လမင်းစီမံချက်အား ပြည်သူများ အထင်အမြင်လွဲစေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးရေးသားသည့် အကောင့်အတုများအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မည်

ထိုက်စံ (NSS) - ဇွန် ၄
လမင်းစီမံချက်အား ပြည်သူများ အထင်အမြင်လွဲစေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးရေးသားသည့် အကောင့်အတုများအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန၏ Facebook account တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
လူမှုကွန်ယက်တစ်ခုဖြစ်သော TikTok တွင် CJ အမည်ရှိအကောင့်မှ ပြီးခဲ့သည့် (မေ ၃၀ ရက်)က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လဝက ရုံးသို့ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်မှ ဗိုလ်မှူးစိုးမင်းဦး၏ သမီးဖြစ်သူ မမြသင်းခိုင်သည် အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင် လာရောက်ဆောင်ရွက်ခဲ့ရာ လဝကရုံး တိုက်နယ်မှူးမှ ငွေကျပ်(၈)သောင်း တောင်းခံခဲ့သောကြောင့် ၎င်းတိုက်နယ်မှူးအား စစ်ဆေးလျက် ရှိကြောင်း သတင်းတင်ထားသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ သတင်းတင်ထားသည်ကို တွေ့ရှိသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက စိစစ်ဆောင်ရွက်ခဲ့ရာ ယင်းအကောင့်တွင် တင်ထားသည့် မေလ (၃၀) ရက်သည် စနေနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ထိုနေ့က ပုသိမ်မြို့နယ် လဝက ရုံးသို့ မည်သည့်ပြည်သူတစ်ဦးတစ်ယောက်မျှ လာရောက်၍ မှတ်ပုံတင်ဆောင်ရွက် ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ရုံးမှတ်တမ်းများအရ မေလ(၄)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အတွင်း ပြည်သူ(၃၂၇၃)ဦး အား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဘဦးစိုးမင်းဦး၏ သမီး မမြသင်းခိုင် အမည်ဖြင့် မှတ်ပုံတင်လာရောက်ဆောင်ရွက်ခဲ့သူမရှိကြောင်း၊ ဋ္ဌာန၏ e-ID Server တွင်လည်း မမြသဲညှာ၊အဘအမည် ဦးစိုးမင်းဦး အမည်နှင့် တူညီသူ မရှိကြောင်း၊ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်တွင်လည်း ဗိုလ်မှူးစိုးမင်းဦး အမည်ဖြင့် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ မရှိကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ကြောင့် လူမှုကွန်ယက်တစ်ခုဖြစ်သော TikTok တွင် CJ အမည်ရှိအကောင့်၌ တင်ခဲ့သည့်သတင်းမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိသည့် လမင်းစီမံချက်အား ပြည်သူများအနေဖြင့် ထင်ယောင် ထင်မှားဖြစ်စေရန်နှင့် ပြင်ပတွင် အမှန်တကယ် မရှိသည့် မမြသင်းခိုင်အမည်ဖြင့် လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်းနှင့် အဆိုပါ အကောင့်တုများအား ဋ္ဌာနအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုသို့ လဝက ရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်များ လာရောက်ဆောင်ရွက်မည့် ပြည်သူများ အနေဖြင့် သိရှိရန်လိုအပ်သည့်အချက်များ၊ အကောင့်တုများ၊ ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ဝန်ထမ်းများမှ ငွေတောင်းခံခြင်း၊ မသမာမှုပြုလုပ်ခြင်းများအား တိကျစွာတိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ Facebook account ဖြစ်သော “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”နှင့် MRTV သတင်းတို့တွင် မေလ(၄)ရက်က ကြေညာချက်ထုတ်ပြန်၍ ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထူးခြားချက်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနက ကျူးလွန်သူ CJ အမည်ရှိအကောင့်တွင်ပါရှိသည့် ငွေကျပ် (၈၀၀၀၀) ပေးခဲ့ရသူ၏အမည်ကို မြသဲခိုင်နှင့် မြသဲညှာ ဟူ၍ အမည်နှစ်မျိုး ဖော်ပြထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအပေါ် တရုတ်လွှမ်းမိုးထားဆဲဖြစ်၍ အမေရိကန် ဩဇာချဲ့ရန် ခက်ခဲနေကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို
RELATED POSTS
16 Oct 2026 | မှုခင်း,ပြည်တွင်း
16 Oct 2026 | မှုခင်း,နိုင်ငံတကာ
16 Oct 2026 | မှုခင်း,နိုင်ငံတကာ
