မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ

မောင်မောင်(မင်းဘူး) (NSS) - မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် မတ်လ ၁၈ ရက်မှ ယနေ့(မတ်လ ၁၉ ရက်)အထိ နှစ်ညတိုင်တိုင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့သို့ဖျော်ဖြေတင်ဆက်ရာတွင် “မင်းထွေး” ဇာတ်ပွဲသဘင်အဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ တပေါင်းပွဲတော်ညအဖြစ် အငြိမ့် ဇာတ်မင်းသား/မင်းသမီးများ ဖြစ်ကြသော မင်းထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်ကြသော ချောကလက်၊ သူရိန်စိုး (လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များ ဖြစ်ကြသော စိန်ခဲ့၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့နှင့်အတူ ရွှေခိုင်ဇော်မင်္ဂလာဆိုင်းတို့ဖြင့် တွဲဖက်၍ အခမဲ့ ဧည့်ခံဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရား ဖြစ်သည်နှင့်အညီ ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံအတွင်း၌ ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ) စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် ယနေ့အထိ ဘုရားဖူး ရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း (၁၅၃၆၃)ဦးနှင့် မော်တော်ယာဉ် အစီးရေ (၃၁၀၀)ကျော် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော် ပွဲတော်ကျင်းပစဉ် ကာလတစ်လျှောက် တပေါင်းလအပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်(အခြေခံကျောင်းများဖြေဆိုပြီးချိန်)နှင့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလများတွင်း နှစ်စဉ်နှစ်တိုင်း အထူးစည်ကားလေ့ရှိကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
RELATED POSTS
22 Apr 2025 | အထွေထွေ,ပြည်တွင်း
08 Apr 2025 | အထွေထွေ,ပြည်တွင်း
02 Apr 2025 | အထွေထွေ,နိုင်ငံတကာ