ဟုမ္မလင်းနှင့် နန်တောတစ်ဝိုက်မှ စိန်စီထားသော လမ်းများ (လမ်းပိုင်းဆောင်းပါး)
သုတကျော် (NSS) - သြဂုတ်လ ၁၂
“အင်္ကျီချွတ်ထားတဲ့ ကိုယ်တုံးလုံးနဲ့လူတောင် ကြောက်ရတာ။ ဘယ်သူမှန်းမှမသိတာ” ဟုဆိုလာ သူက ဟုမ္မလင်းဒေသခံတစ်ဦးဖြစ်သည်။ ယင်းစကား ကို အခြားဒေသခံတစ်ဦးက အလုအယက် ဝင်ပြော ရင်း ထောက်ခံသည်။
“နန်တောနဲ့ ဟုမ္မလင်း ကားတစ်ခေါက် သွား မယ်ဆိုရင် သိန်း (၅၀) လောက်မှမရှိရင် ထွက်လို့ မရဘူး အဲဒါ လမ်းကြေး လမ်းကြေး” ဟူ၏။ ယင်းမှာ ဟုမ္မလင်းမြို့တွင် ကုန်ပစ္စည်းတို့ ဈေးကြီးရသော အကြောင်းအရင်းများအနက် အချက်တစ်ချက်ပေ တည်း။ မြန်မာနိုင်ငံအတွင်းက သူပုန်တို့ရှိရာ လမ်း ပိုင်းတို့အနက် ဟုမ္မလင်း - နန်တော လမ်းက တစ်မျိုး တစ်ဘာသာ ဖြစ်သည်။ ဟုမ္မလင်းသည် မြို့အဆင့်ဖြစ် ပြီး နန်တောသည် စံပြကျေးရွာအဆင့်ဖြစ်သော ကြောင့် စာရှုသူများအနေဖြင့် မြို့နှင့်ကျေးရွာကို ချိတ်သောလမ်းအကြောင်းကို အဘယ်ကြောင့် စာ တစ်စောင် ပေတစ်ဖွဲ့ရေးရန်လိုမည်နည်းဟု မေးဖွယ် ရာ ရှိသည်။ ရေးသင့်သောကြောင့် စာမျက်နှာပေါ် ရောက်လာခြင်းဖြစ်ကြောင်း အောက်တွင် ဆက်လက် ဖတ်ရှုရပါလိမ့်မည်။
နန်တောသည် ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေ နှင့် ကျောက်စိမ်းထွက်ရာနေရာတွင် ရှိနေသည့်အ တွက် စီးပွားရေးကောင်းသောကျေးရွာတစ်ရွာဖြစ် ကြောင်း အထူးပြောရန်လိုအပ်မည်မထင်ပါ။ ဥရုမြစ် ကမ်းနံဘေးတွင်ရှိသော အဆိုပါကျေးရွာကို Google map ကတစ်ဆင့်ကြည့်လျှင် ပထမဆုံးမြင်ရမည့် အရာမှာ ရွာဘေးပတ်လည်ရှိ မြေသားကွက်လပ်ကြီး များဖြစ်ပြီး ယင်းမှာ ရွှေလုပ်ကွက်များ ဖြစ်ကြသည်။ တရုတ်ရှိမဟာတံတိုင်းကို အာကာသကပင်မြင်နိုင် သည်ဟု ယခင်က တင်စားပြောခဲ့ကြသည်ဟုဆိုလျှင် နန်တောကျေးရွာကို ရွှေလုပ်ကွက်များကြောင့် Google map ကြည်ရုံဖြင့် တန်းမြင်နိုင်သည်ဟု ဆိုရပေချိမ့်မည်။
တစ်နည်းအားဖြင့် ကဗျာဆန်ဆန်ပြောရလျှင် ဟုမ္မလင်းမြို့၏ အဆင်တန်ဆာများအနက် တစ်ခုမှာ နန်တောဖြစ်ပြီး ယင်းသည် ပင်လျှင် ဟုမ္မလင်းမြို့၏ စီးပွားရေးကိုထောက်ပံ့ပေးနိုင်ခဲ့သည်။ သူဌေး အိပ် မက်မက်ကြသူတို့သည် ဟုမ္မလင်းသို့လာပြီး ထိုမှ တစ်ဆင့် နန်တောသို့သွားသည်။ နန်တောသည် ကျေးရွာတစ်ရွာဟုဆိုသည့်တိုင် အိမ်ကြီးအိမ်ကောင်း များသည်။ ရွှေတွင်းများ၏တန်ခိုးဖြင့် စီးပွားရေးတို့ တောက်ကြွားနေသည့်အတွက် အမှတ်တမဲ့ကြည့်လျှင် မြို့ငယ်တစ်မြို့ဟုပင်ဆိုနိုင်သည်။ ယင်းသည် ကောင်း၏။ မကောင်းသည်က ရွှေလုပ်ကွက်တို့ကြောင့် ပျက်စီးနေသော သဘာဝပတ်ဝန်းကျင် ဖြစ်သည်။
