ဒါကြောင့် ပြည်သူတွေ ဆန္ဒပြကြတယ်၊ အချို့က ဆူပူအကြမ်းဖက်ကြပြီး နိုင်ငံတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများစုဟာ ပိုက်ဆံမရှိရင်တောင် ကြွေးမဆပ်နိုင်တဲ့ အဖြစ်မျိုးကို ရှောင်ရှားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြတာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က တရားစွဲမှာ ဒါမှမဟုတ် ရဲတပ်ဖွဲ့ စေလွှတ်မှာကို ကြောက်လို့ မဟုတ်ဘဲ ကြွေးမြီပေးဆပ်မှုတခုလေး ကြန့်ကြာသွားရုံနဲ့ စီးပွားရေးကို ပြိုလဲစေပြီး ယုံကြည်မှုကို ပျက်စီးစေတဲ့ ဒိုမီနိုရိုက်ခတ်မှုကို ဖြစ်ပေါ်စေနိုင်လို့ပါ။ အစိုးရကို ဘာယုံကြည်မှုမှ မရှိတော့ဘူးဆိုရင် နှစ်ပေါင်းများစွာကြာအောင် ဘယ်သူကမှ ငွေထပ်ချေးတော့မှာ မဟုတ်ပါဘူး။ 


 နိုင်ငံတစ်နိုင်ငံ ပြန်လည်ရုန်းထွက်နိုင်သလား။ 

ဒါဆိုရင် နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင် ဖြစ်သွားခဲ့ရင် ဒါဟာ ဇာတ်လမ်းရဲ့ အဆုံးသတ်ပဲလား။ မဟုတ်ပါဘူး။ အချို့နိုင်ငံတွေဟာ ပြန်လည်ရုန်းထွက်နိုင်ကြပါတယ်၊ ဒါပေမဲ့ အဲဒီလမ်းကြောင်းဟာ အလွန်ရှည်လျားပြီး နာကျင်စရာ ကောင်းပါတယ်။ Default ဖြစ်ပြီးနောက် အစိုးရအများစုဟာ မူလပုံမှန် ငွေချေးယူခွင့်တွေ ပိတ်ပင်ခံလိုက်ရပါတယ်၊ ဘာလို့လဲဆိုတော့ ဘယ်သူမှ ငွေထပ်မချေးချင်ကြတော့လို့ပါ။ ဒါဟာ ကြွေးမဆပ်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က သင့်ဆီ ငွေထပ်ချေးတာနဲ့ အတူတူပါပဲ၊ သင် ပေးမချေးချင်သလိုမျိုး သဘောတရားအတိအကျပါပဲ။ 

ဒါကြောင့် များသောအားဖြင့် အဲဒီနိုင်ငံဟာ ကြွေးမြီတွေကို ပြန်လည်ညှိနှိုင်း (Debt Restructure) ရပါတယ်။ ဆိုလိုတာက ကြွေးဆပ်ဖို့ အချိန်ပိုတောင်းတာ သို့မဟုတ် ကြွေးရှင်တွေကို ကြွေးမြီ အစိတ်အပိုင်းအချို့ လျှော့ချပေးဖို့ (Haircut) တောင်းဆိုတာမျိုး ဖြစ်ပါတယ်။ ကြွေးရှင်တွေကတော့ ဒါကို မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးဘဲ ငွေကြေး ပိုမိုလိုအပ်နေပါသေးတယ်။ ဒါကြောင့် အကျပ်အတည်းကြုံနေရတဲ့ နိုင်ငံတွေကို အရေးပေါ် ချေးငွေထုတ်ပေးတဲ့ IMF (နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့)၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ရန်ပုံငွေထောက်ပံ့ပေးတဲ့ ကမ္ဘာ့ဘဏ် (World Bank) သို့မဟုတ် ကြွေးမြီပေးဆပ်မှုကို ဆိုင်းငံ့ သို့မဟုတ် ပြန်လည်ဖွဲ့စည်းပေးတဲ့ ချမ်းသာသောအစိုးရများ အဖွဲ့အစည်းဖြစ်တဲ့ Paris Club စတဲ့ အဖွဲ့အစည်းတွေက အခြေအနေတွေ ဆိုးရွားလာတဲ့အခါ ဝင်ရောက် ကူညီပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီအကူအညီတွေဟာ အလကားတော့ မရပါဘူး။ 

