သူနာပြုဆရာ/ဆရာမများအနေဖြင့် လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်ကြံရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း
ပုလဲ (NSS) - ဇွန် ၃
သူနာပြုဆရာ ဆရာမများအနေဖြင့် လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံရန် ယမန်နေ့ (ဇွန်လ ၂ ရက်) က ကျင်းပသော ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယခုအလုပ်ခန့်အပ်ခံရသည့် သူနာပြုဆရာ ဆရာမများသည် နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ထမ်းရွက်ရာတွင် မိမိတို့တာဝန်ကျရာနေရာဒေသအသီးသီးသို့သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြုဆရာ/ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း ပြောကြားခဲ့သည်။
ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရာတွင် မိမိတို့သူနာပြုအသက်မွေးဝမ်းကြောင်းပညာရပ်ကို ပြည်သူလူထုမှ အားကိုးယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းနှင့် နိုင်ငံတော်အနေဖြင့်သူနာပြုရာထူးအဆင့်ဆင့်အလိုက် လစာတိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ထပ်ဆောင်း ချီးမြှင့်ငွေများခံစားခွင့်ပြုခြင်းများတိုးမြှင့်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ နှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ သူနာပြုသင်တန်းကျောင်း (၁၅)ကျောင်းကို သူနာပြုသိပ္ပံအဆင့်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု ၁၄၅၂ ဦး ကိုယ်စား သူနာပြုသိပ္ပံ(နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ သူနာပြုသိပ္ပံ(မန္တလေး)နှင့် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)တို့မှ ကိုယ်စားလှယ် သစ်လွင်သူနာပြုများထံ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၄၉) နှစ်ကျော်သက်တမ်းရှိ လက်ပံတန်းနှင့် သာယာဝတီရှေးဟောင်းဘူတာများကို ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် ပြည်ထောင်စုဝန်ကြီး မှာကြား
RELATED POSTS
31 Oct 2026 | ပညာရေး,ပြည်တွင်း
29 Oct 2026 | ပညာရေး,ပြည်တွင်း
