ရက်ပိုင်းအတွင်း တာပိတ်ဆို့မှုပြီးစီးမည် ဟု လေးမျက်နှာ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ပြော
သားပု (NSS) - သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာတာ ရေစိမ့်ဝင်ကျိုးပေါက်မှုနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးညိုစော၏ လမ်းညွှန်မှုနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားထုတ်၊ကြိုးပမ်းမှုကြောင့် ရက်ပိုင်းအတွင်း တာပိတ်ဆိုမှုပြီးစီးသွားမည်ဖြစ်ကြောင်း လေးမျက်နှာမြိုနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က NP News သို့ ပြောသည်။
"တာက ကျိုးသွားတာ မဟုတ်ဘူး၊ ရေစိမ့်ဝင်သွားတာပါ။ အဲဒီနေရာက အရင်မြစ်ကြောင်း ဟောင်းကြီးပါ။ အဲဒီအပေါ်မှာ တာဆောက်လိုက်တော့အောက်က နုန်းဆန်တဲ့မြေတွေက ရေဖိအားဒဏ်မခံနိုင်ဘဲ စိမ့်ဝင်တာကနေ ထိန်းမရဖြစ်သွားတာပါ" ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ(၅)ရက် ဒုတိယ သမ္မတဦးညိုစော အပါအဝင် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော တာတမံပိတ်ဆိုရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးတွင် ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာများနှင့်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

"အစည်းအဝေးမှာ ဒီတာကို ဘယ်လိုပိတ်ကြမလဲဆိုပြီး တိုင်ပင်ကြတဲ့အခါ အထ္တရံမြစ်က တံတားကျိုးလို့ ပြန်လည်ဆောက်လုပ်တဲ့အတွေ့အကြုံကိုယူပြီး မီတာ(၂၀)လောက်ရှိတဲ့ ဘိုးပိုင်တွေ ရိုက်ပြီး ပိတ်သွားမယ်။ တိုင်းအစိုးရကလည်း ပစ္စည်းတွေ စုနေပါပြီ။ ဒီရက်ပိုင်းပစ္စည်းစုံလို့ စလုပ်ရင် ရက်ပိုင်းအတွင်းပဲ ပြီးသွားမှာပါ" ဟု ဦးကျော်ဝင်းနိုင်က ပြောသည်။ ထို့အတူ ပြန်လည်ထူထောင်ရေးအစီအမံများသည်လည်း အားရဖွယ်ရှိကြောင်းလည်း ၎င်းကဆိုသည်။
“ ရေအနေအထားကတော့ စဖြစ်တည်းက စိုးရိမ်ရေအမှတ်(၂) ပေအောက်အခြေအနေကနေ ဖြစ်တာဆိုတော့ ကျန်တဲ့မြို့တွေ ရေဝင်ရင်တောင် နည်းနည်းပါးပါးနဲ့ ရေထွက်ပေါက်ဖြစ်တဲ့ ဒါးက ချောင်းထဲကိုရေဆင်းသွားမှာဖြစ်လို့ စိုးရိမ်စရာအခြေအနေမဟုတ်ပါဘူး။ အခုလည်း ရေကသူ့အလိုလိုတန့်နေပါပြီ” ဟု ဦးကျော်ဝင်းနိုင်က ပြောသည်။
လေးမျက်နှာကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်သည် တာတမံများ မကျိုးပေါက်စေရေးအတွက် တာတမံများကြံ့ခိုင်မှုရှိစေရေး တိုင်းအစိုးရကိုတိုက်တွန်းကြောင်းအဆိုကို ဇွန်လ (၁၅) ရက်တွင် တင်သွင်းခဲ့သူဖြစ်ပြီး ဇူလိုင်လ(၂၂)ရက်တွင် လွှတ်တော်ကိုယ်စားလှယ်(၁၀) ဦးမှ ထောက်ခံဆွေးနွေးမှုကြောင့် လွှတ်တော်က ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် အနည်းဆုံးတစ်စင်းကို စမ်းသပ်ပစ်လွှတ်
RELATED POSTS
07 Aug 2026 | လူမှုရေး,ပြည်တွင်း
09 Jun 2026 | လူမှုရေး,ပြည်တွင်း
16 May 2026 | လူမှုရေး,နိုင်ငံတကာ
12 May 2026 | လူမှုရေး,ပြည်တွင်း
