ကမ္ဘာ့အသက်အကြီးဆုံးလိပ်ကြီး “ဂျွန်နသန်” ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း Icon အဖြစ် ထပ်မံဂုဏ်ပြုခံရ
ရောင်နီ (NSS) - ဇွန် ၁၉
ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် လူသိများတဲ့ အသက် (၁၉၄) နှစ်အရွယ် ဆေးရှဲလ်စ် ဧရာမလိပ်ကြီး “ဂျွန်နသန်” ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်းရဲ့“ဂင်းနစ်ကမ္ဘာ့စံချိန် အိုင်ကွန်” (Guinness World Records Icon) အဖြစ် ဇွန်လ (၁၇) ရက်က ထပ်မံအတည်ပြု ဂုဏ်ပြုခံခဲ့ရပါတယ်။
(၁၈၃၂) ခုနှစ်ဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို့ ယူဆရတဲ့ လိပ်ကြီး ဂျွန်နသန်ဟာ အင်္ဂလန်ဘုရင်မ ဗစ်တိုးရီးယား (၆၃) နှစ်ကြာ ထီးနန်းစိုးစံခဲ့တဲ့ ဗစ်တိုးရီးယားခေတ်၊ လန်ဒန်မြို့မျှော်စင်တံတားနဲ့ ပဲရစ်မြို့က အီဖယ်မျှော်စင်တို့ထက်တောင် အသက်ပိုကြီးကာ လိပ်တွေရဲ့ ပျှမ်းမျှသက်တမ်း (၁၅၀) ထက်ကျော်လွန်စွာ အသက်ရှည်နေခဲ့တာဖြစ်ပါတယ်။
ဂျွန်နသန်ဟာ လက်ရှိ တောင်အတ္တလန္တိတ်သမုဒ္ဒရာရှိ ဝေးလံခေါင်သီတဲ့ ဗြိတိသျှပိုင် စိန့်ဟယ်လီနာ ကျွန်းမှာ နေထိုင်ပါတယ်။ ဒေသခံတိရစ္ဆာန်ဆရာဝန်တွေရဲ့အဆိုအရ ဂျွန်နသန်ဟာ အသက်အရွယ်ကြောင့် အမြင်အာရုံနဲ့ အနံ့ခံအာရုံတွေ လျော့နည်းသွားပေမယ့်လည်း အစာစားချင်စိတ် ကောင်းမွန်ကာ ကျန်းမာရေးအခြေအနေအထူးကောင်းမွန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဂင်းနစ်အဖွဲ့အစည်းက လူမှုကွန်ရက် X (တွစ်တာ) ပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ ဂျွန်နသန်က သူ့ရဲ့ဂုဏ်ပြုမှတ်တမ်းလွှာကို ကြည့်ရှုနေပြီး မုန်လာဥနီတွေကို မြိန်ယှက်စွာ စားသုံးနေတာ တွေ့ရပါတယ်။

စိန့်ဟယ်လီနာကျွန်း အုပ်ချုပ်ရေးမှူး နိုင်ဂျယ်ဖိလစ်က အခုလိုကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုဟာ ဂျွန်နသန်ရဲ့ ထူးခြားတဲ့အသက်အရွယ်ကို သက်သေပြရုံသာမက ကျွန်းသူကျွန်းသားတွေရဲ့အရေးပါမှုကိုလည်း ထင်ဟပ်စေတယ်လို့ဆိုခဲ့သလို ကျွန်းရဲ့ခရီးသွားလုပ်ငန်းအဖွဲ့ကလည်း “စိန့်ဟယ်လီနာရဲ့အထင်ရှားဆုံး ဒေသခံအတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှု” လို့ ဖော်ပြခဲ့ပါတယ်။
ဒေသခံတွေက "အိုလ်ဂျိုနို" လို့ ချစ်စနိုးခေါ်ကြတဲ့ ဂျွန်နသန်ဟာ ၁၈၈၂ ခုနှစ် (အသက် ၅၀ အရွယ်) က ဆေးရှဲလ်ကျွန်းစုမှ စိန့်ဟယ်လီနာကျွန်းကိုပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဂင်းနစ်အဖွဲ့ရဲ့အဆိုအရ ဂျွန်နသန်ဟာ အုပ်ချုပ်ရေးမှူး အိမ်တော်ဥယျာဉ်မှာ အခြားလိပ်တွေနဲ့အတူ မြက်စားကာ နေရောင်ခြည်လှုံရင်း သူ့ရဲ့နေ့ရက်တွေကို အေးချမ်းစွာ ကုန်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

“ဂင်းနစ်ကမ္ဘာ့စံချိန် အိုင်ကွန်” (GWR Icons) ဆိုတာကတော့ ကမ္ဘာပေါ်မှာ ရေရှည်အကျိုးသက်ရောက်မှုရှိပြီး ထူးခြားပြောင်မြောက်တဲ့ စံချိန်တင်ထားသူတွေကိုသာ ရွေးချယ်ချီးမြှင့်တဲ့ အဆင့်မြင့်ဂုဏ်ပြုဆုဖြစ်ပါတယ်။ အဲဒီအိုင်ကွန်စာရင်းမှာ လိပ်ကြီး ဂျွန်နသန်အပြင် တောင်ကိုရီးယား နာမည်ကျော် မိန်းကလေးအဖွဲ့ BLACKPINK၊ ကမ္ဘာကျော်နပန်းသမားနဲ့သရုပ်ဆောင် ဂျွန်စီနာ ၊ အာကာသယာဉ်မှူး ခရစ္စတီနာ ကို့ချ် ၊ ဂျပန်ဘေ့စ်ဘောစတာ ရှိုဟေး အိုတန်နီ စတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေလည်း ပူးတွဲဂုဏ်ပြုခံရသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရှင်ထုတ်လုပ်ရေးမြို့တော်အဖြစ် နာမည်ကြီးသည့် Wellnigton မြို့
RELATED POSTS
28 Sep 2026 | ဗဟုသုတ,ပြည်တွင်း
27 Sep 2026 | ဗဟုသုတ,နိုင်ငံတကာ
30 Aug 2026 | ဗဟုသုတ,နိုင်ငံတကာ
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
