မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီး
သုတကျော်၊ သန့်ဇင် (NSS) - စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူခေတ် မင်းသားတစ်ပါး၏ဝတ်စုံ နှင့် အဆင်တန်ဆာ များကို မူလပုံစံနှင့် အနီးစပ်ဆုံးတူစေရန် ချုပ်လုပ်ဖန်တီးထားကြောင်း မြတ်တော်ဝင် ဗမာ့ဓလေ့ သိုရင်း၊ ထိုင်မသိမ်းဝတ်စုံဝန်ဆောင်မှုလုပ်ငန်းမှာ မြတ်သင်္ခငယ်က NSS သို့ ပြောသည်။
ကိုရီးယားနိုင်ငံ၌ကျင်းပမည့် အာရှမော်ဒယ်ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသား ပြိုင်ပွဲဝင်အတွက် အထက်ပါဝတ်စုံကို ဖန်တီးခဲ့ခြင်းဖြစ်ကာ အဆိုပါ ဝတ်စုံအတွက် တောင်ငူခေတ် ဝတ်စုံပုံစံများပါဝင်သော နံရံဆေးရေးပန်းချီများကို အသေးစိတ်လေ့လာကာ ချုပ်လုပ်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
“တောင်ငူခေတ်ကိုကျတော့ မြတ်တို့က ပထမဆုံးဦးဆုံးဖန်တီးလိုက်တာပေါ့။ ဖန်တီးလိုက်တော့ ယောက်ျားလေးဝတ်စုံကို အဲဒီနံရံဆေးရေးပန်းချီထဲကအတိုင်း ရင်ခွဲသိုရင်းပေါ့။ သိုရင်းအင်္ကျီဆိုရင်လည်း ပိုးသားရင်ခွဲသိုရင်းကို ဝတ်ရတယ်။ နောက်ပြီးတော့ တောင်ရှည်ဆိုရင်လည်းပဲ ချိတ်လှိုင်းကြီးတောင်ရှည်ပေါ့။ အခုကတော့ မြတ်တို့ကတော့ အလွယ်ရတဲ့ပိုးတောင်ရှည်တွေဆင်ပေးတာပေါ့။ တကယ့်အစစ်ဆိုရင်တော ဆေးရေးကိုရေးရမှာပေါ့လေ။ တောင်ရှည်ပေါ်မှာ ဆေးရေးတောင်ရှည်ပေါ့လေ။ ဒါပေမဲ့ ဒီဇိုင်းကတော့ ထပ်တူပါပဲ။ တကယ့်အစစ်ဆိုရင်တော့ ဆေးရေးရမယ်။ အခုက ပိုးလှိုင်းကြီးတွေဝယ်ပြီးတော့ တောင်ငူခေတ်ဟန်အတိုင်းချုပ်ပေးလိုက်တာပေါ့။ အဲဒါပြီး ဆံပင်ထုံးဖွဲ့မှုကကျတော့ တောင်ငူခေတ်ရဲ့ ဦးထိတ်ပေါ်မှာ ရစ်ပြီးတော့ ရှိတဲ့ဆံထုံးကို ထုံးပေးတာပါ” ဟု ၎င်းက ရှင်းပြသည်။
ဝတ်စုံကို ဖန်တီးရာတွင် နန်းဝတ်နန်းစားဝတ်စုံ နှင့် ပေါ့ပါးသော ဝတ်စုံနှစ်မျိုးဖြစ်ပြီး သားမြီးယပ်ကိုလည်း ထည့်သွင်းခဲ့ရာ စာမရီဟုခေါ်သော ဟိမဝန္တာ နွားလား၏အမွေးအစစ်ကို အသုံးပြုထားကြောင်းလည်း ၎င်းကဆိုသည်။
“သားမြီးယက်ဆိုတာက အဓိကက ရှေးဘုရင်တွေလက်ထက်တုန်းက မင်းမြောက်တံဆာ(၅)ပါးမှာကျတော့ သားမီးယက်ဆိုတာ ပါတယ်ပေါ့နော်။ အဲဒါကျ ဟိမဝန္တာနွားလားလို့ခေါ်တယ်။ ဟိုးကတော့ ဟိမဝန္တာနွားလားပေါ့နော်။ ဘုရင်တွေခေတ်ကကြတော့ စာမရီကောင်လို့ခေါ်တယ်။ အဲဒီ စာမရီကောင်ရဲ့ အမွေးကိုလုပ်ထားတာပါ။ အခုကမြတ်သုံးတဲ့ သားမီးယက်ကလည်း အဲဒီဟိမဝန္တာနွားလားပေါ့နော် သာမဒီကောင်ရဲ့အမွေးအစစ်ကို တိဘက်ကမှာယူပြီးတော့ သားမီးယက်လုပ်ပေးထားတာပါ။ သန်လျက်ကလည်း ဆောင်ဓားအရှည်ပေါ့နော်။ အဲဒီဆောင်ဓားတော် စီစဉ်ပေးထားတယ်။ နောက်ပြီး သားမီးယက်ကိုလည်း ဟိမဝန္တာ နွားလားအမွေးနဲ့ စီစဉ်ပေးထားပါတယ်။ ခြေနင်းတော်ကလည်း ပုံမှန်တွေ့နေကျခြေနင်းနဲ့မတူပါဘူး။ သီးသန့်ချုပ်ပေးရတာပါ။ ရှေးနန်းတွင်းပုံစံနဲ့တူအောင်ပေါ့။ ဦးကော့်ခြေနင်းလို့ ခေါ်တာပေါ့။ သူက အဖျားကော့နေတာပေါ့နော်။ ဦးကော့်ခြေနင်းလို့ခေါ်တယ်။ အဖျားကော့နေအောင်တမင်ဖန်တီးပြီးချုပ်ပေးရတာ။ အဲဒါက တောင်ငူခေတ်က ခြေနင်းတော်တွေပေါ့” ဟု ၎င်းက ရှင်းပြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွား လူမျိုးစုသူ ပုန်တို့က ဒရုန်းနှင့် ခေတ်မီမောင်းပြန်သေနတ်များအသုံးပြု
RELATED POSTS
26 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
20 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