ဒီသဘောတူညီချက်တွေမှာ "ချွေတာရေး ပေါ်လစီများ" (Austerity) လို့ ခေါ်တဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ပါဝင်လေ့ရှိပါတယ်။ Austerity ဆိုတာ အစိုးရအနေနဲ့ ဝင်ငွေပိုမိုရရှိဖို့ အခွန်တိုးကောက်ခိုင်းတာ၊ အစိုးရအသုံးစရိတ်တွေကို လျှော့ချခိုင်းတာ သို့မဟုတ် လေဆိပ်၊ ရေနံကုမ္ပဏီ သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေလို နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချခိုင်းတာမျိုး ဖြစ်ပါတယ်။ နိုင်ငံတွင်း ပြည်သူတွေကတော့ ဒါကို သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာကို ရောင်းစားနေရသလို ခံစားရပြီး ခေတ်သစ် ကိုလိုနီပြုခံရသလို သဘောသက်ရောက်လို့ပါ။ ဒါတင်မကသေးဘဲ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုပ်ပြုတ်တာ၊ အစိုးရ ထောက်ပံ့ကြေးတွေ ဖြတ်တောက်ခံရတာနဲ့ ကုန်ဈေးနှုန်း တွေ ပိုမိုတက်လာတာမျိုးတွေလည်း ဖြစ်ပေါ်စေပါတယ်။ 

ဒါဟာ ငွေကြေးတစ်ခုတည်း တင်မကဘဲ ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။ ကြွေးမြီ ပြန်လည်ညှိနှိုင်းပြီး သွားရင်တောင်မှ ရင်းနှီးမြှုပ်နှံသူတွေ ပြန်လာဖို့ အတွက် နှစ်ပေါင်းများစွာ စည်းရုံးဆွဲဆောင်ရပါတယ်။ မိမိနိုင်ငံဟာ ပြန်လည် တည်ငြိမ်သွားပြီ၊ ဘတ်ဂျက်ကို စနစ်တကျ စီမံနိုင်ပြီ၊ ဒုတိယအကြိမ် ကြွေးမဆပ်နိုင် ဖြစ်တော့မှာ မဟုတ်ဘူးဆိုတာကို သက်သေပြရပါတယ်။ ဒါဟာ ကြွေးနွံနစ်နေတဲ့ သူငယ်ချင်းက သူ "ပြောင်းလဲသွားပြီ" ဆိုတာကို လာရောက် သက်သေပြနေသလိုပါပဲ။ 

ဒါပေမဲ့ အချို့နိုင်ငံတွေကတော့ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ကြပါတယ်။ ဂရိနိုင်ငံဟာ နာကျင်စရာ ပြုပြင်ပြောင်းလဲမှုတွေ အပြီးမှာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံဟာလည်း ၂၀၂၂ မှာ Default ဖြစ်ခဲ့ပြီးနောက် IMF နဲ့ သဘောတူညီချက်ရယူပြီး ပြန်လည် နာလန်ထူလာခဲ့ပါတယ်။အာဂျင်တီးနားကတော့ ကြွေးမဆပ်နိုင် အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ငွေပြန်ချေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲပါ။  ခေတ်သစ်မှာ အကောင်းဆုံး ပြန်လည်ရုန်းထွက်နိုင်ခဲ့တဲ့ သာဓကတစ်ခုကတော့ ဥရုဂွေးနိုင်ငံ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက အာဂျင်တီးနား အကျပ်အတည်းကြောင့် ဥရုဂွေးမှာ ကြီးမားတဲ့ Bank Run ပြဿနာ ကြုံတွေ့ခဲ့ရပြီး Default ဖြစ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ IMF ရဲ့ အရေးပေါ် ကူညီမှု၊ အမေရိကန်ရဲ့ အရေးပေါ် ချေးငွေ၊ တင်းကျပ်တဲ့ ကြွေးမြီ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုကြီးတွေ ကြောင့် ဥရုဂွေးဟာ အောင်မြင်စွာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဥရုဂွေးဟာ ချီလီပြီးရင် တောင်အမေရိကမှာ ယုံကြည်စိတ်ချရဆုံးနဲ့ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ရှားရှားပါးပါး အောင်မြင်မှု သာဓကတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံဟာ ပြန်လည်ရုန်းထွက်နိုင်ပါတယ်၊ ဒါပေမဲ့ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်တော့ မဟုတ်ပါဘူး။ 


