"မြန်မာ့အရေး ကမ္ဘာ့အရေးကို တရုတ်တို့ရှုမြင်ပုံ ဆောင်းပါးအမှတ် ( ၂၈ )" ကရာ တူးမြောင်း ဘာကြောင့် မတူးဖြစ်သလဲ ထိုင်းနိုင်ငံက မလေးရှားနိုင်ငံအထိ ရှည်လျားတဲ့ "အမြီး" ဘယ်လိုဖြစ်လာသလဲ
မူရင်းရေးသားသူ - ချင်းရှောက်မူ|ချင်းမူစစ်ပီ | ရေးသားသည့်ရက်စွဲ - ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်၊ ၁၇:၂၅ |
ဝမ်းမင် ဘာသာပြန်သည်။
ကမ္ဘာ့မြေပုံကို ဖွင့်ပြီး အရှေ့တောင်အာရှဘက်က ထိုင်းနိုင်ငံကို သေချာကြည့်လိုက်မယ်ဆိုရင် ထူးဆန်းတဲ့အချက်တစ်ခုကို မြန်မြန်ဆန်ဆန်ပဲ သတိထားမိ ပါလိမ့်မယ်။
ထိုင်းနိုင်ငံရဲ့ ကိုယ်ထည်တစ်ဝက်ကျော်က လေးထောင့်ကျကျ ပုံစံမျိုးပါ။ ဒါပေမဲ့ တောင်ဘက်ကို ဆင်းသွားလိုက်တာနဲ့ သေးသွယ်ရှည်လျားတဲ့ နယ်မြေတစ်ခု ရုတ်တရက် ထွက်ပေါ်လာပါတယ်။ အိမ်မြှောင်မြီးတစ်ချောင်းလိုပဲ တဖြည်းဖြည်း သေးသွယ်သွားပြီး မလေးရှားနယ်စပ်ရောက်မှပဲ ရပ်တန့်သွားပါတယ်။
ဒီ "အမြီး" လို့ခေါ်တဲ့ ကရာ ကမ်းမြောင် (Kra Isthmus) ရဲ့ တောင်ဘက်က သေးသွယ်ရှည်လျားတဲ့ ထိုင်းပိုင်နက်ဟာ အစကနေ အဆုံးအထိ ကီလိုမီတာ ၄၀၀ နီးပါး ရှိပါတယ်။ ကရာ ကမ်းမြောင် ရဲ့ အကျဉ်းဆုံးနေရာက ၅၀ ကီလိုမီတာကျော်ပဲ ကျယ်ပါတယ်။ အရှေ့ဘက်မှာ ထိုင်းပင်လယ်ကွေ့၊ အနောက်ဘက်မှာ ကပ္ပလီပင်လယ်ပြင် ရှိပြီး ပင်လယ်နှစ်ခုကြားထဲ ညပ်နေတဲ့ သေးငယ်တဲ့ နယ်မြေလေးတစ်ခုပါ။ ဒါကြောင့် မေးစရာဖြစ်လာပါတယ်။
နယ်နိမိတ်မျဉ်းကို ဘာလို့ ဒီနေရာမှာ ကွက်တိ ရေးဆွဲခဲ့တာလဲ။
ဘာလို့ ဒီထက် ပိုပြီး တောင်ဘက်မကျတာလဲ၊ မြောက်ဘက်မကျတာလဲ။
၁၉၀၉ ခုနှစ်မှာ ဆီယမ် (ယခု-ထိုင်း) နဲ့ ဗြိတိန်တို့ဟာ ဒီနေ့ခေတ် ထိုင်းနဲ့ မလေးရှား နယ်နိမိတ်ကို တရားဝင် သတ်မှတ်ပေးခဲ့တဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါ တယ်။ ဘာကြောင့် ဒီမျဉ်းပေါ်မှာ ဆွဲခဲ့တာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဗြိတိသျှတွေ လိုချင်တဲ့အရာနဲ့ ဆီယမ်ဘက်က ပေးချင်တဲ့အရာတို့ဟာ ဒီနေရာမှာ ကွက်တိ အပေးအယူ တည့်သွားလို့ပါပဲ။
ဗြိတိသျှတွေက ဘာလိုချင်ခဲ့တာလဲ။ မလေးကျွန်းဆွယ် တောင်ပိုင်းတစ်ခုလုံးမှာရှိတဲ့ သံဖြူမိုင်းတွေနဲ့ ရော်ဘာခြံတွေကို ထိန်းချုပ်ချင်ခဲ့တာပါ။
