သာပေါင်းနှင့်ကန်ကြီးထောင့် ဆက်သွယ်မည့် တံတားကို လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ရန် မသေချာသေး
တံတားတည်ဆောက်မည့်နေရာကို တွေ့ရစဉ်
ပုလဲ (NSS) - သြဂုတ်လ ၁၂
ဧရာဝတီတိုင်းဒေသကြီး ငဝန်မြစ်ကိုဖြတ်၍ သာပေါင်းမြို့နှင့်ကန်ကြီးထောင့်မြို့ကို ဆက်သွယ် ၍ ဒေသတွင်း ကုန်သွယ်၊ သွားလာမှု ပိုမိုအဆင်ပြေစေရန်အတွက် တံတားထိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က သာပေါင်းမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါတံတား အကောင်အ ထည်ဖော်တည်ဆောက်ရေးနှင့်ပတ်သက်၍ မူဝါဒ ပိုင်းဆိုင်ရာများ၊ ကြိုတင်ပြင်ဆင်မည့်ကိစ္စများနှင့် ချိတ်ဆက်ဆောင်ရွက်မည့်လမ်းအခြေအနေများကို ဆာဗေးကောက်ယူ၍ သက်ဆိုင်ရာကို တင်ပြထားဆဲ ဖြစ်ကြောင်းသိရသည်။
“သာပေါင်းတံတားထိုးဖို့ လူကြီးတွေရဲ့ဆုံး ဖြတ်ချက်ကိုယူနေတဲ့အဆင့်ပဲရှိသေးတာပေါ့။ ဘယ် လိုအကောင်အထည်ဖော်မလဲ၊ ဘယ်လမ်းကြောင်းက သွားမယ်ဆိုတဲ့ကိစ္စရပ်တွေပေါ့နော်။ တံတားရဲ့တည် နေရာက ဘယ်လိုရှိမယ်ဆိုတာ လမ်းညွှန်မှုတွေခံယူ နေတုန်းပေါ့နော်။ လတ်တလောတော့ မူဝါဒပိုင်းဆိုင် ရာနဲ့ ကြိုတင်ပြင်ဆင်တဲ့ကိစ္စတွေ ဆောင်ရွက်နေတုန်း ပဲရှိပါသေးတယ်။ လျာထားတာ အကြမ်းကတော့ သာပေါင်းအထွက်ကနေပြီးတော့ ဖြတ်ဖို့ လျာထား တာပေါ့။ အဲဒီမှာ လက်ရှိ လမ်း ရှိ၊ မရှိပေါ့။ တံတား ထိုးပြီးတာနဲ့ ပြီးသွားတာမဟုတ်ဘူး။ သူ့ကိုချိတ်ဆက် တဲ့လမ်းတွေကလည်း ဆောင်ရွက်ဖို့လိုသေးတာကိုး။ အဲဒီတော့ တံတားထိုးပြီးရင် ချိတ်ဆက်ဆောင် ရွက် မယ့်လမ်းတွေရဲ့အခြေအနေကို ဆာဗေးဆင်းပြီး တော့ အဆင့်ဆင့် တင်ပြထားတုန်းပဲရှိပါသေးတယ်” ဟု အဆိုပါလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိသူ တစ်ဦးက NSS သို့ပြောသည်။
ငဝန်မြစ်သည် ပေ(၁၂၀ဝ)ခန့် ဒါးကချောင်း သည် ပေ (၆၀ဝ)ခန့်အကျယ်ရှိပြီး ကြားတွင် သာ ပေါင်းမြို့နယ်မှ ကျေးရွာပေါင်း(၃၇)ရွာထက်မနည်းရှိပြီး အဆိုပါတံတားကို အကောင်အထည်ဖော်တည် ဆောက်နိုင်ပါက ဒေသခံများ သွားရေးလာရေးအဆင် ပြေမည်ဖြစ်သည့်အပြင် ဒေသတွင်း စီးပွားရေးလုပ် ငန်းများလည်း အဆင်ပြေလာနိုင်ကြောင်းလည်းသိရ သည်။
လက်ရှိတွင် အဆိုပါတံတားတည်ဆောက် ရေးနှင့်ပတ်သက်၍ ဆာဗေးကောက်ယူ၍ သက်ဆိုင် ရာကိုတင်ပြထားဆဲဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာ နှစ်တွင် အကောင်အထည်ဖော် တည်ဆောက်နိုင်ခြင်း ရှိ၊ မရှိလည်း မသေချာသေးကြောင်းသိရသည်။ “တံ တားကတော့ လာမယ့်ဘဏ္ဍာနှစ်မှာလုပ်ပါ့မယ်လို့ လည်း အာမခံချက်တော့မပေးနိုင်ဘူးပေါ့နော်။ လူ ကြီးညွှန်ကြားချက်ရှိထားတော့ ဒါကို စပြီးလုပ်ဖို့အ တွက်တော့ စပြီးလုပ်နေတာတော့ရှိတာပေါ့။ ပေက တော့ ထောင်တော့ကျော်တယ်။ လမ်းတွေတံတားတွေ က များများတည်ဆောက်နိုင်လေလေ ဒေသခံပြည်သူ တွေအတွက် များများအကျိုးရှိလေပေါ့နော်။ ကွေ့ ပတ်သွားတာထက်စာရင် သွားရေးလာရေး ပိုလွယ်ကူ သွားတာပေါ့”ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ပြုံးပွဲတော်ကို ယခုနှစ်တွင် အစည်ကားဆုံးကျင်းပရန် ပြင်ဆင်နေ
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
