ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်အတွက် ဗဟိုဘဏ်မှအတိုးနှုန်းများ ပြင်ဆင်သတ်မှတ်
ယွန်း (NSS) - သြဂုတ် ၁၅
ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်အတွက် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ်(၁၄)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရေး အပါအဝင် ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်နှင့် ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ်ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အလားတူ နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်းနှင့် ယခုအတိုးနှုန်းပြင်ဆင်ချက်သည် လာမည့် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုထားသည်။
လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်သည့် ပြဿနာသည်လည်း အရှိန်အဟုန်ဖြင့် ဖြစ်လာသည့်အတွက် ပြည်သူများအနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာဉ်မောင်းများအိပ်ပျော်သွားခြင်းမှကာကွယ်ရန် လေဆာရောင်စုံအလင်း တန်းများ တရုတ်တို့စမ်းသပ်အသုံးပြုနေ
RELATED POSTS
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း