“ဟုမ္မလင်းက ရွှေလုပ်ကွက်တွေရှိတယ်။ ဒါ ကြောင့် စီးပွားရေးကောင်းတဲ့မြို့လို့ပြောနိုင်တဲ့ အခြေ အနေကိုရောက်နေတယ်ပေါ့။ တခြားဒေသကလာ တဲ့လူတွေလည်း ဟုမ္မလင်းမှာများတယ်။ အဓိကတော့ မြို့မှာနေတာထက် ရွှေလုပ်ကွက်တွေကိုသွားကြ တာ” ဟု ဟုမ္မလင်းမြို့ခံ တစ်ဦးက NP News သို့ ပြောသည်။ ယင်းသို့ အခြေအနေတွင် အခြားသူပုန်တို့ရောက်လာသည့် မြို့များကဲ့သို့ပင် ဟုမ္မလင်းမြို့နယ်သို့ လက်နက်ကိုင်များ ဝင်လာသည်။ ၎င်းတို့လိုချင်သောအရာမှာ ရွှေလုပ်ကွက်များဖြစ်ပြီး နန်တောသည် သူပုန်တို့အတွက် မက်မပြေသော အရသာကိုပေးစွမ်းနေခဲ့သည်။
“ PDF တွေ စဝင်လာတယ်။ ဝင်လာပြီးတော့ လမ်းပိုင်းအခြေအနေကပြောင်းသွားတာ” ဟု အ ထက်ပါဒေသခံက ဆိုသည်။ ဟုမ္မလင်းအတွက် ကုန်စည်ကူးသန်းသွားလာရန် ယခင်က မန္တလေး ဘက်ကိုအားကိုးခဲ့သည်။ ယင်းလမ်းသည် သူပုန်တို့ ရောက်လာသောအခါ ယခင် ကြာချိန်ထက်မက ပိုမို ကြာမြင့်သောအချိန်ကို သူပုန်တို့က ပြည်သူထံ ဝန် ဆောင်မှုပေးသည်။ ထပ်တိုးအဖြစ် စိုးရိမ်ပူပန်စိတ်ကို လက်ဆောင်ပေးသည်။ မြန်မာနိုင်ငံတွင် ကွင်းလမ်း ဆိုသောစကားသည် ရေပန်းစား၏။ NP News စာဖတ်ပရိသတ်များအတွက် ကွင်း လမ်း၏အဓိပ္ပာယ်ကို အထူးတလည်ဖော်ပြရန် လိုအပ် တော့မည် မထင်ပါ။ အနှီကွင်းလမ်းတို့သည် မန္တလေး - ဟုမ္မလင်း လမ်းကြောသို့ ရောက်လာသည်။
“အရင်တုန်းက ကုန်တင်ကားတွေဆိုရင်တော့ လမ်းမှာ (၂) ရက်လောက် ကြာတယ်။ ခရီးသည် တင် ကားတွေက နေ့ချင်းပေါက်တယ်။ အခု သူတို့လုပ် လိုက်တဲ့အခါကျတော့ အများဆုံးကြာချိန်က (၁၅) ရက်လောက်ဖြစ်သွားတယ်။ တိတိကျကျကို ပြောလို့ မရတော့ဘူး”ဟု အဆိုပါဒေသခံက ဆိုသည်။ လမ်း တွင် အစစ်ဆေးရှိသည်။ ထိတ်လန့်ရမည်။ လွန်ခဲ့ သော ရာစုနှစ်များစွာက လမ်းမပေါက်မီ ရက်ချီသွား ရသော အရသာမျိုးကို သူပုန်တို့ကပေးစွမ်းသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းမှာပင် PDF တို့က ဟုမ္မလင်း မြို့နယ်အတွင်းက လမ်းပိုင်းတို့ကိုပိတ်ပင်ကြောင်း စာထုတ်ခဲ့သေးသည်။
“သူတို့က လမ်းကို ဖွင့်လိုက်ပိတ်လိုက် အဲဒီလို ပေါ့။ သူတို့ဖွင့်ရင်တော့ သွားစီးကြတယ်။ သွားရဲတဲ့ သူကတော့ သွားစီးကြတာပေါ့။ သွားစီးတဲ့အချိန်မှာ သူတို့လွှတ်တဲ့ကာလနဲ့တိုးရင်တော့ တစ်ပတ် လောက်နဲ့ ရောက်တယ်” ဟု ၎င်းကဆိုသည်။