 ချမ်းသာတဲ့ နိုင်ငံတွေရော ကြွေးမဆပ်နိုင် ဖြစ်နိုင်သလား။ 

အခုဆိုရင် ဆင်းရဲတဲ့ နိုင်ငံတွေ ကြွေးမဆပ်နိုင် ဖြစ်နိုင်ရင် ချမ်းသာတဲ့ နိုင်ငံတွေရော ဒီလိုဖြစ်နိုင်သလား။ အမေရိကန်နိုင်ငံရော ဒေဝါလီခံရနိုင်သလား။ 

 ကမ္ဘာ့အကြွေးထုတ်ချေးသူ အများစုဟာ အမေရိကန်ဒေါ်လာနဲ့ပဲ ထုတ်ချေးကြပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ ကမ္ဘာ့ အဓိက အရန်ငွေကြေး ဖြစ်လို့ပါ။ နည်းပညာအရ ကြည့်ရင် အမေရိကန်ဟာ မိမိနိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ပဲ ကြွေးချေးယူတာပါ။ ဆိုလိုတာက အမေရိကန်တစ်နိုင်ငံတည်းသာ ဒေါ်လာရိုက်နှိပ်ခွင့်ရှိတာမို့ ကြွေးဆပ်ဖို့ ငွေစက္ကူတွေ ထပ်မံရိုက်နှိပ်ရုံပါပဲ။ ဟုတ်ပါတယ်၊ ဒါဟာ ကြွေးမြီနဲ့ ပတ်သက်ရင် အမေရိကန်မှာပဲ ရှိတဲ့ သီးသန့် အခွင့်ရေးတစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ်က နိုင်ငံခြားကြွေးမြီတွေပြန်ဆပ်ဖို့ အမေရိကန်က တခြားနိုင်ငံတွေလို အခက်အခဲကြီးကြီးမားမားမရှိဘူးလို့ပြောရ မှာပါ။  

ဒါပေမဲ့ ငွေစက္ကူတွေ အလွန်အကျွံ ရိုက်နှိပ်ခြင်းကလည်း ပြဿနာသစ်တစ်ခု ဖြစ်စေပါတယ်။ အလွန်အကျွံ ရိုက်နှိပ်ရင် ငွေဖောင်းပွမှုကို ဦးတည်စေပါတယ်။ ဝယ်လိုအားထက် ဒေါ်လာငွေတွေ စီးပွားရေးထဲ များပြားသွားရင် ဒေါ်လာတန်ဖိုး ထိုးဆင်းသွားနိုင်ပြီး ဒါဟာလည်း အလွန် အန္တရာယ်များပါတယ်။ 

လက်တွေ့မှာ အမေရိကန်ဟာ နိုင်ငံရေး အကြောင်းပြချက်တွေကြောင့် Default ဖြစ်လုနီးပါး အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂၀၁၁ နဲ့ ၂၀၂၃ တုန်းက နိုင်ငံရေးသမားတွေဟာ ကြွေးမြီမျက်နှာကြက် (Debt Ceiling) တိုးမြှင့်ရေးအတွက် ငြင်းခုံခဲ့ကြတာကြောင့် အစိုးရဟာ ကြွေးမဆပ်နိုင် ဖြစ်လုနီးပါး အခြေအနေ ရောက်ခဲ့ပါတယ်။ အမေရိကန်မှာ ကြွေးမြီမျက်နှာကြက်ဆိုတဲ့ စနစ်ရှိပြီး သတ်မှတ်ချက်ထက် ပိုမိုမချေးယူရဘဲ ကြွေးမြီကို စီမံခန့်ခွဲရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာက အမေရိကန်ဟာ အဲဒီသတ်မှတ်ချက်ရှိပေမဲ့ Default မဖြစ်အောင် ကြွေးမြီမျက်နှာကြက်ကိုပဲ မကြာခဏ  တိုးမြှင့်ပြီး ငွေတွေ ထပ်မံ ချေးယူနေပါတယ်။ 

