မိုင်းကိုင်ရှိ SSPP တပ်စခန်း (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့ဟု ဆို
နာမူ (NSS) - နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ SSPP တပ်စခန်း (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း SSPP က ၎င်းတို့၏လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် သတင်းထုတ်ပြန်ထားကြောင်း တွေ့မြင်ရသည်။

ဖြစ်စဉ်မှာ ယမန်နေ့( နိုဝင်ဘာ ၂၅ ရက်)၊ နံနက် ၅ နာရီခွဲအချိန်တွင် RCSS အဖွဲ့က မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA ၏ တပ်စခန်းငယ်နှစ်ခုကို တပ်ဖွဲ့အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ RCSS စစ်ကြောင်းနှစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် SSPP/SSA တပ်သား(၄)ဦးကို ဖမ်းဆီးသွားကာ အဆိုပါစခန်းများမှ စခန်းသုံး မော်တော်ဆိုင်ကယ်(၄) စီး၊ ကားတစ်စီးတို့ကို ယူဆောင်သွားသည့်အပြင် စခန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျန်ရှိနေသည့် RCSS စစ်ကြောင်းတစ်ကြောင်းက ပန်ပွဲကျေးရွာ၊ ရွာကော်မတီဝင်တစ်ဦး၏ နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေပစ္စည်းများ မွှေနှောက် ယူဆောင်သွားသည့်အပြင် အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနှင့် ဒေသခံပြည်သူ(၁)ဦးတို့ကို ထပ်မံဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့နောက် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ရှမ်းပြည်သူလူ ထုတစ်ရပ်မှ မိမိတို့ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ် နှင့် တွေ့ဆုံညှိနှိုင်းရေးလုပ်ဆောင်နေစဥ် ကာလဖြစ်သည့်အတွက်ကြောင့် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုပြီး SSPP/SSA တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းအဖြစ် အသုံးချကာ ယခုလို မိမိ တပ်စခန်းများ ၊ တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက်ခိုက်သတ်ဖြတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း တွေ့မြင်ရသည်။
SSPP ၏ ထုတ်ပြန်ချက် ပို့စ်အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအများအ ပြားက မှတ်ချက်များပေးထားခဲ့ရာ “ပြောတော့ မြောက်ပိုင်းမှာပဲ မဟာမိတ်တွေနဲ့ နေမှာဆို ဘာလို့ တောင်ပိုင်း ရောက်လာတာလဲ”၊ “ရှမ်းမြောက်ပိုင်းမှာ နေမယ်ဆိုပြီး ပထွေး TNLA၊ MNDAA က ရှမ်းမြို့တွေယူကုန်လို့ ရှမ်းတောင်ကို ရောက်လာတာမလား” စသည်ဖြင့် မှတ်ချက်များ ရေးသားထား သည်ကို တွေ့မြင်ရသည်။


Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေးတဲ့ မူဝါဒအပြောင်းအလဲကို အမေရိကန်အစိုးရ တရားဝင်အတည်ပြု
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
