အစိုးရသစ် ရက်ပေါင်း (၁ဝဝ) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား နိုင်ငံတော်သမ္မတ ပြောကြား၊ ငြိမ်းချမ်းရေးအတွက် အတိအလင်းဖိတ်ခေါ်
NSS - ဧပြီ ၂ဝ
အစိုးရသစ် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ (ဧပြီလ ၂၀ ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
“ခုနက ပြောတဲ့ PDF နဲ့ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီး ရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော် တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း (၁၀၀) အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ" ဟု နိုင်ငံတော်သမ္မတက ပြောသည်။

EAO နဲ့ပတ်သက်၍ NCA လက်မှတ်ထိုးထားသောအဖွဲ့နှင့်မထိုးထားသောအဖွဲ့ဟူ၍ နှစ်ပိုင်းရှိကြောင်း ပြောသည်။
"အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးလက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် (၃၁) ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ပေါ့။ မနက်ဖြန်ကျရင် လည်း ကျွန်တော်တို့ကြေညာချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျွန်တော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ်ရေးထိုးထားတာပေါ့ လက်မှတ်ရေးထိုးထား ပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် -KNU တို့၊ CNF တို့ ABSDF တို့ အဖွဲ့တွေ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် (၄၃) ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပြောသည်။
ဆွေးနွေးခြင်းမပြုရသေးသော အဖွဲ့များကိုလည်း ဖိတ်ခေါ်သည်။
"တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ (၃၁) ရက်နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါ တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရ ဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ် လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီး တော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံ တော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် (၃၁) ရက်နေ့ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေး အရ လည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံး ချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်” ဟု ပြောသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့်ယနေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေ နှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ်ပေးသွား မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တို့နှင့်ပတ်သက်၍ ၃ သိန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို ၂ သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေး သွားမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံးစက်ကိရိယာချေးငွေနှင့်ပတ်သက်၍ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အနီးစခန်း လေဆိပ်အဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပို့ကုန် နှစ်ဆ တိုးမြှင့်ရေးနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့်သိုလှောင်ရုံများကို ဦးစားပေးအနေဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများ အားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့် တင်ပေး သွားမည်ဖြစ်ကြောင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်း၌လည်း တံတား ပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရထား လမ်းများအပြင် ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများ အဆင့်မြှင့် တင်ခြင်းများ ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ နှင့်ပတ်သက်၍ မိုဘိုင်း စခန်းအသစ် ၂၇ ခုကို ယခုရက် ၁၀၀ အတွင်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ မိုဘိုင်းစခန်း ၉ ခု၌ 4 G LTE အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ ဆိုလာ ရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း တို့ကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းပြောသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန စွမ်းရည်မြှင့်တင် သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် တို့တွင် Research and Activation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်း ယ်တန်း ပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကိုလည်း အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များ အကျင့်စာရိတ္တမြင့်မား စေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောသည်။
ဗလငါးတန်နှင့် ပြည့်ဝ သည့် ကျောင်းများ ဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် ၅၀ တွင် ဒုတိယကျန်းမာရေးဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေး မြှင့်တင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါ ကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိသူနာပြုကျောင်းများကိုလည်း သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အခြားကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်သမ္မတပြောကြားလိုက်တဲ့ ရက် (၁၀၀) စီမံချက်
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