ဆီယမ်ကကော ဘာကို ကာကွယ်ချင်ခဲ့တာလဲ။ အကျဉ်းဆုံးနေရာမှာ ကီလိုမီတာ ၅၀ သာရှိပြီး မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ကရာ ကမ်းမြောင် ကို လက်မလွှတ်ချင်ခဲ့လို့ပါ။
ဒါကြောင့် နယ်နိမိတ်မျဉ်းကို ကရာ ကမ်းမြောင်ရဲ့ တောင်ဘက်မှာ ရေးဆွဲခဲ့တာပါ။ မြေပုံပေါ်က နယ်နိမိတ်မျဉ်းကို ကြည့်လိုက်ပါ။ ရမ်းသန်းဆွဲထားတာ မဟုတ်ဘဲ သေချာတွက်ချက်ထားတဲ့ "ပထဝီဝင်ဆိုင်ရာ အပေးအယူ" တစ်ခုဖြစ်ပါတယ်။
မြောက်ဘက်ကို တစ်လက်မ တိုးလိုက်ရင် ကရာ ကမ်းမြောင်ကို ဆုံးရှုံးမယ်။ တောင်ဘက်ကို တစ်လက်မ တိုးလိုက်ရင် ဗြိတိသျှတွေ အကျိုးအမြတ် လျော့သွား မယ်။ ဒါကြောင့် ဒီမျဉ်းပေါ်မှာ ကွက်တိဆွဲနိုင်ခဲ့တာက နှစ်ဖက်စလုံးရဲ့ အားပြိုင်မှု ရလဒ်ပါပဲ။
အကယ်၍ ဒီနေရာမှာ တူးမြောင်းတစ်ခု တူးပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို တိုက်ရိုက် ဆက်သွယ်လိုက်မယ်ဆိုရင် သင်္ဘောတွေအနေနဲ့ အဝေးကြီး ကွေ့ပတ်သွားစရာ မလိုတော့ဘဲ ခရီးစဉ် အကွာအဝေး ကီလိုမီတာ ၁၂၀၀ အနည်းဆုံး တိုတောင်းသွားမှာဖြစ်ပြီး အချိန် ၂ ရက်ကနေ ၅ ရက်အထိ သက်သာ သွားပါလိမ့်မယ်။ ဒီဆွဲဆောင်မှုက အင်မတန် ကြီးမားပါတယ်။
လူတွေ စဉ်းစားနေခဲ့တာ ကြာပါပြီ
ဒီအကြံအစည်က ဒီနေ့မှ ပေါ်လာတာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ် ၃၀၀၊ ၄၀၀ လောက်ကတည်းက ထိုင်းလူမျိုးတွေက ဒီကိစ္စကို စဉ်းစားနေခဲ့တာပါ။
၁၇ ရာစုလောက်ကတည်းက ကရာ ကမ်းမြောင်မှာ တူးမြောင်းတစ်ခု ဖောက်လုပ်ဖို့ ထိုင်းနိုင်ငံက အဆိုပြုခဲ့ဖူးပါတယ်။ ဒါဟာ ဒီအကြံအစည်ကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း တင်ပြခဲ့တာပါ။
၁၈၆၈ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ ထိုင်းဘုရင် ရာမ (၅) ဆိုတာ နာမည်ကြီးတဲ့ ချူလာလောင်ကွန်း ဘုရင်ကြီးပါပဲ။ ပြုပြင်ပြောင်းလဲရေးကို အဓိကထားပြီး ဥရောပတစ်ခွင် လှည့်လည်သွားလာခဲ့ကာ အပြန်မှာတော့ ကရာတူးမြောင်း ဖောက်လုပ်ရေး စီမံကိန်းကို တရားဝင် တွန်းအားပေးခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကို ကွင်းဆင်းလေ့လာဖို့ စေလွှတ်ခဲ့ပြီး အားလုံးကို အဆင်သင့် ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ လုပ်ရမယ့် အင်ဂျင်နီယာလုပ်ငန်း ပမာဏကို ကြည့်လိုက်တဲ့အခါ ကြက်သေ သေသွားခဲ့ပါတယ်။ ထိုင်းတစ်နိုင်ငံတည်းနဲ့ လုပ်ဖို့ လုံးဝ မဖြစ်နိုင်တာ ကြောင့် ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် ဆက်တိုက်ဖြစ်လာတဲ့အခါ ဒီကိစ္စက ရပ်တန့်သွားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ အရှေ့တောင်အာရှကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ထိုင်းနိုင်ငံကိုပါ ထိန်းချုပ်ခဲ့ပါတယ်။ ဂျပန်ကလည်း ဒီတူးမြောင်းကို မျက်စိကျပြီး တူးချင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအခြေအနေ ပြောင်းလဲသွားပြီး ဂျပန်တွေ စတင်မတူးဖော်ရသေးခင်မှာပဲ လက်နက်ချခဲ့ရပါတယ်။ အခွင့်အရေးတွေက ဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် လွဲချော်ခဲ့ပါတယ်။
ကောင်းပါပြီ၊ ဒါဆို ဒီကနေ့အချိန်အထိ ဘာလို့ မတူးသေးတာလဲ။ မတူးချင်လို့ မဟုတ်ပါဘူး၊ တူးရမယ့်ကိစ္စက အတော်လေး ရှုပ်ထွေးနက်နဲနေလို့ပါ။
နည်းပညာပိုင်း -
နည်းပညာပိုင်းအရ ပြောရရင် သိပ်ပြီး ပြဿနာမရှိပါဘူး။ ကရာ ကမ်းမြောင်ရဲ့ အကျဉ်းဆုံးနေရာက ၅၆ ကီလိုမီတာ ရှိပြီး လျာထားချက်အရ တူးမြောင်းအရှည်က ၁၀၂ ကီလိုမီတာ၊ အကျယ် ၄၀၀ မီတာနဲ့ ရေအနက် ၂၅ မီတာ ရှိပါတယ်။ နှစ်လမ်းသွား ရေကြောင်းလမ်းဖြစ်ပြီး ပနားမားတူးမြောင်းထက်တောင် ပိုကျယ်ပါသေးတယ်။ အင်ဂျင်နီယာရှုထောင့်ကနေကြည့်ရင် ဒီတူးမြောင်းကို လုံးဝ တည်ဆောက်နိုင်တယ်လို့ ထိုင်းကျွမ်းကျင်သူတွေက အတည်ပြုထားပါတယ်။
ငွေကြေး -
ငွေကြေးအရ၊ ဒီတူးမြောင်း တည်ဆောက်ဖို့ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံလောက် ကုန်ကျနိုင်ပြီး အများဆုံး တွက်ချက်မှုတွေအရ ဒေါ်လာ ၃၆ ဘီလီယံအထိ ရှိနိုင်ပါတယ်။ ဈေးကြီးပေမယ့် မဖြစ်နိုင်လောက်အောင်တော့ မဟုတ်ပါဘူး။
ဒါဆို ပြဿနာက ဘယ်မှာလဲ။ ပြဿနာက ဒီနေရာဟာ တန်ဖိုးအရမ်းကြီးလွန်းနေတာပါပဲ။ နိုင်ငံကြီးတိုင်းက ဝင်ရောက်စွက်ဖက်ချင်လောက်အောင် တန်ဖိုးရှိနေပြီး ထိုင်းနိုင်ငံသာ နိုင်ငံခြားသားတွေကို ဝင်ခွင့်ပေးလိုက်ရင် အတိတ်က လူတွေလို ဒုက္ခရောက်သွားနိုင်ပါတယ်။
သမိုင်းကြောင်း