ထို့ကြောင့် ဟုမ္မလင်းမှအခြားဒေသ၊ မြို့ရွာများ သို့သွားလာရန်အတွက် လေယာဉ်ခရီးသည် အားကိုး စရာ ဖြစ်လာသည်။ ယင်းအပြင် ကုန်တို့သည် ဟုမ္မ လင်းသို့ရောက်ရှိရန်အတွက် လမ်းတွင်တစ်ဆင့်ခံ ကုန်သယ်ရသော အနေအထားမျိုးလည်း ရောက်လာ သည်။ “တစ်ဆင့်ခံပေါ့။ ကုန်ကူးသန်းတာကတော့ ကားပေါက်စလေးတွေလေ။ အဲဒီကားတွေနဲ့ကူးတာ ပေါ့” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စတင် တင်ပို့ရာနေရာမှ ဟုမ္မလင်းသို့ ရောက်လျှင် ဈေးတို့သည် မိုးထိမြင့်တက်သွားပေပြီ။
“ခရမ်းချဉ်သီး (၁) ပိဿာက အခု မိုးတွင်းကျတော့ ကျပ် (၇) သောင်းတဲ့။ ကြက်သွန်နီ (၁) ပိဿာ (၅) သောင်း။ ကြက်သွန်ဖြူက (၈) သောင်းတဲ့” ဟု လက်ရှိအခြေအနေကို အခြားဟုမ္မလင်းမြို့ခံတစ်ဦး က ပြောပြသည်။ ယင်းသို့သော အခြေအနေတွင် ဟုမ္မလင်း - နန်တောသည် မိုင် (၄၀) ခန့်သာ ဝေး ကွာသည့်တိုင် သူပုန်တို့ကြောင့် ဈေးကြီးသော လမ်း တစ်လမ်းအဖြစ်ကို နေ့ချင်းညချင်း ပြောင်းလဲသွား ကြောင်း နှစ်ကာလအချို့တွင် ဟုမ္မလင်းဒေသခံတို့ မြင်တွေ့ကြရသည်။ အထူးသဖြင့် ဆီတို့သည် PDF အတွက် မက်လောက်ဖွယ်ငွေရည်များ ဖြစ်လာသည်။
“ဟုမ္မလင်းနဲ့ နန်တောကြားမှာ PDF ဂိတ်တွေ ရှိ တယ်။ ပေးရတာက တစ်လုံးကို (၅)သိန်းတောင်းတဲ့ ဂိတ် ရှိတယ်။ (၂) သိန်းတောင်းတဲ့ ဂိတ်ရှိတယ်။ (၁) သိန်းခွဲ ဂိတ်လည်း ရှိတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။ ယင်း PDF တို့သည် ငွေတောင်းပြီးသည့် နောက် ယခုနောက်ပိုင်းတွင် တိုက်ပွဲများပင် မဖော် တော့ဟုဆိုလာသည်။ ကုန်းလမ်းကြောင်းနှင့် ရေ လမ်းကြောင်းကို PDF တို့က ပိတ်ထားပြီး ဖွင့်လိုဖွင့် ပိတ်လိုပိတ် ရှိသည်။
“ရွှေပြည်အေးကနေပြီးတော့ မြစ်ကြောင်းက လာမယ်ဆိုရင်လည်း သူတို့က အဲဒီမှာ ထိုင်ထားတာ လေ။ ဒီဘက်ထွက်မယ်ဆိုရင်လည်း သူတို့က ထိုင် ထားတော့ ဘယ်မှထွက်လို့ မရဘူး။ ဟို နောင်ပိုအောင် ဘက်မှာလည်း သူတို့ ရှိတယ်။ သူတို့က တိုက်ပွဲတော့ မဖော်ဘူးဗျ။ လူစုနေကြတယ်။ ပြီးတော့ ပိုက်ဆံလည်း ကောက်နေတာ” ဟု အခြားဒေသခံတစ်ဦးက ဆို သည်။ ယင်းဒေသတွင် PDF တို့က ငွေလည်း ကောက်သည်။ ထို့ပြင် အခန့်မသင့်လျှင် လူဖမ်းခြင်း မျိုးလည်း ရှိနေသည်။ မသင်္ကာသည့်အတွက် ဖမ်း ခြင်းဟု ခေါင်းစဉ်တပ်သော်လည်း ယင်းနောက်ပိုင်း တွင် ပြန်ပေးဆွဲသည့် အခြေအနေမျိုး ပြောင်းသွား၏။ ဟုမ္မလင်းသည် PDF တို့ လူဖမ်းသော အခြားဒေသ များနှင့် နှိုင်းစာလျှင် ပမာဏနည်းသည်ဟု ဆိုသော် လည်း ဈေးကြီးလှသည်။
“တစ်လောကဆိုရင် တစ်ယောက်ကို ကားသေး သေးလေးနဲ့ ကုန်သွားတိုက်တာ ဖမ်းသွားတာကို ပြန်ရွေးတော့ သိန်း (၃၅၀ဝ) ပေးရတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယင်းလမ်းတွင် ကားဖြင့်သွားလျှင် လည်း သတိထားရသည်။ လူဖမ်းသည်၊ ပြီးလျှင် ကား သိမ်းသွားခြင်းမျိုးလည်းရှိသည်။ ယင်းသို့ ဖြစ်လာ မည်ကို မည်သူကမျှ လိုလားလိမ့်မည်မဟုတ်ပေ။