ကြွေးမဆပ်နိုင် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ခြိမ်းခြောက်မှု ရလဒ်တစ်ခုတည်းနဲ့တင် စျေးကွက်ကို လှုပ်ခတ်စေခဲ့ပြီး အမေရိကန်ရဲ့ ခရက်ဒစ် အဆင့်ကို လျှော့ချခဲ့ပါတယ်။ ၂၀၁၁ မှာ ကြီးမားတဲ့ ခရက်ဒစ် အဆင့်သတ်မှတ်ရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Standard & Poor’s ဟာ ကြွေးမြီမျက်နှာကြက် အကျပ်အတည်းအပြီး ရက်ပိုင်းအလိုမှာတင် အမေရိကန်ရဲ့ အဆင့်ကို AAA ကနေ AA+ သို့ လျှော့ချခဲ့ပါတယ်။ အမေရိကန်ဟာ မတည်ငြိမ်လွန်းပြီး ကြွေးမြီစီမံခန့်ခွဲဖို့ ရေရာတဲ့ အစီအစဉ် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ မှာ  နိုင်ငံရေးသမားတွေ နောက်ဆုံးမိနစ်ကျမှ သဘောတူညီချက်ယူခဲ့ကြအပြီးမှာ Fitch ဆိုတဲ့ အေဂျင်စီကလည်း AA+ သို့ ထပ်မံ လျှော့ချခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ အမှန်တကယ် Default မဖြစ်ခဲ့ပေမဲ့ အဲဒီလို နီးစပ်သွားရုံနဲ့တင် သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာလည်း အထူးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဂျပန်မှာ ကမ္ဘာ့အမြင့်ဆုံး ကြွေးမြီပမာဏ တရပ်ရှိပြီး GDP ရဲ့ ၂၀၀ % ကျော် ရှိပါတယ်။ ဒါပေမဲ့ အခုထိ ကြွေးမဆပ်နိုင် ဖြစ်တာမျိုး မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကြွေးမြီအများစုကို မိမိရဲ့ ဗဟိုဘဏ်နဲ့ ပြည်သူတွေလိုမျိုး ဂျပန်ပြည်တွင်း အဖွဲ့အစည်းတွေကပဲ ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြား ကြွေးမြီ Default ဖြစ်နိုင်ခြေ နည်းပါးပါတယ်။  

ဒါကြောင့် ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း Default အန္တရာယ် ရှိနိုင်တယ် ဆိုပေမဲ့ များသောအားဖြင့် နိုင်ငံရေး သို့မဟုတ် ယုံကြည်မှု ပြိုလဲခြင်းကနေပဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 


နိဂုံးချုပ် 

 နိဂုံးချုပ်ရရင် - နိုင်ငံတစ်နိုင်ငံဟာ လူတစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုလိုမျိုး ဒေဝါလီခံလို့ မရပါဘူး။ တရားရုံး မရှိပါဘူး။ အသိမ်းခံရတာမျိုး မရှိပါဘူး။ အလံကတော့ လွင့်ထူမြဲ လွင့်ထူနေဦးမှာပါ။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ ကြွေးမဆပ်နိုင် ဖြစ်သွားတဲ့အခါ အဲဒါရဲ့ ရိုက်ခတ်မှုတွေဟာ ပိုမို နာကျင်စရာကောင်းပြီး ပိုမို ဆိုးရွားနိုင်ပါတယ်။ ဒါဟာ ပိုက်ဆံ "ကုန်သွားတာ" တစ်ခုတည်း မဟုတ်ဘဲ "ယုံကြည်မှု" ပြိုလဲသွားတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ ကြွေးဆပ်နိုင်စွမ်းအပေါ် ပြည်သူတွေ ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အပြင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ထွက်ပြေးကြမယ်၊ ငွေကြေးတန်ဖိုး ကျဆင်းမယ်၊ သွင်းကုန်တွေ ဈေးကြီးမယ်၊ ငွေဖောင်းပွမှု မြင့်တက်မယ်၊ ဘဏ်တွေ ပြိုလဲမယ်၊ အလုပ်အကိုင်တွေ ပျောက်ကွယ်သွားပါမယ်။ အဆိုးရွားဆုံး ခံစားရသူတွေကတော့ အခြေခံ သာမန် ပြည်သူတွေပါပဲ။ ဒါကြောင့်လည်း အစိုးရအများစုဟာ တရားစွဲဆိုခံရမှာကို ကြောက်လို့ မဟုတ်ဘဲ ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် Default ဖြစ်မှာကို အလွန် ကြောက်ရွံ့ကြတာ ဖြစ်ပါတယ်။ အဲဒီယုံကြည်မှု ပျက်စီးသွားတာနဲ့အမျှ ကျန်တာတွေပါ ပြိုလဲသွားလို့ပါပဲ။ 

ကိုးကား-What Happens When a Country Goes Bankrupt? 


 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာကျောက်စိမ်းပြပွဲ (ယူနန်)ကြောင့် လာမည့် (၅)နှစ်အတွင်း ကျောက်စိမ်း ဈေးကွက်အပြောင်းအလဲဖြစ်နိုင်

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved