Tik Tok မှတစ်ဆင့် လိမ်လည်ကာ ၁၅ နှစ်အရွယ်အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားသူ(၄)ဦးအား ထောင်ဒဏ်တစ်သက်ချ
Pearl (NSS) - သြဂုတ် ၂
Tik Tok မှတစ်ဆင့် လိမ်လည်ကာ ၁၅ နှစ်အရွယ် အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားသူ(၄)ဦးအား ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်နေထိုင်သော စံပယ်ချိုက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်နေထိုင်သော ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လူမှုကွန်ရက် Tik Tok မှတစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ် နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကာ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်အား ကျူးလွန်သူ (၄)ဦးကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ၎င်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် နေထိုင်သော သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေထိုင်သူ (၁၇) နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး မြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲအတွင်းဖမ်းမိသည့် ကမ္ဘောဒီးယားစစ်သားအချို့ကို ထိုင်းစစ်တပ် ပြန်လည်လွှဲပြောင်းပေး
RELATED POSTS
20 Apr 2026 | မှုခင်း,ပြည်တွင်း
16 Apr 2026 | မှုခင်း,ပြည်တွင်း