“မကျေနပ်ရင် ကားပါသိမ်းသွားတာ။ မကြောက် ရဘူးလားဗျ” ဟု အခြားဒေသခံတစ်ဦးကလည်း ဆို သည်။ ဟုမ္မလင်း - နန်တော လမ်းသည် ကုန်တို့အ တွက် အသုံးပြုရာလမ်းတစ်လမ်းဖြစ်သည်။ ထို့ ကြောင့် အဆိုပါလမ်းကိုအသုံးမပြု၍မရ။ စွန့်ဝံ့သူတို့ အတွက် အမြတ်လည်းများသည်။ ထို့ကြောင့် ယင်း လမ်းသည် “ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်” ဆိုသကဲ့သို့ဖြစ်နေကြောင်း အခြား ဒေသခံတစ်ဦးကလည်း ဆိုသည်။
“သတိထားရတာပေါ့။ ကျွန်တော်တို့က ကြား ညပ်နေတယ်လို့ပြောရမယ်။ ဒါကြောင့် ညောင်သီး လည်းစား၊ လေးသံလည်း နားထောင်ပေါ့ အဲဒီလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ အခြား ဒေသခံ တစ်ဦးကလည်း လမ်းပိုင်းတွင်သွားရသောအခြေ အနေမှာ အိမ်ပြန်ရောက်မှစိတ်အေးရသောအခြေ အနေဖြစ်ကြောင်း NP News ကို ရင်ဖွင့်သည်။
“ရွှေမျောတွေကလည်း တစ်တန်းကြီးပဲ။ ရွှေ ပြည်အေးနားက မြစ်ကြောင်းတစ်လျှောက်ကို (၅၀ဝ) ကျော်ကနေ (၆၀ဝ)အကြားရှိတယ်။ အဲဒါပြောရရင် ရွှေပြည်အေးအောက်ပိုင်းပေါ့။ အဲဒါကို PDF တွေက ဦးစီးပြီးလုပ်နေတာ။ ချင်းတွင်းမြစ်ကြီးကလည်း ဘာမှ ရစရာမရှိတော့ဘူး။ အကုန်သူတို့ လုပ်စားနေတာ။ မြစ်ကြောင်းက မျောတွေပိတ်ထားတော့ ကုန်တွေက တက်လို့မရတော့ဘူးလေ။ အဲဒီလိုဖြစ်နေတာ။ သူတို့ က ပြီးတော့ သူတို့ထဲကဖြတ်ရင် အဖြတ်မခံဘူး။ သူ တို့ထဲကိုဝင်ရင် အဝင်ခံတယ်။ ရွှေပြည်အေးကနေ နောင်ပိုအောင်တို့ ဟုမ္မလင်းတို့ကိုသွားမယ်ဆိုရင် အဖြတ်မခံဘူး။ ကျွန်တော်တို့ကတော့ မချစ်သော် လည်း အောင့်ကာနမ်းရတာပေါ့။ ကျွန်တော်တို့က ကားသမားတွေဆိုတော့ တစ်ကြောင်းထွက်ပြီး အိမ် ပြန်ရောက်မှ ဪသာ်ရောက်ပြန်ပြီကိုးဆိုပြီး သက်ပြင်း ချနိုင်တယ်။ နောက်တော့ ကားထွက်ရမှာကို ကြောက် လာပြီ” ဟု ဆိုသည်။ ယင်းသည် ဟုမ္မလင်းမှ အမှန် တရားဖြစ်သည်။ ယင်းအမှန်တရားကို ဒေသခံတို့ လက်ခံလိုမည် မဟုတ်ပေ။ PDF တို့ကို ဒေသတွင် မနေစေလိုသော ဆန္ဒတို့လည်း ဒေသခံတို့တွင် များ ပြားလာပြီဖြစ်သည်။ သို့သော် အပြီးတိုင် တိုက်ထုတ် ရန်အတွက် ဒေသခံတို့တွင် လက်နက်မရှိကြပါ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီတစ်ကြောမှ ပြည်သူ့ အသံ " လူငယ်လေးတစ်ယောက်ဆို မျက်ရည်တောင် ကျတာ " (အင်တာဗျူး)
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