၁၉ ရာစုအကုန်မှာ ပနားမားဟာ ကိုလံဘီယာနိုင်ငံရဲ့ ပြည်နယ်တစ်ခုသာ ဖြစ်ပါတယ်။ အမေရိကန်က တူးမြောင်းတူးဖော်ခွင့် လိုချင်ခဲ့ပေမယ့် ကိုလံဘီယာက ဈေးနှိမ်လွန်းတယ်ဆိုပြီး သဘောမတူခဲ့ပါဘူး။ အမေရိကန်က ဘာလုပ်ခဲ့လဲ။ ပနားမားကို တိုက်ရိုက် ထောက်ပံ့ပေးခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ အမေရိကန် စစ်သင်္ဘောတွေရဲ့ "အကာအကွယ်" အောက်မှာ ပနားမားဟာ လွတ်လပ်ရေး ရခဲ့ပြီးနောက် အမေရိကန်က တူးမြောင်းတူးဖော်ခွင့် ရသွားပါတယ်။
၁၉၂၀ ပြည့်လွန်နှစ်တွေကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ နှစ် ၆၀ တိတိ အမေရိကန်ဟာ ပနားမားတူးမြောင်းကနေ ဒေါ်လာ ၅၀ ဘီလီယံလောက် အမြတ်ရခဲ့ပြီး ပနားမားကတော့ စုစုပေါင်း ၁.၉ ဘီလီယံလောက်ပဲ ရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကိုယ့်မြေကို ယူပြီး တံခါးစောင့်ခိုင်းကာ ပိုက်ဆံအများစုကို အမေရိကန်ယူသွားတာပါ။
အီဂျစ်ဘက်မှာလည်း အတူတူပါပဲ။ ဆူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဒီရေကြောင်းလမ်းကို ထိန်းချုပ်ဖို့ စစ်ပွဲတွေ ဖန်တီးခဲ့ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။
ဒီလို အတိတ်က သင်ခန်းစာတွေကို ကြည့်ပြီး ထိုင်းနိုင်ငံအနေနဲ့ မစိုးရိမ်ဘဲ နေနိုင်ပါ့မလား။ ကရာတူးမြောင်း ပြီးစီးသွားတာနဲ့ နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှုက သေချာပေါက် ရောက်လာမှာပါ။ ဘယ်သူက ဦးဆောင်လည်ပတ်မလဲ၊ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမလဲ၊ ဈေးနှုန်းကို ဘယ်သူ သတ်မှတ်မလဲ။ ဘယ်နိုင်ငံက အရင်ဝင်လာလဲ၊ အဲဒီ အရင်ဝင်လာတဲ့ နိုင်ငံက ပြိုင်ဘက်တွေကို အကုန်အကျခံပြီး ဖယ်ရှားပစ်မှာပါ။ အဲဒီအချိန်ကျရင် ထိုင်းနိုင်ငံကိုယ်တိုင် ဆုံးဖြတ်ခွင့် ရ၊ မရ ဆိုတာက ကြီးမားတဲ့ ပြဿနာတစ်ခုပါ။
ပိုပြီး ဒုက္ခပေးမယ့် နောက်ထပ်ကိစ္စတစ်ခု
အဲဒါကတော့ ထိုင်းတောင်ပိုင်းက "အမြီး" လေးပေါ်မှာ နေထိုင်ကြတဲ့ လူတွေရဲ့ ပြဿနာပါ။
