တောင်ဒဂုံတွင် ရပ်ထားသော(၁၂)ဘီးယာဉ်ကို တက္ကစီက မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွား
ချယ်ရီ (NSS) - စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးပေါ်တွင် ရပ်ထားသော ၁၂ ဘီးကုန်တင်ယာဉ်ကို တက္ကစီ တစ်စီးက မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် တက္ကစီ မီးလောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)၊ ညပိုင်း ၉နာရီ ၁၅မိနစ်အချိန်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၄၁)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး PT Power ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“တက္ကစီကတော့ Probox ကားဖြစ်တဲ့အတွက်ကို ဘယ်ဘက်အခြမ်းက ဘက်ထရီအိုးကနေ စပြီးတော့မှ အဲဒီမှာမီးထလောင်တယ်။ မီးလောင်သွားတဲ့ကားက တက္ကစီကားပါဗျ။ ရပ်ထားတဲ့ကားက ၁၂ဘီးကုန်တင်ကားပါ။ ဆီထည့်ဖို့ရပ်ထားတဲ့ ကားလို့လည်း ကြားတယ်။ ကားက လမ်းဘေးချအိပ်တာလား၊ ဘာလားတော့ မသိဘူး။ အဲဒီကုန်တင်ကားကို တက္ကစီသမားက မျက်နှာချင်းဆိုင်ကနေ လာဝင်တိုက်တာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အခင်းဖြစ်ချိန်တွင် ယာဉ်တိုက်ရသည့် အကြောင်းအရင်းကို သိရခြင်းမရှိသေးကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ ယာဉ်တိုက်မှုတွင် အခင်းဖြစ် ယာဉ်နှစ်စီး၌ ထိခိုက်သူ မရှိခဲ့သော်လည်း တက္ကစီ၏ ကားရှေ့ပိုင်း၊ အတွင်းပိုင်း ကူရှင်များ အပါအဝင် နေရာအချို့၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကာလတန်ဖိုး ကျပ်သိန်း (၅၀)ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းတွေအနေနဲ့ သတိဝီရိယနဲ့ပဲ မောင်းစေချင်တယ်”ဟု ၎င်းက အကြံပြုပြောပြသည်။ အဆို ပါ ကားမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ
RELATED POSTS
03 Oct 2024 | မှုခင်း,ပြည်တွင်း