မလေးရှား ဘော်နီယိုတောနက်ထဲမှာ ဇွန်ဘီအင်းဆက်တွေကို သတ်ဖြတ်နိုင်တဲ့ မှိုမျိုးစိတ်သစ်တစ်ခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - ဇွန် ၂၁
မလေးရှားနိုင်ငံ ဘော်နီယိုတောအုပ်တွေအတွင်း အင်းဆက်ပိုးမွှားတွေကို အချင်းချင်းကူးစက်စေပြီး သေဆုံး စေနိုင်တဲ့ ကပ်ပါးကောင် မှိုမျိုးစိတ်သစ်တစ်ခုကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီမျိုးစိတ်သစ် မှိုကို မလေးရှားဆာဘားတက္ကသိုလ်ရဲ့အပူပိုင်းဇီဝဗေဒနဲ့ ထိန်းသိမ်းရေးဌာနမှ ပြုလုပ်တဲ့ ကွင်းဆင်းခရီးစဉ်တွေမှာ ရှာဖွေစုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှို ဟာ အခြား ရောဂါပိုးမွှားတွေကိုပါ ထပ်ဆင့် ထိရောက်စွာ ကပ်ပါးပြုနိုင်တာကြောင့် ၎င်းကို Hyperparasite (ကပ်ပါးကောင်ကြီး) လို့ အမည်ပေးထားတယ်လို့ အင်စတီကျုရဲ့ဒုတိယညွှန်ကြားရေးမှူး ဂျာရာစီလန်ဆသီယာစီလန်က ဇွန်လ (၁၉) ရက် မှာ AFP ကို ပြောကြားခဲ့ ပါတယ်။
မှို အမျိုးအစားဟာ Pleurocordyceps မျိုးစုဝင်ဖြစ်ပြီး Hyperparasite အဖြစ် လုပ်ဆောင်နိုင်တယ်လို့ စီလန်က ဆိုပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ အဲဒီမှိုဟာ အင်းဆက်တွေရဲ့အာရုံကြောစနစ်ကို စီးနင်းပြီး "ဇွန်ဘီ" လို ပြုလုပ်ကာ သတ်ပစ်တတ်တဲ့ နာမည်ကြီး Ophiocordyceps (ခေါ်) "Zombie fungus" ကူးစက်ခံထား ရပြီးသား ပုရွက်ဆိတ်တွေကိုပါ ထပ်ဆင့်ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

"ပိုးကောင်ရဲ့အာရုံကြောစနစ်ကို ခြယ်လှယ်မယ့်အစား ဒီ Pleurocordyceps မှိုဟာ ပိုးကောင်ရဲ့အတွင်းပိုင်းမှာ ကြီးထွားနေတဲ့ Zombie Fungus (Ophiocordyceps) တစ်ရှူးတွေကို တိုက်ရိုက် စားသုံးပစ်တာဖြစ်ပါတယ်" ဟု စီလန် က ဆိုပါတယ်။ မှိုရဲ့ထူးခြားထင်ရှားတဲ့ ဦးချိုပုံသဏ္ဍာန် ဖွဲ့စည်းတည်ဆောက်ပုံကို အစွဲပြုပြီး သိပ္ပံအမည်ကို Pleurocordyceps cornusynnemata လို့ အမည်ပေးထားပါတယ်။
သိပ္ပံပညာရှင်တွေက ဆာဘားပြည်နယ်တောင်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ ဒါနန်းဘယ်လီ ဒေသမှ စုဆောင်းရရှိတဲ့ သေဆုံးနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ဓာတ်ခွဲခန်းမှာ အသေးစိတ်လေ့လာပြီးနောက် ယခုလို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ရှိချက်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကမ္ဘာ့ထိပ်တန်း ရုက္ခဗေဒဂျာနယ်တစ်ခုဖြစ်တဲ့ Phytotaxa မှာလည်း တရားဝင်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး Hyperparasite အမျိုးအစား မဟုတ်ပေမယ့်လည်း ထူးခြားတဲ့ ဦးချိုပုံသဏ္ဍာန်ရှိတဲ့ ပထမဆုံး မျိုးစိတ်ဝင်ဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူတရုတ်တန်းမှာ ဒေါ်လာ (၂)သိန်းနီးပါးတန် စိန်အစစ်ကို အတုနဲ့လဲလှယ်ခိုးယူခဲ့တဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦး လေဆိပ်မှာ ဖမ်းဆီးခံရ
RELATED POSTS
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
21 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
19 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
14 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