ကရာ ကမ်းမြောင်တည်ရှိရာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသဟာ မလေးလူမျိုး မွတ်စလင်တွေ အများစု နေထိုင်ရာ ဒေသဖြစ်ပါတယ်။ မြောက်ပိုင်းက ဗုဒ္ဓဘာသာဝင် ထိုင်းလူမျိုး အများစုနဲ့ လုံးဝမတူဘဲ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရေရှည်ရှိနေခဲ့ပြီး ဒေသတွင်းမှာ လွတ်လပ်ရေးတောင်းဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထိုင်းတောင်ပိုင်းက ယာလာ (Yala)၊ ပတ္တာနီ (Pattani)၊ နရာသီဝပ် (Narathiwat) ခရိုင် ၃ ခုမှာ ရုတ်တရက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပရမ်းပတာဖြစ်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေခဲ့ပါတယ်။
ကရာတူးမြောင်းသာ ဖောက်လုပ်ပြီးစီးသွားရင် ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ နှစ်ပိုင်းဖြတ်လိုက်သလို ဖြစ်သွားမှာကို ထိုင်းအစိုးရက အမြဲစိုးရိမ်နေပါတယ်။ ဒါဟာ ခွဲထွက်ရေးအင်အားစုတွေအတွက် သဘာဝ ခွဲထွက်ရေးမြေပုံတစ်ခုကို လက်ဆောင်ပေးလိုက်သလိုပါပဲ။ ဒါဟာ အကြောင်းပြချက် မရှိတာတော့ မဟုတ်ပါဘူး။ ကီလိုမီတာ တစ်ရာကျော်ရှည်တဲ့ တူးမြောင်းတစ်ခုက ကန့်လန့်ဖြတ် ဖြတ်သွားရင် တောင်ဘက်က နယ်မြေအနေနဲ့ လွတ်လပ်ရေးယူဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ထောက်ပံ့ရေးအရ မြောက်ပိုင်းနဲ့ တကယ်ကို ကွဲကွာသွားနိုင်ပါတယ်။
ဒါကြောင့် ကြည့်ကြည့်ပါ။ ဒီတူးမြောင်းက အဲ့ဒီမှာ နှစ်ရာချီကြာအောင် တစ်ဆို့နေခဲ့တာပါ။ နည်းပညာကို ဖြေရှင်းလို့ရတယ်၊ ငွေကြေးကို ဖြေရှင်းလို့ရတယ်၊ ဒါပေမဲ့ ပထဝီဝင်နိုင်ငံရေးနဲ့ ခွဲထွက်ရေးဆိုတဲ့ ဓားနှစ်လက်က ခေါင်းပေါ်မှာ တွဲလွဲခိုနေတဲ့အတွက် ဘယ်သူမှ လွယ်လွယ်နဲ့ မစတင်ရဲကြပါဘူး။
တရုတ်နိုင်ငံရဲ့ သဘောထား:
တရုတ်နိုင်ငံရဲ့ သဘောထားကတော့ အမြဲတမ်း ရှင်းလင်းပါတယ်။ မလက္ကာရေလက်ကြားဟာ တရုတ်အတွက် အရမ်းအရေးကြီးပြီး ရေနံတင်သွင်းမှုရဲ့ ၈၀% က ဒီကနေ ဖြတ်သန်းရလို့ပါ။ တစ်ခုခု ပြဿနာဖြစ်တာနဲ့ စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်သွားနိုင်ပါ တယ်။ ကရာတူးမြောင်း ဖောက်လုပ်ပြီးစီးရင် တရုတ်နိုင်ငံအနေနဲ့ လည်ပင်းဖြစ်နေတဲ့ မလက္ကာကို ရှောင်ကွင်းပြီး လုံခြုံတဲ့ စွမ်းအင်လမ်းကြောင်းတခု ထပ်ရလာမှာပါ။
စင်ကာပူနိုင်ငံ၏ သဘောထား:
