တပ်ကုန်းမြို့နယ်တစ်ခုတည်းပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄)ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တစ်ခုတည်းပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄)ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဒေသတွင်းရေဘေးကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ပရဟိတအသင်းများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ချောင်းရေများမြင့်တက်လာခြင်းကြောင့် ယမန်နေ့(စက်တင်ဘာ ၁၁ ရက်)မှစတင်ကာ နေပြည်တော်ကောင်စီ နယ် မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေချောင်းအနီးဝန်းကျင်မှ ရွာအများစုမှာ ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးသူများအပါအဝင် ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း သိရသည်။ ရေဘေးဖြစ်စဉ်နှင့်ပတ်သက်၍ ပိတ်မိသူများက လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာများထက်တွင် ပိုစ့်များတင်ကာ အကူအညီတောင်းခံခြင်းများလည်း ရှိခဲ့သည်။
“တပ်ကုန်းမြို့နယ်မှာ နေရာတော်တော်များများရေကြီးနေပါတယ်။ သေဆုံးသူတွေကလည်း အခုအချိန်ထိ (၄)ယောက်လောက်ရှိနေပါပြီ။ အဲဒီကြားထဲမှာ ပျောက်ဆုံးနေတဲ့လူတွေလည်းတော်တော်များတယ်”ဟု တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ဆောင် နေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ကျေးရွာများတွင် ပိတ်မိနေသူများစွာရှိပြီး ရေစီးသန်၍ ရေပြင်ကျယ်ဝန်းသောကြောင့် ကူညီကယ်ဆယ်ရာတွင် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
“သေဆုံးပျောက်ရှလည်းရှိတယ်။ ကျွန်တော်တို့နေရာဝန်းကျင်မှာပဲ မနေ့ကနဲ့ ဒီနေ့ သေဆုံးသူ(၂)လောင်းရှိတယ်။ ရေနစ်ပြီးတင်နေတဲ့ အလောင်းတွေပါ။ အခုက ညတုန်းက အမျိုးသမီးအလောင်းတစ်လောင်းရတယ်။ အခုမနက်မှာ အမျိုးသားအလောင်းတစ်လောင်း တွေ့ရတယ်။ သူတို့ကရေနစ်သေဆုံးပြီး လာတင်နေတာပေါ့။ ပိတ်မိနေတဲ့လူတွေလည်း အများကြီးဗျ။ ဆက်သွယ်လို့မရတာတွေလည်း အများကြီးပါ။ ရှေ့ဆက်တိုးလို့မရတာတွေပေါ့ဗျာ။ အခုအချိန်ထိ အကူအညီတောင်းနေတာတွေတော့ အများကြီးပါ။ ဆင်သေချာင်းနံဘေးကရွာတွေ။ ပေါက်တောတို့၊ ပေါက်ကုန်းတို့၊ အေးမြင်သာယာတို့ဘက်ကလည်း ခေါ်နေကြတာ။ တချို့ဆိုရင် မနေ့ကည ၃နာရီလောက်တည်းက သစ်ပင်ပေါ်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်လို့မရသေးတာတွေလည်း ရှိတယ်”ဟု အခြားပရဟိတအသင်းမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုဖြစ်ပွားသော ဒေသတွင်းကျေးရွာများမှ ကူညီကယ်ဆယ်ရရှိသူများကို ပရဟိတအသင်းများက ဘေးလွတ်ရာရေဘေးကယ်ဆယ်ရေးစခန်းများသို့ပို့ဆောင်ပေးထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာ နေရာယူစပြုလာသော ကြောင့် TNLA နှင့် တင်းမာစပြုလာသည့်အပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်လာ
RELATED POSTS
02 Oct 2024 | အထွေထွေ,ပြည်တွင်း
01 Oct 2024 | အထွေထွေ,နိုင်ငံတကာ