ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း ရမည်းသင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေကျဆင်းခြင်းကြောင့် ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အလောင်း(၁၀)လောင်းတွေ့ရှိကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ယနေ့(စက်တင်ဘာလ ၁၂ ရက်)၊ နံနက်အစောပိုင်းတွင် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် ရေစီးနှင့်အတူမျောပါလာသော အလောင်း(၇)လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ အခုအချိန်ထိကို အလောင်း(၁၇)လောင်းတွေ့ထားပါတယ်။ သေဆုံးသူတွေက တောင်ကျရေတွေကြောင့် ရေစီးနဲ့မျောပါပြီး ရေနစ်ဆုံးတယ်လို့ ယူဆရပါတယ်။ အဲဒီမြင်းနားကျေးရွာဘက်တွေဆိုရင် အိမ်တွေကတောင်တွေလိုအနားမှာဆောက်ထားတော့ တောင်ကျရေတွေ ကျလာရင်းနဲ့ မျောပါလာတာမျိုးပါ။ သေဆုံးသူအများစုက သပြေပင်ကျေးရွာဘက်အများဆုံးလို့ ယူဆရပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ ကြားထားရတာ သေဆုံးတဲ့သူတွေရှိနေသေးတယ်”ဟု ရမည်းသင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NSS ကို ပြောသည်။
ထို့ပြင် ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၅၀၀၀၀)ကျော်ကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။
အလားတူ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု အများအပြားကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည့်အပြင် ပျောက်ဆုံးသူများလည်း ရှိနေသောကြောင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
လတ်တလောဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် သေဆုံးသူ(၂၅)ဦး ထက်မနည်းရှိကာ ပျောက်ဆုံးသူများလည်း အများအပြားရှိနေကြောင်း NSS သတင်းဌာနက ကနဦးရရှိထားသည့် အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးများသည့်အတွက် ဆင်ကဘုရားတစ်ခြမ်းပြိုကျပြီး ငှက်ပစ်တောင်ရှိ ဘုရားတစ်ဆူတွင် အောက်ခြေ ဖောင်းရစ်ပွင့်ထွက်
RELATED POSTS
02 Oct 2024 | အထွေထွေ,ပြည်တွင်း
01 Oct 2024 | အထွေထွေ,နိုင်ငံတကာ