စင်ကာပူရဲ့ သဘောထားကတော့ အလက်တွေ့ကျဆုံးနဲ့ အစိုးရိမ်ဆုံးပါပဲ။ စင်ကာပူရဲ့ စီးပွားရေးဟာ မလက္ကာ ရေလက်ကြားကို အတော်လေး မှီခိုနေရတာပါ။ ကရာတူးမြောင်း ပွင့်သွားတာနဲ့ သင်္ဘောအများအပြား လမ်းကြောင်းပြောင်းသွားပြီး စင်ကာပူ ဆိပ်ကမ်းရဲ့ ကုန်စည်ပို့ဆောင်မှု ပမာဏ ခွဲဝေခံရပါလိမ့်မယ်။ ပင်လယ်ရေကြောင်းပို့ဆောင်ရေးအပေါ် မှီခိုပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီနိုင်ငံလေးရဲ့ စီးပွားရေးကို တိုက်ရိုက် ထိခိုက်စေမှာပါ။ ဒါကြောင့် စင်ကာပူကတော့ အမြဲတမ်း အဆိုးမြင်စကားတွေ ပြောနေပါတယ်။ ကရာတူးမြောင်းဟာ တကယ်တမ်း သိပ်တန်ဖိုးမရှိပါဘူး၊ ရှောင်ကွင်းသွားတာက သေးငယ်တဲ့ မလေးကျွန်းဆွယ်လေးသာ ဖြစ်ပြီး အာဖရိကတိုက်ကြီးကို ရှောင်ကွင်းရတဲ့ ဆူးအက်တူးမြောင်းနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူးလို့ ဆိုကြပါတယ်။ ဒီစကားက အဓိပ္ပာယ်ရှိပါသလား။ နည်းနည်းတော့ ရှိပါတယ်။ ဒါပေမဲ့ ရပ်တည်ချက်က အမြင်ကို ဆုံးဖြတ်ပေးတာပါ။ တကယ်တော့ စင်ကာပူက ဒီတူးမြောင်း ဖွင့်လှစ်မှာကို အလိုမရှိဆုံး နိုင်ငံပါ။
ဒီလို မတူးရသေးတဲ့ တူးမြောင်းလေး တစ်ခုကပဲ တရုတ်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေရဲ့ ကိုယ်ပိုင် တွက်ဆမှုတွေကို ပြဿနာ အဖြစ် ဆွဲဆန့်နေတာပါ။
ထိုင်းမြေပုံပေါ်က သေးသွယ်တဲ့ "အမြီး" လေးဟာ လုံးဝ သာမန်မဟုတ်ပါဘူး။ ၎င်းဟာ ရာစုနှစ်ပေါင်းများစွာ သမိုင်းကြောင်း၊ နိုင်ငံစုံ အားပြိုင်မှု၊ ဘာသာရေး ပဋိပက္ခနဲ့ နိုင်ငံကြီးတွေရဲ့ ကြီးစိုးချင်မှုတွေ အားလုံး စုပြုံနေတဲ့ နေရာပါ။ ဒါတွေကို ကျဉ်းမြောင်းတဲ့ မြေကျဉ်းလေးတစ်ခုအနေနဲ့ ပေါင်းစပ်ပြီး အရှေ့တောင် အာရှ မြေပုံပေါ်မှာ တိတ်တဆိတ် ချိတ်ဆွဲထားတာပါ။
ဘယ်အချိန် တူးမလဲ၊ ဘယ်သူက ဦးဆောင်မလဲ၊ အမြတ်အများဆုံး ဘယ်သူရမလဲ၊ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမလဲ။ ဒီမေးခွန်းတွေထဲက တစ်ခုမှ အဖြေ မရှိသေးသရွေ့ ဒီတူးမြောင်းဟာ ဘယ်တော့မှ စတင်နိုင်မှာ မဟုတ်ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ငလျင်ဘေး အလှူခံသော မြန်မာနိုင်ငံသား အကြမ်းဖက်အားပေးတစုကို အလှူငွေ လိမ်စားနေသည်ဟု ဂျပန်လူမျိုးများ ဝေဖန်နေ
RELATED POSTS
10 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
09 Sep 2026 | ဆောင်းပါး,နိုင်ငံတကာ
